ဖိလစ်ပိုင်နိုင်ငံရဲ့ အသက်အကြီးဆုံး တက်တူးထိုးသမား အဖွားအို

19228553_982494948557127_2260019741139664896_n.jpg

တောင်လှေကားပုံစံ စိုက်ပျိုးထားတဲ့ စိမ်းလန်းသန်စွမ်းတဲ့စပါးခင်းတွေနဲ့ လျှောစောက် အဝေ့အဝိုက်ပုံစံ မြေမျက်နှာသွင်ပြင်တွေပတ်လည်ဝန်းရံထားတဲ့ တောင်ပေါ်ရွာလေးတစ်ရွာဖြစ်တဲ့ ဘတ်စကာလန် (Buscalan) ရွာကလေးမှာ အိမ်ခြေပေါင်း ၂၀၀ ခန့် မှီတင်းနေထိုင်ကြပါတယ်။

နှစ်တိုင်းနှစ်တိုင်းမှာ ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာဟာ ဒီရွာလေးကိုအလည်လာကြပါတယ်။ အကြောင်းရင်းကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ အသက်အကြီးဆုံး ရိုးရာတက်တူးထိုးပေးတဲ့ အဖွားအို ဝှမ်အာ့ဒ်အော့ဂေး (Whang Od Oggay) ကို တွေ့ဆုံဖို့ပဲ ဖြစ်ပါတယ်။ ဝှမ်အာ့ဒ်အော့ဂေးဟာ ကာလင်ဂ( Kalinga) အမျိုးအစား ရိုးရာ တက်တူးထိုးခြင်း (hand-tapped tattoo) ကို အသက် ၁၅ နှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင်သူမဟာ အသက် ၁၀၀ ဝန်းကျင်ရှိနေပါပြီ။

လူတွေ တက်တူးလာထိုးနေသမျှ ကာလပတ်လုံး ဆက်ပြီး အလုပ် လုပ်နေမှာပါလို့ သူမက CNN Travel ကို ပြောပါတယ်။ “ကျွန်မအမြင်တွေ ကောင်းနေသေးသရွေ့ တက်တူးဆက်ထိုးပေးဦးမှာပါ။ အမြင်တွေ မှုန်ဝါးလာရင်တော့ ချက်ချင်းရပ်ပစ်မှာပါ။”လို့ ဆိုပါတယ်။ ရိုးရာ တက်တူးထိုးခြင်းဆိုတာ စက်တွေမသုံးပဲ အပ် သို့မဟုတ် အချွန်တစ်ခုခုထဲ မှင်ဖြည့်ပြီး အသားထဲ အကြိမ်ပေါင်းများစွာ ထိုးစိုက်ခြင်းဖြင့် မှင်ကို စွဲထင်စေတာ ဖြစ်ပါတယ်။

စက်နဲ့ထိုးတဲ့တက်တူးထက် အဆပေါင်းများစွာ ပိုနာကျင်ပါတယ်။ ဒီဓလေ့ဟာ ဆန်မိုအာ (Samoa)၊ ဘော်နီယို (Borneo) နဲ့ ဖိလစ်ပိုင် (Philippines) လို ပစိဖိတ်ကျွန်းနိုင်ငံများမှာ ထင်ရှားတဲ့ဓလေ့ တစ်ခု ဖြစ်ပါတယ်။ ကာလင်ဂ ရိုးရာ တက်တူးထိုးခြင်းကို ဖိလစ်ပိုင်နိုင်ငံမှာ ဘာတက်ခ် (Batek) လို့လည်း သိကြပါတယ်။ ဘာတက်ခ် တက်တူးပုံစံတွေဟာ လူမျိုးစုစစ်သည်တော်တွေရဲ့ ရဲရင့်ခြင်းကို ကိုယ်စားပြုပါတယ်။

“တကယ်လို့ သူတို့ဟာ ရန်သူတစ်ယောက်ကို သတ်နိုင်ပြီဆိုရင် တက်တူးတစ်ခုရဖို့ ထိုက်တန်သွားပါပြီ။ ဘယ်စစ်သည်တော်က ရန်သူကို သတ်နိုင်သလဲဆိုတာ ဒါကိုကြည့်ပြီးလူတိုင်းက သိနိုင်ပါတယ်။” လို့ ဝှမ်အာ့ဒ်က ဆိုပါတယ်။ အမျိုးသမီးတွေအတွက်တော့ ဒါက အလှအပ အဆင်အယင်တစ်ခုအတွက်ပဲ ဖြစ်ပါတယ်။ “သူတို့က ပိုလှချင်လို့ တက်တူးထိုးကြတယ်။ ”လို့ဆိုပါတယ်။ သူမလက်မောင်းတွေနဲ့ ခြေထောက်တွေမှာလည်း တက်တူးပုံတွေချည်းပါပဲ။ အခုတော့ လူမျိုးစုစစ်သည်တော်တွေလည်း မရှိကြတော့ပါဘူး။ တက်တူးတွေကိုလည်း လူတိုင်းလိုလိုထိုးနေကြပါပြီ။ သူမက တစ်နေ့တက်တူးရှစ်ခုလောက် ထိုးပေးဖြစ်ပါတယ်။ သူမဆွဲပေးလိုက်တဲ့ လိုင်းတိုင်း အဝေ့အဝိုက်တိုင်းမှာ နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေပါတယ်လို့ ဆိုပါတယ်။

“ကမ္ဘာလှည့်ခရီးသည်တွေ ဒီကိုလာတာကြိုက်ပါတယ်။ နိုင်ငံခြားဝင်ငွေရတာပေါ့၊ သူတို့တွေ အမြဲလာနေပါစေလို့ ကျွန်မဆန္ဒပြုပါတယ်”လို့ သူမက ပြောပါတယ်။ တက်တူးထိုးပေးတဲ့နေရာမှာ သူမ အသုံးပြုတဲ့ပစ္စည်းတွေကတော့ ကျွဲကောပင်က ဆူးချွန်တစ်ချောင်း၊ ဝါးချောင်းအရှည် တစ်ခု၊ အိုးမည်းနဲ့ ရေတို့ပဲ ဖြစ်ပါတယ်။ မှင်ကိုတော့ သူမကိုယ်တိုင်စပ်ထားတဲ့ မှင်ကို အသုံးပြုပါတယ်။ “ကျွန်မနဲ့ရွယ်တူ တက်တူးထိုးပေးသူတွေကတော့ သေကုန်ကြပါပြီ။ ဒီ ရိုးရာပျောက်သွားမှာတော့ မကြောက်ပါဘူး။ ဘာလို့လဲဆိုတော့ အခု ဒီရိုးရာတက်တူးထိုးတာကို လက်ဆင့်ကမ်းသင်ပေးထားတဲ့သူတွေထဲမှာ လူတော်တွေအများကြီးပါတယ်။”လို့ သူမက ပြောပါတယ်။

အသက် ၁၀၀ အထိ အသက်ရှည်နေရခြင်း လျှို့ဝှက်ချက်ကဘာလဲလို့ သူမကိုမေးတော့ သူမက “ကျွန်မ စည်သွပ်ဘူးတွေ အဆီများတဲ့အစာတွေနဲ့ တာရှည်ခံအောင်လုပ်ထားတာတွေကို မစားပါဘူး။ သဘာဝ အသီးအရွက်တွေနဲ့ ပဲတွေကိုပဲ စားပါတယ်။”တဲ့။

Ref: CNN Travel : Meet Whang Od Oggay: The Philippines’ oldest tattoo artist

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top