တန်ခိုးမှာရွှေစည်းခုံ၊ အနုမှာအာနန္ဒာ၊ ထုမှာဓမ္မရံ၊ အမြင့်မှာသဗ္ဗညု

11825792_932500663459853_4369097630578752012_n.jpg

တန်ခိုးမှာရွှေစည်းခုံ။ ။ ဧရာဝတီမြစ်ကမ်းနဖူးရှိ သဲခုံပေါ်တွင် တည်ထားသဖြင့် ရွှေစည်းခုံစေတီဟု တွင်သည်။ အနော်ရထာမင်းမှ စတည်ထားပြီး ကျန်စစ်သားမင်းလက်ထက်တွင် စေတီအပြီးသတ်နိုင်သည်။ သီရိလင်္ကာမှ အနော်ရထာမင်းအား ဓမ္မလက်ဆောင်အဖြစ် ပေးပို့သော စွယ်တော်ပွားကို ဌာပနာထားသည်။ ကျန်စစ်သားမင်း၏ ရွှေစည်းခုံကျောက်စာသည် မင်းကောင်း၊ မင်းမြတ်တို့၏ သရုပ်ကိုပေါ်စေသည်။ အံ့ဖွယ်ကိုးပါး (အပြင်ကိုးပါး၊ အတွင်းကိုးပါး) နှင့် ပြည့်စုံသဖြင့် တန်ခိုးမှာရွှေစည်းခုံမှာ ပြောစမှတ်ပြုကြသည်။

အနုမှာအာနန္ဒာ။ ။ ကျန်စစ်သားမင်း၏ ကောင်းမှုတော်ဖြစ်ပြီး မြတ်စွာဘုရာ၏ အနန္တဂုဏ်တော်တို့ကို ရည်ညွှန်းပြီး အနန္ဒာဘုရားဟု ခေါ်တွင်ရာ ကာလကြာသော အာနန္ဒာဘုရားဟု ခေါ်ဝေါ်ကြသည်။ စေတီမှာ ဂူပုထိုးအမျိုးအစားဖြစ်ပြီး အချိုးအစားပြေပြစ်လှပသော အနုပညာလက်ရာများနှင့် ပြည့်စုံသဖြင့် အနုမှာအာနန္ဒာဟု ဆိုကြသည်။

ထုမှာဓမ္မရံ။ ။ နရသူမင်း၏ ကောင်းမှုတော်ဖြစ်ပြီး ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူပုံစံမျိုး ဖြစ်ပြီး ထုထည်ကြီးမားလှသည်။ တရားတော်၏ထွန်းပရာ ဟု အဓိပ္ပာယ်ရသည်။ နရသူမင်းသည် ဖခင်အလောင်းစည်သူမင်းအား လုပ်ကြံမိသည့်အတွက် နောင်တရခါ ထိုမကောင်းမှုကို လျော့စေရန်အကျိုးငှာ တည်ထားခဲ့ခြင်းဖြစ်သည်။ နရသူမင်းကိုယ်တိုင် ကြီးကြပ်စစ်ဆေးပြီး ပေါ့လျော့လျှင် အပြစ်ပေးသဖြင့် အင်မတန်စေ့စပ်သေချာအောင် တည်ဆောက်ခဲ့သဖြင့် ငလျင်ဒဏ်အကြိမ်ကြိမ် ခံရသော်လည်း ပျက်စီးမှုအနည်းဆုံး ဖြစ်ခဲ့သည်။ ထုထည်ကြီးမားလှသည့်အတွက် ထုမှာဓမ္မရံဟု ဆိုစမှတ်ပြုသည်။

အမြင့်မှာသဗ္ဗညု။ ။ အလောင်းစည်သူမင်း၏ ကောင်းမှုတော်ဖြစ်ပြီး ဖိနပ်တော်မှ ငှက်မြတ်နားတော်ထိ ၂၀၁ပေ မြင့်သည်။ ဘုရားရှင်၏ သဗ္ဗညုတဥာဏ်တော်ကို ရည်စူးပြီး သဗ္ဗညုဘုရားဟု ဘွဲ့အမည်တွင်သည်။ ပုဂံရှိဘုရားများအကြားတွင် ထီးထီးကြီး မြင့်မားစွာ တည်ရှိသဖြင့် အမြင့်မှာသဗ္ဗညုဟု ဆိုကြသည်။

Stacy Chan (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top