လူတိုင်းရောက်ဖူးချင်တဲ့ မိုးကုတ်

15.jpg

လူတိုင်းရောက်ဖူးချင်တဲ့မိုးကုတ်ကို ကိုယ်လည်းရောက်ဖူးချင်လို့ ကျောပိုးအိတ်တစ်လုံးဆွဲကာ ထွက်ခဲ့တယ်။ မြင့်မားတဲ့တောင်တန်းတွေကြားက မြို့လေးကိုမြင်ချင်စိတ်ရယ် သူ့ရဲ့အရမ်းနာမည်ကြီးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်တွေနဲ့ပေါ့။

ပတ္တမြားမြေလို့နာမည်ကြီးတဲ့မြို့ဟာ အခုနောက်ပိုင်းပတ္တမြားတွေထက် ရေခဲတာကြောင့် ပိုနာမည်ကြီးပါတယ်။ ဘာကြောင့်နာမည်ကြီးကြီး မိုးကုတ်ဟာလာရတာဝေးပေမဲ့ လည်ရတာတန်တဲ့မြို့တစ်မြို့ပါပဲ။ မြို့ကိုနှစ်ပိုင်းခွဲထားပီး တစ်ခုနဲ့တစ်ခုဟာလည်း ခုနှစ်မိုင်လောက်ကွာတယ်။ အရင်ကကြားဖူးတာက မြို့တွေနှစ်ပိုင်းခွဲထားတယ်ဆိုတာ အလယ်ကမြစ်တို့ချောင်းတို့ခံနေလို့နှစ်ပိုင်းဖြစ်သွားတာမျိုးပေါ့။ မိုးကုတ်ကကျတော့ အဲလိုမဟုတ်ပြန်ဘူး။ ကိုယ့်အတွက်တော့ မိုးကုတ်မှာ မြင်မြင်သမျှအရာတိုင်းဟာ အထူးအဆန်းတွေချည်းပဲ။ ကိုယ်လည်ခဲ့မြင်ခဲ့ရတဲ့မိုးကုတ်က ဒါတွေပါ။

မိုးကုတ်မှာတွေ့ရများတဲ့ ရေနံနီသုတ်အိမ်

တောင်ဇလပ်ပန်းအဖြူ

အရှေ့ပိုင်း

ချမ်းသာကြီးဘုရား

ဒီဘုရားပေါ်ကမြင်ရတဲ့ မိုးကုတ်မြို့မြင်ကွင်းကို အရမ်းကြိုက်လွန်းအားကြီးလို့နေ့တိုင်းကိုသွားကြည့်ခဲ့တာ။ အရမ်းမမြင့်တဲ့တောင်ပေါ်မှာမို့ မြို့ထဲကအိမ်လေးတွေကို နီးနီးကပ်ကပ်နဲ့မြင်ရတာပါ။ အပင်တွေသိပ်မရှိဘဲ ရေနံနီသုတ်ထားတဲ့အိမ်လေးတွေအထပ်ထပ်နဲ့ ပူးကပ်တည်ရှိနေတဲ့ တောင်ကြားချိုင့်ဝှမ်းမြို့ရဲ့အလှကို ချမ်းသာကြီးဘုရားပေါ်က အလှဆုံးမြင်ရမှာပါ။ ဒီဘုရားမှာလှူထားတဲ့ ကျောက်သံပတ္တမြားတွေဆိုတာ များလွန်းလို့ မိုးကုတ်ကလူတွေ အဲလောက်တောင်မှလှူနိုင်တန်းနိုင်ကြတာလားလို့ တွေးမိတယ်။

ပတ္တမြားစေတီ

ချမ်းသာကြီးဘုရားနောက်ခံနဲ့မိုးကုတ်အင်း

ပတ္တမြားစေတီပေါ်ကမြင်ရတာ

ပတ္တမြားစေတီပေါ်ကမြင်ရတဲ့မြင်ကွင်း

ပတ္တမြားစေတီပေါ်ကမြင်ရတဲ့မြင်ကွင်းကို တချို့တွေကတော့ ပိုလှတယ်ပြောကြတယ်။ သူကကျတော့လ မြို့မြင်ကွင်းကို ပိုပိုကျယ်ကျယ် မြင်ရတယ်ပြောရမလား။ မိုးကုတ်အင်းကြီးရဲ့အလှကို အပြည့်အဝမြင်ရတာမျိုးပါ။ တစ်မျိုးစီပါပဲလေ။

မိုးကုတ်အင်း

ချမ်းသာကြီးဘုရားနောက်ခံနဲ့မိုးကုတ်အင်း

ချမ်းသာကြီးဘုရားနောက်ခံနဲ့မြင်ရတဲ့ မိုးကုတ်အင်းရဲ့အလှဟာ ထူးခြားပါတယ်။ မိုးကုတ်နှစ် (၈၀၀)ပွဲတော်ကြီးကို အင်းဘေးကကွင်းမှာ ကျင်းပသွားခဲ့တာပါ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ဘော်ဘဒန်းလှိုဏ်ဂူ

မိုးကုတ်မြို့ဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ကျော်ကြားမှုကြောင့် လူတိုင်းမရောက်ဖူးသည့်တိုင် ရင်းနှီးကြမှာပါ။ မိုးကုတ်ရောက်တုန်း ဆရာတော်ဘုရားကြီးရဲ့ဂူကတော့ မသွားမဖြစ်သွားကြရမှာပါ။ မိုးကုတ်အရှေပိုင်းအဝင် မင်းတံတား king bridge hotel ရှေ့နားမှာ ဘယ်ဘက်ချိုးတဲ့လမ်းရှိပါတယ်။ အဲလမ်းကနေဝင်သွားရင် တောက်လျှောက်ပါပဲ။ ပါးစပ်ပါရွာရောက်တယ်ဆိုသလိုပဲ မေးမြန်းပီးသွားရင် ဘော်ဘဒန်းရွာရောက်သွားပါလိမ့်မယ်။

မိုးမိတ်အထွက်လမ်းက မိုးကုတ်မြို့အဝင်ဆိုင်းဘုတ်

မိုးကုတ်မှာ မြို့အဝင်ဆိုင်းဘုတ် သုံးခုရှိပါတယ်။ အဲအထဲက မိုးမိတ်ကိုထွက်တဲ့လမ်းကမြို့အဝင်ဆိုင်းဘုတ်က ဓာတ်ပုံရိုက်လို့အလှဆုံးပါပဲ။ တော်တော်များများလည်း အဲမှာဓာတ်ပုံရိုက်ကြတာများပါတယ်။ သူ့ဆီကနေလည်း မြို့အလှကိုကြည့်လို့ရတယ်။ အပြည့်မမြင်ရပေမဲ့ တောင်တန်းတွေနဲ့ အိမ်တွေကြိုးတိုးကြဲတဲနဲ့ချိုင့်ဝှမ်းမြို့ရဲ့အလှကို တစွန်းတစတော့ခံစားရမှာပါ။

အာဒံဧဝ ပန်းခြံ

(၇) မိုင်ပန်းခြံလို့ နာမည်ကြီးပါတယ်။ မိုးကုတ်ကနေ မိုးမိတ်သွားတဲ့လမ်းပေါ်မှာရှိတာပါ။ မိုးမိတ်ထွက်တဲ့လမ်းဆိုင်းဘုတ်ကနေ တည့်တည့် (၇) မိုင်လောက်သွားရင်ရောက်ပါတယ်။ ရေကူးကန်နဲ့ လက်ဖက်ခြံလေးနဲ့ လင့်စင်လေးနဲ့ အတော်သာယာပါတယ်။ အရမ်းကြီး လူစည်ကားနေတာမျိုးတော့ မဟုတ်ပါဘူး။

ပိန်းပြစ်ရွာ

လီဆူပိန်းပြစ်ရွာရဲ့ ဘုရားကျောင်းကုန်းကနေရိုက်ထားတာ

အာဒံဧဝပန်းခြံကနေဆက်သွားရင် တောင်နှစ်ကွေ့သုံးကွေ့လောက်ကျော်တာနဲ့ ပိန်းပြစ်ရောက်ပါတယ်။ ပိန်းပြစ်မှာ သုံးပိုင်းရှိပါတယ်။လီဆူ ပလောင်နှင့်ဂေါ်ရခါးတွေနေကြတာဆိုတော့ သူ့လူမျိုးအလိုက် သူ့အပိုင်းလိုက်နေကြတာမျိုးပါ။ လီဆူတွေနေတဲ့နေရာမှာဆိုရင် ဘုရားကျောင်းကုန်းကနေ မြင်ရတဲ့မြင်ကွင်းက အရမ်းသာယာပါတယ်။

ဂေါ်ရခါးလူမျိုးတွေရဲ့ မြေကြီးအိမ်

အဲလိုမြေကြီးအိမ်တွေ ပိန်းပြစ်မှာ အတော်များများကျန်ပါသေးတယ် (အိမ်ပိုင်ရှင်အစ်မကြီးရိုက်ပေးတာ snap မိသွားတယ်)

ကိုယ်အဓိကပိန်းပြစ်သွားဖြစ်တာက ဂေါ်ရခါးလူမျိုးတွေရဲ့ မြေကြီးအိမ်မြင်ချင်လို့ပါ။ အဲလိုမြေကြီးအိမ်တွေ ပိန်းပြစ်မှာ အတော်များများကျန်ပါသေးတယ်။

သွားလည်ခဲ့တဲ့မြေကြီးအိမ်လေးတစ်ခု တောင်စောင်းလေးပေါ်တက်သွားရတာ

ဂေါ်ရခါးတွလူမျိုးတွေနေတဲ့နေရာရောက်တော့ လူစည်တဲ့ဆိုင်တစ်ဆိုင်မှာ မြေကြီးအိမ်တွေလေ့လာချင်လို့ ဘယ်နေရာမှာသွားကြည့်ရင် အဆင်ပြေနိုင်မလဲလို့မေးတော့ သူတို့ညွှန်ပြပါတယ်။ အရမ်းသဘောကောင်းကျတယ်။

ကင်းချောင်းရေတံခွန်

ကင်းချောင်းရေတံခွန်မှာ

မိုးကုတ်မြို့ခံတွေအလာများတဲ့ အပန်းဖြေနေရာတစ်ခုပါ။ ရေတံခွန်ကနွေရာသီဆိုတော့ ရေကျတာသိပ်မများပေမဲ့လည်း ရေကူးဖို့ဘောင်တွေခတ်ထားတာဆိုတော့ ရေကူးဖို့အရမ်းအဆင်ပြေမယ့်နေရာပါ။ ကိုယ်တော့မကူးခဲ့ဘူး။ ဓာတ်ပုံပဲရိုက်ခဲ့တယ်။ ကင်းချောင်းဘက်ကိုသွားချင်ရင် တောင်ကချင်ရပ်ကွက် မိုးကုတ်ထောင်နားကနေ မိုးကုတ်-ပြင်ဦးလွင်လမ်းအတိုင်းသွားရတာပါ။ မြို့အဝင်ဆိုင်းဘုတ်ကျော်ပါတယ်။ လမ်းပေါ်မှာတင် ကင်းချောင်းဆိုင်းဘုတ်အကြီးကြီးတပ်ထားတာဆိုတော့ လမ်းမှားနိုင်စရာအကြောင်းမရှိပါဘူး။

ဖောင်တော်ဦးဘုရား

နောက်ထပ်လည်စရာတွေက ဖောင်တော်ဦးမြတ်စွာဘုရား၊ လယ်ဦးသဘာဝလှိုင်ဂူ၊ ထာပွဲ၊ ဘုရားတစ်ထောင်တရုတ်ဘုံကျောင်း၊ အံ့ဖွယ်တောင်၊ တောင်မင်းတောင် အစရှိသဖြင့်အများကြီးကျန်သေးတာပေါ့လေ။

အနောက်ပိုင်း (ကျပ်ပြင်)

နာမည်ကြီးနေရာတော်တော်များများက ကျပ်ပြင်မှာရှိတာပါ။ သူက အရှေ့ပိုင်းထက်လည်း ရာသီဥတု ပိုအေးတယ်။

ဒေါ်နန်းကြည်တောင်

ဒေါ်နန်းကြည်တောင်အဆင်း

မိုးကုတ်မှာနာမည်အကြီးဆုံးနေရာပါ။ ဒေါ်နန်းကြည်တောင်ကနေကြည့်ရင် ဘာလို့မိုးကုတ်ကိုဒယ်အိုးမြို့လို့ခေါ်လဲ သဘောပေါက်ပါလိမ့်မယ်။ တောင်ပေါ်အထိ ကားလမ်းပေါက်တယ်။ တောင်တစ်ဝက်လောက်မှာ ကျပ်ပြင်ရဲ့အလှက်ုကြည့်ရင်းစားလို့ရတဲ့ စားသောက်ဆိုင်လေးတွေလည်းရှိတယ်။ ဒေါ်နန်းကြည်တောင်နဲ့ကျပ်ပြင်မှာရှိတဲ့ နောက်တောင်တစ်တောင်ဖြစ်တဲ့ ပင့်ကူတောင်ကိုကျတော့ တစ်ရက်တည်းအတူမတက်ရဘူးလို့လည်း ပြောကြတယ်။

ကျပ်ပြင်ရဲ့အလှကို ဒေါ်နန်းကြည်တောင်ကမြင်ရတာ

ကျောက်ပြာသာဒ်ဘုရား

ကျောက်တောင်တွေ အမွှာမွှာဖြစ်နေတဲ့အပေါ်မှာ ဘုရားတည်ထားပါ။ ရုတ်တရက်ကြည့်လိုက်ရင် တောင်ကွဲစေတီနဲ့ဆင်တယ်။ အနောက်ပိုင်းအဝင်ဆိုင်းဘုတ်နားမှာ ကျောက်ပြာသာဒ်ရွာသွားတဲ့ လမ်းခွဲလေးရှိပါတယ်။

ရွှေလိပ်ပြာဟိုတယ်

ရွှေလိပ်ပြာဟိုတယ်မှာ ရှုခင်းလေးကြည့်ပြီးကော်ဖီသောက်

အရှေ့ပိုင်းနဲ့အနောက်ပိုင်းကြားမှာ လိပ်ပြာပုံကြီးတစ်ခုတွေ့လိမ့်မယ်။ အဲဒါရွှေလိပ်ပြာဟိုတယ်ပါပဲ။ သူ့ဆီမှာကော်ဖီသောက်ရင်း ရှုခင်းသွားကြည့်လို့ရတယ်။ ဟိုတယ်ဝန်းထဲဝင်ဖို့ကျတော့ ဝင်ကြေး (၁၀၀၀) ပေးရပါတယ်။ ဝန်းထဲမှာလည်း ဓာတ်ပုံရိုက်လို့ကောင်းတယ်။

နောက်ထပ်လည်စရာတွေကတော့ ကျောက်လက်ညှိုးတောင်၊ ပင့်ကူတောင် တို့ကျန်ပါသေးတယ်။ ကိုယ်မရောက်ဖြစ်လိုက်ဘူး။ နောက်တစ်ခုက မိုးကုတ်ကိုအဓိကအားဖြင့် ရေတွေခဲနေတာမြင်ချင်လို့ လာကြတာများတယ်။ ရေခဲတာကတော့ ဒီနေ့ခဲရင် မနက်ဖြန်မခဲပြန်ဘူး။ အဲလိုပုံမှန်မရှိကြတော့ ဒါကြီးကို စိတ်နှစ်ပြီးမသွားစေချင်ဘူး။ ထီထိုးသလိုပဲ ကိုယ့်ကံနဲ့ပဲဆိုင်ပါတယ်။

မိုးကုတ်ကိုဘယ်လိုလာရမလဲ

ခုနောက်ပိုင်း Highclass က ရန်ကုန်-မိုးကုတ်တိုက်ရိုက်ကားတွေပြေးဆွဲပေးပါတယ်။ တနင်္လာ ဗုဒ္ဓဟူး သောကြာ ဆိုပြီး တစ်ပတ်မှာသုံးရက်ထွက်ပါတယ်။ ဈေးကတော့သုံးသောင်းဝန်းကျင်လောက်ပါပဲ။ အဲတော့မန်းလေးကနေပြီး ကားငယ်လေးတွေတစ်ဆင့်ပြန်စီးတာနဲ့ ဈေးကမကွာပါဘူး။

တည်းမယ့်နေရာတွေ

မိုးကုတ်မှာက Resort ကနေ Guest House ေလးတွေအထိရှိပါတယ်။ ကိုယ်တွေလို Budget သမားတွေကတော့
စခန်းသာ Guest House 09444676067၊ ယမင်း Guest House ပေါ့ 09257071701။ မြို့ထဲညဈေးနဲ့ နီးနီးနားနားဆိုရင်တော့ စခန်းသာမှာတည်းလို့ရတယ်။ ကိုယ့်တုန်းကျတော့ မိုးကုတ်မြို့အနေအထားက ဘယ်လိုရှိမှန်းမသိတော့ ဈေးအသက်သာဆုံး ယမင်း guesthouse ကိုရွေးလိုက်တယ်။ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းရဲ့အလယ်လောက်မှာ ကျသွားတာပေါ့။ သူက အရှေ့ပိုင်းအဝင်မှာဆိုတော့လေ၊ မဆိုးပါဘူး။ မြို့ထဲလာရတာဝေးပေမဲ့လည်း အနောက်ပိုင်းသွားတဲ့အခါ နီးသွားတာပေါ့။

ပုံမှန်ဟိုတယ်တည်းချင်ရင်တော့ Mogok Hill Hotel – 09777222205 အသစ်ဖွင့်တာမကြာသေးတဲ့ Mount Mogok Hotel – 09402201300 ရွှေလိပ်ပြာဟိုတယ်တို့မှာတည်းလို့ရပါတယ်။ Mogok Hill ကတော့ မြို့ထဲညဈေးနဲ့လည်းနီးတယ်။ ဘုရားတွေနဲ့လည်းနီးတယ်။
Mount Mogok ကတော့ အသစ်ဆိုတော့ သွားရလာရတာ ဘယ်လိုရှိမယ်မှန်းတော့မသိသေးဘူး။ သွားတည်းဖူးတဲ့ ညီမလေးတစ်ယောက်ကတော့ အရမ်းအဆင်ပြေတယ်ပြောတယ်။ ရွှေလိပ်ပြာကတော့ မိသားစုလိုက် အေးအေးဆေးဆေး တောထဲတောင်ထဲ ရှုခင်းလေးကြည့်ရင်းတည်းချင်ရင်တော့ ညွှန်းပါတယ်။ သွားလာစားသောက်ချင်တဲ့သူတွေအတွက်ကျတော့ အဆင်မပြေဘူး။ မြို့ထဲနဲ့အဝေးကြီးပါ။ ရေကူးကန်တွေနဲ့ အဆင့်မြင့်မြင့်နေချင်ရင်တော့ King Bridge Hotel ရှိပါတယ်။ အရှေ့ပိုင်းအဝင်နားလေးမှာပဲ။ သူ့ဆီမှာက မိုးတွင်းဆိုရင်ဈေးတွေချတတ်ပါတယ်။

စားသောက်ဆိုင်တွေ

မိုးကုတ်ဒေါ်ရှန်

ဒေါ်ရှန်ဆိုင်မှာရတဲ့မိုးကုတ်အစားအသောက် menu

မိုးကုတ်မှာ မိုးကုတ်ဒေါ်ရှန်ကတော့နာမည်ကြီးပါပဲ။ သူ့ဆီမှာက မိုးကုတ်အစားအသောက်တွေ အကုန်ရတယ်။ ရန်ကုန် မန္တလေးကဆိုင်တွေထက် မိုးကုတ်ဆိုင်ကလက်ရာက ပိုကောင်းသလိုပဲ။

ရွှေခေတ်အအေးဆိုင်

ရွှေခေတ်မှာ ရေခဲမုန့်ကြော်စားသည်ပေါ့

မိုးကုတ်အင်းမြင်ကွင်းကိုထိုင်ကြည့်ပြီးစားရသောက်ရမယ့်ဆိုင်ပါပဲ။ အပိုမပြောဘူး။ သူ့ဆီကမြင်ရတဲ့ မိုးကုတ်အင်းမြင်ကွင်းက တော်တော်လှတယ်။ မိုးကုတ်အင်းရဲ့အရှေ့မှာပဲရှိတာပါ။ သူ့ဆီကရေခဲမုန့်ကြော်က အရမ်းနာမည်ကြီးတယ်။

မိုးကုတ်ညဈေးတန်း

မိုးကုတ်ရဲ့နာမည်ကြီးအစားအသောက်တွေအကုန်ရတယ်လို့ပြောရမလား။ ညဈေးတန်းက အခြားဒေသတွေရဲ့ညဈေးတန်းတွေလို အရှည်ကြီးတော့မဟုတ်ဘူး၊ ဒါပေမဲ့ တော်တော်စုံစုံလင်လင်ရပါတယ်။

လမ်းဘေးတို့ဟူးနွေးဆိုင်လေးတွေ

လမ်းဘေးတို့ဟူးနွေးဆိုင်လေး

မိုးကုတ်မှာက ဘယ်ဆိုင်စားစားအကုန်စားကောင်းတယ်။ ကိုယ်တော့ ဗိုက်ဆာတဲ့အခါ အဆင်ပြေတဲ့ဆိုင်ဝင်စားလိုက်တာပဲ။ အကုန်လုံးစားလို့ကောင်းသား။

အဲဒါကိုယ်စားခဲ့တာအကုန်ပဲ။ တနေ့နေ့တို့ဟူးနွေးစားလိုက် ဂျုံခေါက်ဆွဲစားလိုက်နဲ့ မရိုးနိုင်အောင်ကိုဖြစ်နေတာမို့ မစားခဲ့တဲ့ဆိုင်တွေတော့ မညွှန်းတော့ဘူး။ နောက်ကောင်းတဲ့ဆိုင်တွေ အများကြီးရှိအုန်းမှာပါလေ။

ဘာနဲ့လည်ကြမလဲ

ကိုယ်တော့ ဆိုင်ကယ်နဲ့ပဲလျှောက်သွားခဲ့တယ်။ တစ်ရက်ကို (၈၀၀၀) ပေးရတယ်။ တည်းတဲ့ဆီကပဲငှားပြီး လမ်းမေးပြီးလျှောက်သွားတာပဲ။ အကုန်လုံးက ပြောပြမယ်ဆိုတာချည်းပဲ။ သဘောကောင်းချက်လက်လန်တယ်မိုးကုတ်ရယ် ဆိုသလိုပဲ။ ကားနဲ့လည်ဖို့ကျတော့ တည်းတဲ့နေရာမှာပဲမေးရင် ပိုအဆင်ပြေမယ်ထင်တယ်။ မိုးကုတ်မှာက ကားငှားရတာ နည်းနည်းခက်တယ်။

ကိုယ်မိုးကုတ်မြို့ခံ tour နှစ်ခုတွေ့ထားတာရှိတယ်။ Mogok Ikan Travel ရယ်၊ Mogok Trekရယ်။ တကယ်လို့ ကိုယ့်ဟာကိုယ်တော့ မိုးကုတ်အရောက်သွားတတ်တယ်။ ဒါပေမဲ့ ဟိုရောက်ရင် လမ်းကမသိ သွားရလာရတာအဆင်မပြေလို့ မြို့ခံ tour လေးနဲ့ဆက်သွယ်ချင်ရင်တော့ Mogok Ikan Travel နဲ့သွားလည်းရတယ်။ tourဆိုပေမဲ့ ကိုယ်တိုင်လျှောက်သွားရသလို မြို့အနှံ့လျှောက်သွား လျှောက်စားရမှာတဲ့နော်။

Mogok Trek ကျတော့ Adventure ကြိုက်တဲ့ ကိုယ်လိုလူတွေအတွက်ပေါ့။ ဆောင်းတွင်းမိုးကုတ်ကတောင်တွေ Mogok Trek ကို Join ပြီးသွားတက်ဦးမယ်လို့စဉ်းစားထားတယ်။ ဒီလောက်ဆိုရင်တော့ မိုးကုတ်တစ်ခွင်ပြဲပြဲစင်ဖို့ လုံလောက်ပါပြီနော်။

(ဒီဆောင်းပါးက ရိုးရာလေးရဲ့ မိတ်ဖက် Zen’s Memories Facebook Page မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်)

Ref: Zen’s Memories
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top