ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတို့အတွက် သက်သက်သာသာ ခရီးသွားနည်း

36929688_204123927104805_9005955930428276736_n.jpg

ကိုယ်ဝန်ဆောင်ထားရတယ်ဆိုတာ ဆိုးဆိုးရွားရွားရောဂါကြီးတစ်ခုကို ခံစားနေရတာမဟုတ်ပါဘူးနော်။ ဒါကိုတော့ ရှင်းရှင်းလင်းလင်းသိထားဖို့ လိုပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဟိုဟာမလုပ်ရဘူး။ ဒီဟာမလုပ်ရဘူးဆိုပြီး အလွန်အကျွံတားမြစ်တာမျိုးတွေကို အတိတ်မှာထားခဲ့လိုက်ပါတော့။ ဘာကျန်းမာရေးပြဿနာမျိုးမှမရှိဘဲနဲ့ ကိုယ်ဝန်ဆောင်ချိန်ဆို နီးနီး၊ ဝေးဝေးဘယ်မှမသွားရဘူးဆိုပြီး တားမြစ်ခံရတာမျိုးတွေက ရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေဆိုတာလည်း အနားယူ၊ အပန်းဖြေဖို့လိုပါတယ်။ ခရီးသွားနေချိန်အတွင်း ကိုယ့်ကိုယ်ကိုယ် နည်းနည်း ပိုဂရုစိုက်ပေးလိုက်ရင် ရပါပြီ။

အောက်မှာဖော်ပြပေးထားတဲ့ အချက်လေးတွေကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် လုံလုံခြုံခြုံနဲ့ ဘေးမသီ ရန်မခ ခရီးသွားနိုင်မယ့်နည်းလမ်းလေးတွေပါ။

၁။ နေရာမှန်ရွေးချယ်တတ်ပါစေ

ဒါကပထမဆုံးနဲ့ အရင်ဆုံးပြုလုပ်ရမယ့်အရာပါ။ ခရီးစဉ်တစ်လျှောက်လုံး ထိုင်သွားရမယ့်နေရာကို သေချာရွေးချယ်တတ်ဖို့လိုပါတယ်။ ကိုယ့်အတွက်ရော၊ ကိုယ့်အမျိုးသားအတွက်ရော အဆင်ပြေမယ့်နေရာမျိုးကို ဂရုတစိုက်ရွေးချယ်ထားပါ။

၂။ အချိန်မှန်

နေရာမှန်ရွေးချယ်ပြီးသွားတဲ့အခါ မှန်ကန်တဲ့အချိန်ကာလမှာ ခရီးထွက်တတ်ဖို့လည်း လိုပါသေးတယ်။ နားလည်အောင်ပြောရမယ်ဆိုရင်တော့ ပုံမှန်ကိုယ်ဝန်တောင်ချိန် (၁၄-၂၈) ပတ်ကြားမှာ ခရီးထွက်တာက အကောင်းဆုံးပါ။ လနဲ့တွက်မယ်ဆိုရင်တော့ (၃) လကနေ (၆) လလောက်ကြားပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ပြနေကျဆရာဝန်နဲ့တိုင်ပင်ပြီးသွားတာက အကောင်းဆုံးပါ။

၃။ ဘာနဲ့သွားမှာလဲ

ဒါကတော့ရှင်းပါတယ်။ ကိုယ်သွားမယ့်နေရာပေါ်မူတည်ပြီး ဘယ်လိုယာဉ်မျိုးနဲ့သွားတာက ကိုယ့်အတွက်အဆင်ပြေဆုံးဖြစ်မလဲဆိုတာကို ဆုံးဖြတ်တတ်ဖို့လိုပါတယ်။

ကုန်းလမ်းကနေ ကားနဲ့သွားမယ်ဆို အဆာပြေစားဖို့ မုန့်လေးတွေယူသွားပါ။ ဗိုက်ဆာတိုင်း ဗိုက်ကြီးတကားကားနဲ့ မုန့်ဆိုင်လိုက်ရှာနေရတယ်ဆို အဆင်မပြေဘူးလေ။ ကိုယ်ဝန်ဆောင်သည်တွေဆိုတာကလည်း ခဏခဏဆာတတ်တယ် မဟုတ်လား။ အညောင်းပြေအညာပြေလမ်းလျှောက်သင့်တယ်ဆိုပေမဲ့လည်း အမြဲတမ်းတော့အဆင်မပြေဘူးလေနော်။

ခရီးရှည်ဖြစ်ပြီး မီးရထားနဲ့သွားမယ်ဆိုရင်တော့ AC ပါတဲ့အတွဲမှာ စီးတာပိုကောင်းပါတယ်။ ခရီးရှည်ဆိုတော့ အဲဒီလိုမျိုးမှ သက်တောင့်သက်သာဖြစ်မှာပါ။

ကိုယ်ဝန်ဆောင်သည်တွေအတွက် လေယာဉ်နဲ့ခရီးသွားတာကတော့ အကောင်းဆုံးပါ။ အချိန်ကုန်သက်သာသလို၊ တခြားယာဉ်လိုင်းတွေထက်လည်းပိုပြီး သက်တောင့်သက်သာရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မသွားခင် ဆရာဝန်နဲ့တိုင်ပင်ဖို့တော့ လုံးဝမမေ့ပါနဲ့။

၄။ ခရီးသွားအာမခံ

အကယ်၍များ ခရီးသွားရင်း တစ်ခုခုအရေးပေါ်အခြေအနေတွေပေါ်လာတဲ့အခါဆို ခရီးသွားအာမခံလုပ်ထားတာက ကောင်းပါတယ်။ လမ်းခရီးမှာ ဘာဖြစ်နိုင်လဲဆိုတာက ဘယ်သူမှမသိနိုင်ဘူးလေ။

၅။ ဆေးဝါးအပြည့်အစုံယူသွားပါ

ဗီတာမင်ရော၊ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေကိုရော လုံးဝ မမေ့မလျော့ ယူဆောင်သွားပါ။ အရေးကြီးဆုံးမို့ လုံးဝမမေ့ပါနဲ့နော်။

၆။ သက်တောင့်သက်သာဖြစ်တဲ့ အဝတ်တွကိုပဲ ဝတ်ဆင်ပါ

အပူချိန်နဲ့ ရာသီဥတုအပြောင်းအလဲတွေဖြစ်လာတဲ့အခါတိုင်း လိုက်လျောညီထွေဖြစ်အောင်နေထိုင်နိုင်ဖို့ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေကိုပဲ သယ်သွားပါ။

 

Ref: newsrepublic “travelling tips for pregnant women!!!”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top