ပဲရစ် (paris) ကို အတူတူသွားမယ့် စုံတွဲတွေအတွက်

46427477_301100954073768_5410797664902053888_n.jpg

ဒီတစ်ခေါက်ဖော်ပြပေးမယ့် ခရီးသွားဆောင်းပါးလေးကတော့ ယခုနှစ်မင်္ဂလာရာသီအတွင်း မိမိတို့ရဲ့ပျားရည်ဆမ်းခရီးကို ပဲရစ်မှာမှ အသားကုန်ရိုမယ်လို့စိတ်ကူးထားတဲ့ စုံတွဲလေးတွေအတွက်ပါ။ အဲ … ရိုးရိုးချစ်သူရည်စားစုံတွဲလေးတွေလည်း လေ့လာထားလို့ရပါတယ်။

အခါအခွင့်သင့်လို့သွားဖြစ်မယ်ဆို အထောက်အကူဖြစ်နိုင်ပါတယ်။ ပဲရစ်ရဲ့ဘယ်လိုနေရာတွေမှာ ဘယ်လိုပုံစံမျိုးတွေနဲ့ အချစ်အက္ခရာထွင်းနိုင်မလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ အီဖယ် (Eiffel) မျှော်စင်ဆီ ညဘက် လမ်းလျှောက်ထွက်ပါ

ဟုတ်ပါတယ်။ ညဘက်မှလမ်းလျှောက်ထွက်ပါ။ ပြီးရင်တော့ အီဖယ်တာဝါကြီးကို နောက်ခံထားပြီး ကြည့်ခဲ့ဖူးသမျှ ရုပ်ရှင်ဇာတ်ကားတွေရဲ့ ဇာတ်ဝင်ခန်းတွေအတိုင်း ရိုပစ်လိုက်ကြပါ။ ညနက်လာလေလေ မင်ပြာရောင်ကောင်းကင်ကြီးရဲ့အောက်က အီဖယ်တာဝါကြီးက ရွှေဝါရောင်တလက်လက်တောက်ပလာလေပါ။ အဲဒီညရဲ့ ညစာကိုတော့ ဆိုင်ကြီးတွေမှာတက်စားမယ့်အစား အသားညှပ်ပေါင်မုန့်လေးနှစ်လုံး၊ ကိုလာလေးနှစ်ဘူးလောက်ကိုင်ပြီး တာဝါကြီးဘေး နှစ်ယောက်ထိုင်အချိန်ဖြုန်းပစ်လိုက်ကြပါ။ မမေ့ပါနဲ့။ ညဘက်ပဲသွားပါ။

၂။ အေးအေးဆေးဆေးနဲ့အနားယူလို့ကောင်းတဲ့ လုဗ် ပြတိုက် (The Louvre Museum)

လုဗ်မှမပါရင် သင် ပဲရစ်သွားလည်ခဲ့တယ်ဆိုတဲ့ အမှတ်တရကြီးကလည်း မပြည့်စုံတော့ပါဘူး။ လုဗ်ဆိုတာ ကမ္ဘာ့အကြီးဆုံးပြတိုက်ဖြစ်ပြီး လုဗ်ရဲ့စင်္ကြန်တိုင်းမှာလည်း အတိတ်ကာလက အမှတ်ရဖွယ်တွေကို တွေ့မြင်နိုင်ပါတယ်။ မျက်နှာကျက်နဲ့ခေါင်မိုးကိုတော့ မှန်ချပ်ကြီးတွေရယ်၊ ခမ်းနားတဲ့ ဗိသုကာလက်ရာတွေရယ်နဲ့ ပုံဖော်တည်ဆောက်ထားပါတယ်။ ဒီအရာတွေကပဲ လုဗ်ကို ခမ်းနားလှပပြီးလည်ပတ်ချစ်စရာကောင်းတဲ့နေရာတစ်ခုအဖြစ် ဖန်တီးပေးခဲ့ခြင်းဖြစ်ပါတယ်။

၃။ Cafe ginger မှာစားတဲ့ သက်သက်လွတ်နေ့လည်စာ (A vegan lunch)

Cafe ginger ဆိုတာကတော့ ဆိုင်နာမည်ပေါ့နော်။ vegan lunch ဆိုတာကို ဆီလျော်အောင်ဘာသာပြန်ရမယ်ဆိုရင်တော့ သားသတ်လွတ်ပစ္စည်းတွေချည်းသုံးထားတဲ့အစားအသောက်ဖြစ်ပြီး တိရစ္ဆာန်ထွက်ပစ္စည်းတွေအားလုံးကိုလည်း ရှောင်ပြီးချက်ပြုတ်ထားခြင်း ဖြစ်ပါတယ်။ ဒီ ginger cafe ဆိုတဲ့ဆိုင်လေးမှာတော့ ဓာတုပစ္စည်းလုံးဝမပါဝင်တဲ့ အစားအစာတွေရပြီး တိရစ္ဆာန်ကရတဲ့အရာတွေလည်း မပါဝင်ပါဘူး။ အရသာလည်းရှိပါတယ်။

စာရေးသူတို့စုံတွဲသွားတုန်းကတော့ အဲဒီဆိုင်ကမုန့်လေးတွေကို မှာစားကြည့်ကြပါတယ်။ တိုဟူးတွေ၊ ဂျင်းတွေ၊ ဂေါ်ဖီနဲ့လုပ်ထားတဲ့မုန့်တွေ … စုံလို့ပါပဲ။ ပြန့်ကျဲနေတဲ့ပန်းကန်ပြားပေါ်မှာ သက်သက်လွတ်စာတွေနဲ့ပြည့်လျှံနေပါတယ်။ ဘာတွေပါလဲဆိုရင်တော့ အနီရောင်ဂေါ်ဖီထုပ်နဲ့ ရွှေဖရုံစေ့၊ ပဲပင်ပေါက်၊ ဆန်ညို၊ အစေ့မပါတဲ့စပျစ်သီးခြောက်၊ မုန်လာဥဝါနဲ့ အကြွပ်ကြော်တွေပါပါတယ်။ တကယ်အရသာရှိပြီး အရမ်းစားလို့ကောင်းပါတယ်။ ရောက်ရင်တော့ နှစ်ယောက်လုံးတစ်ခါလောက် စမ်းစားကြည့်ကြပါ။

၄။ တိတ်ဆိတ်ပြီး လေ့လာဖို့ကောင်းတဲ့ ဘုရားရှိခိုးကျောင်း စိန့် ဆဲလ်ပ်စ်

သင်ဟာစိတ်တည်ငြိမ်ဖို့လိုလာမယ်ဆိုရင် ဒီနေရာလေးကိုညွှန်းချင်ပါတယ်။ ၁၇ ရာစုပိုင်း ရောမ – ကတ်သလစ်ဘာသာဝင်တို့ရဲ့ ဘုရားရှိခိုးကျောင်း စိန့် ဆဲလ်ပ်စ် (SAINT-SULPICE) ရဲ့ အဓိကနေရာတော်တော်များများကို ကျောက်ဖြူသားတွေနဲ့ဆောက်လုပ်ထားပြီး အခြားနေရာတွေကိုတော့ သစ်သားတွေ ရွှေရာင်ပွတ်လုံးတိုင်တွေနဲ့ပါ ဖန်တီးတည်ဆောက်ထားပါတယ်။ တည်ငြိမ်မှုကိုလိုလားပြီး အေးချမ်းမှုကိုရှာဖွေနေတဲ့ စုံတွဲလေးတွေအတွက် ညွှန်းပေးခြင်းဖြစ်ပါတယ်။

၅။ လမ်းလျှောက်ပါ

ဟုတ်ပါတယ်။ နှစ်ယောက်အတူ လမ်းလျှောက်ပါ။ ရှုခင်းတွေ၊ လေ့လာစရာတွေ၊ သမိုင်းဝင်အဆောက်အဦးတွေ၊ ရပ်တန့်ငေးမောကြည့်စရာ မကုန်နိုင်မခမ်းနိုင်လောက်အောင် များပြားလွန်းလှတဲ့ ပဲရစ်မှာလမ်းလျှောက်ရလို့ ပင်ပမ်းတယ်ဆိုတာ မရှိပါဘူး။ သင်တို့နှစ်ယောက်စလုံးရဲ့ အချစ်ဒီဂရီတွေမြင့်တက်လာစေဖို့လည်း အထောက်အကူဖြစ်စေပါတယ်။

Ref : Pinterest “Paris as a couple: a perfect city break”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top