ဘာလင်တိရစ္ဆာန်ဥယျာဉ်မှာ ပန်ဒါအမြွှာ ရှားရှားပါးပါးမွေးဖွား

img1-7.jpg

ပန်ဒါမလေးမုံမုံ (Meng Meng) ဟာ ပန်ဒါအမြွှာလေးမွေးဖွားခဲ့ပြီး အခုလို အမြွှာမွေးဖွားတာက ဘာလင်မြို့မှာ ရှားရှားပါးပါးဖြစ်တယ်လို့ ဘာလင်တိရစ္ဆာန်ဥယျာဉ်က စက်တင်ဘာ (၂) ရက်နေ့က ပြောခဲ့ပါတယ်။

“မုံမုံက မိခင်ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်တို့ အရမ်းပျော်ရွှင်ပါတယ်။ ပြောစရာမရှိအောင်ပါပဲ” လို့ တိရစ္ဆာန်ဥယျာဉ်က တွစ်တာအကောင့်မှာ ပြောခဲ့တာပါ။ ပန်ဒါတွေကို သားဖောက်ဖို့ရာ ခက်ခဲတာကြောင့် အခုလို ပန်ဒါအမြွှာမွေးတာက ကြုံတောင့်ကြုံခဲပါပဲ။

မုံမုံက သြဂုတ်လ (၃၁) ရက်နေ့ ညနေက ပထမသားပေါက်ကို မွေးဖွားခဲ့ပြီး တစ်နာရီအကြာမှာ ဒုတိယသားပေါက်ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ “မုံမုံနဲ့ပန်ဒါလေးတွေအားလုံး ကျန်းမာကြပါတယ်” လို့ တိရစ္ဆာန်ဥယျာဉ်ရဲ့အမှုဆောင် အန်ဒရီယာ ကေနီရမ် (Andreas Knieriem) ကပြောပါတယ်။

မွေးဖွားခါစမှာ ပန်းရောင်သမ်းနေတဲ့ သားပေါက်ကလေးတွေက အမြီးရှည်ရှည်နဲ့ အရွယ်ရောက်ပြီးသားအဖြူ၊အနက်ဝက်ဝံတွေနဲ့ နည်းနည်းတူနေပါတယ်။ အထီးလား၊ အမလားဆိုတာကတော့ မသိရှိရသေးပါဘူး။ သားပေါက်လေးနှစ်ကောင်ကေတာ့ (၁၃၆) ဂရမ် နဲ့ (၁၈၆) ဂရမ် အလေးချိန်ရှိပါတယ်။

မုံမုံနဲ့ ပန်ဒါအထီးလေး ကျောင်ချင် (Jiao Qing) တို့ကို တရုတ်ပြည်ကနေ ငှားရမ်းခဲ့တာဖြစ်ပြီး ဘာလင်ကို ၂၀၁၇ခုနှစ် ဇွန်လက ရောက်လာခဲ့တာပါ။ တိရစ္ဆာန်ဥယျာဉ်က ပန်ဒါတွေကို ငှားရမ်းခအနေနဲ့ (၁၅) နှစ်စာချုပ် အမေရိကန်ဒေါ်လာ (၁၅) သန်းပေးဆောင်ခဲ့ရပါတယ်။ အဲဒီငွေအများစုက တရုတ်နိုင်ငံက Conservation and Breeding Research Programme အတွက် လျာထားတာဖြစ်ပါတယ်။

သားပေါက်လေးတွေက ဘာလင်မှာ မွေးဖွားတာဖြစ်ပေမဲ့ တရုတ်ပြည်ကလိုပဲ သတ်မှတ်ရမှာဖြစ်ပြီး သူတို့ နို့ပြတ်သွားပြီး လေးနှစ်အတွင်း တရုတ်နိုင်ငံကို ပြန်ပေးရမှာဖြစ်ပါတယ်။ တရုတ်က ဂျာမနီကို ပန်ဒါ (၃) ကောင် အရင်တုန်းကပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံးတစ်ကောင် (၃၄) နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံးပန်ဒါဖြစ်တဲ့ ပေါင်ပေါင် (Bao Bao) က ၂၀၁၂ခုနှစ်က ဘာလင်မှာ သေဆုံးသွားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ၁၉၇၀ ခုနှစ်က ပန်ဒါအကောင်ရေ (၁၀၀၀) ဝန်းကျင်ရှိခဲ့ရမှာ အခုဆိုရင် ပန်ဒါအကောင်ရေ (၁၈၆၀) ရှိနေတယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့ဖြစ်တဲ့ WWF က ဆိုထားပါတယ်။ ကမ္ဘာတစ်ဝှမ်းက တိရစ္ဆာန်ဥယျာဉ်မှာ နေထိုင်နေတဲ့ ပန်ဒါအကောင်ရေက (၄၀၀) ကျော်မျှသာရှိတယ်လို့လည်း ဘာလင်မြို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးစီမံချက်အရ သိရပါတယ်။

Ref: AsiaOne “Berlin zoo delights in rare birth of panda twins”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top