ONE: Century တွင်ပါဝင်ခွင့်ရခြင်းက ဂုဏ်ပြုခံရမှုတစ်ခုဟု ဖိုးသော်ယုံကြည်

img3-7.jpg

ONE Championship ၏ ဖယ်သာဝိတ်တန်းမှာ အလဲထိုးနိုင်ပွဲအများဆုံးကစားသမားဖြစ်သူ “ဘူရှီဒို” ဖိုးသော်က ဂျပန်နိုင်ငံမှာကျင်းပမယ့် ONE: Century ပြိုင်ပွဲကြီးမှာပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ပျော်ရွှင်နေပြီး မိမိကိုဂုဏ်ပြုတဲ့ဖြစ်ရပ်တစ်ခုလို့ယူဆမိကြောင်း ပြောပြခဲ့ပါတယ်။

“ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီပွဲက တခြားပြိုင်ပွဲတွေနဲ့ မတူဘူး။ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ သူတို့ရဲ့ ပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ကို အခွင့်အရေးပေးတဲ့အတွက် ကျွန်တော့်အနေနဲ့ သာမန်ပွဲထက် တွန်းအား ပိုဖြစ်တယ်။ ရှုံးတာ နိုင်တာထက် ဒီလိုပွဲမျိုးမှာ မှတ်တမ်းကျန်ခဲ့နိုင်တဲ့စွမ်းဆောင်မှုမျိုးရအောင် ကြိုးစားပြီးကစားချင်တယ်။ နိုင်လည်း နိုင်ချင်တယ်။ ဒီလိုပွဲမျိုးမှာနိုင်သွားရင် ကျွန်တော့်အတွက် အမှတ်တရနဲ့ မမေ့နိုင်စရာပွဲတစ်ပွဲ ဖြစ်သွားမှာ။ အဲဒီအတွက် အဲဒီပွဲမှာနိုင်ဖို့ အများကြီးပြင်ဆင်သွားမှာပါ”ဟု ဖိုးသော်က ပြောပါတယ်။

အသက် (၃၅) နှစ်အရွယ်ဖိုးသော်ဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲပေါင်း (၉) ပွဲ ကစားခဲ့ရာမှာ (၈) ပွဲ အနိုင်ရခဲ့ပြီး တစ်ပွဲသာရှုံးနိမ့်ထားတာဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ONE Championship မြန်မာ ဂရင်းပရီ တံခွန်စိုက်ပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

အခုပြိုင်ပွဲမှာတော့ ဖိုးသော်က တောင်ကိုရီးယားနိုင်ငံသားပြိုင်ဘက် Yoon “The Big Heart” Chang Min နဲ့ ရင်ဆိုင်ရမြှာဖစ်ပြီး ပြိုင်ဘက်နဲ့ပတ်သက်ပြီး “ကျွန်တော်က (၃၅)၊ သူက (၂၅)။ အသက်အရွယ်အရ ဆယ်နှစ်ကွာတယ်။ အဲဒီအတွက်လည်း ကြံ့ခိုင်မှု နည်းနည်းကွာသွားနိုင်တယ်။ ဒါပေမဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားမှာ ရလဒ်က ကြံ့ခိုင်မှုတစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်လို့တော့ မရဘူးပေါ့။ ကျွန်တော်ကလည်း တစ်ပွဲချင်းစီမှာ သေချာပြင်ဆင်မှာဖြစ်တဲ့အတွက် ဘယ်လိုကစားသမားမျိုးကိုမဆို ကောင်းကောင်း ရင်ဆိုင်နိုင်တယ်လို့ ယုံကြည်တယ်။ ကျွန်တော့်ရဲ့ အားနည်းချက် အားသာချက်တွေအပေါ်မှာ မူတည်ပြီးတော့ သေချာ ပြင်ဆင်မယ်” လို့ ဖိုးသော်က သုံးသပ်ခဲ့ပါတယ်။

ဆက်လက်ပြီး ဖိုးသော်က ပြိုင်ဘက်ဟာ နပမ်းနဲ့ အနောက်တိုင်း လက်ဝှေ့ ကစားသမားဖြစ်လို့ အဲဒီကစားနည်းတွေအတွက် သေချာပြင်ဆင်ပြီး ကစားရမှာဖြစ်ကြောင်း၊ ပြိုင်ဘက်က လက်သီးမြန်ပြီး တန်ပြန်တိုက်စစ်လည်းကောင်းကြောင်း၊ အသက်ငယ်ကာ အားသန်သူဖြစ်လို့ ဘယ်လိုကစားရမယ်ဆိုတာကို အခုတစ်ခေါက် လေ့ကျင့်စခန်းဝင်တဲ့အခါ နည်းပြတွေနဲ့ သေချာတိုင်ပင်ပြီးပြင်ဆင်မှာဖြစ်ကြောင်း၊ ဒီပွဲမှာ အကောင်းဆုံးကစားနိုင်ဖို့်မျှော်မှန်းထားကြောင်း ပြောပြပါတယ်။

“အခု လောလောဆယ်တော့ ဂျပန်နဲ့ ယိုးဒယားမှာ စခန်းဝင်လေ့ကျင့်ဖို့ စဉ်းစားနေတယ်။ အဲဒီနှစ်ခုမှာ ဘယ်ဟာ ဖြစ်မလဲတော့ မသိဘူး။ ကျွန်တော်တို့ က ဂျပန်မှာ သွားပြိုင်ဖို့ဆို ဂျပန်က အလုပ်လုပ်ခွင့်ပါမစ်လိုတယ်။ အဲဒီတော့ ONE Championship ရဲ့ထောက်ခံချက်နဲ့ မြန်မာနိုင်ငံမှာ အရင်ဆုံး ပါမစ်လျှောက်မယ်။ ဗီဇာကိစ္စပြီးတော့ ဗီဇာရပြီဆိုမှ လေ့ကျင့်ရေး စခန်းကို သွားရမှာ။ ဗီဇာကိစ္စ နောက်ကျမယ်ဆိုရင် ဂျပန်ကို သွားဖို့အဆင်မပြေတော့ ယိုးဒယားမှာပဲလေ့ကျင့်မယ်။ ဗီဇာမြန်မြန်ဆန်ဆန်ရမယ်ဆိုရင် ဂျပန်မှာ ကျွန်တော်တို့ရဲ့ နည်းပြရှိတယ်။ သူတို့နဲ့ ချိတ်ဆက်ပြီးတော့ ဂျပန်မှာပဲနေပြီးလေ့ကျင့်မယ်။ အဲဒီကနေပဲ ပြိုင်ပွဲကို တန်းဝင်မယ်”လို့လည်း ဖိုးသော်က လေ့ကျင့်ရေးအစီအစဉ်တွေကို ပြောပြပါတယ်။

“မြန်မာစပါးအုံး” အောင်လအန်ဆန်ပြီးရင် ဒုတိယ နိုင်ပွဲအများဆုံးမြန်မာကစားသမားလည်းဖြစ်တဲ့ ဖိုးသော်က သူ့ရဲ့နိုင်ပွဲတွေမှာ ပြိုင်ဘက်အားလုံးနီးပါးကို ပထမအချီအတွင်းမှာပဲ အလဲထိုးအနိုင်ယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဖိုးသော်သည် ကစားသမားတစ်ဦးအဖြစ် ကြိုးဝိုင်းအတွင်း လက်စွမ်းပြနေရုံသာမက နည်းပြတစ်ဦး၊ ကြိုးဝိုင်းအကူတစ်ဦး အနေနဲ့လည်းသူ့ရဲ့ Team PT က ကစားသမားတွေကို ပံ့ပိုးကူညီပေးနေသူ ဖြစ်ပါတယ်။ အဲဒီကစားသမားတွေထဲမှာ ONE Warrior Series နှစ်ပွဲ ဆက်တိုက် နိုင်ပွဲရရှိထားသူ စိုင်းဉာဏ်လင်းကလည်း တစ်ဦးအပါအဝင် ဖြစ်နေပါတယ်။

(ONE: IMMORTAL TRIUMPH ပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ONE Championship၏ ONE Super App https://www.onefc.com/download-app/ တွင် အခမဲ့ ဒေါင်းလုပ်ပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်)

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top