မြန်မာနိုင်ငံမှာ အောက်တိုဘာ (၁) ရက်ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယူနီကုဒ် စံစနစ်ကို ပြောင်းလဲသုံးစွဲဖို့ တိုက်တွန်းထားပြီ ဖြစ်ပါတယ်။ အရင်နှစ်တွေမှကတည်းက ဇော်ဂျီကနေ ယူနီကုဒ်ကို ပြောင်းသုံးကြဖို့ ကွန်ပျူတာပညာရှင်တွေက တိုက်တွန်းခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ ကိုယ်ရေးတဲ့စာကို တခြားသူတွေ ဖတ်မရနိုင်တာက ယူနီကုဒ် ပြောင်းသုံးလိုသူတွေအတွက် အဓိကပြဿနာတစ်ခု ဖြစ်နေခဲ့ပြီး အခု တစ်နိုင်ငံလုံး တညီတညွတ်တည်း ယူနီကုဒ်စနစ် ပြောင်းလဲဖို့ နိုင်ငံတော်အစိုးရကနေ ဦးဆောင်လိုက်တာဟာ သင့်တော်တဲ့ အဖြေတစ်ခု ဖြစ်လာခဲ့ပါပြီ။
လတ်တလောမှာ ယူနီကုဒ်စနစ်နဲ့ပတ်သက်တာတွေကို ပညာရှင်တွေက တတ်နိုင်သမျှ ပညာပေး အကြံပြုနေကြပါတယ်။ ရိုးရာလေးအနေနဲ့လည်း ယူနီကုဒ်စနစ်ကို မရင်းနှီးကြသေးတဲ့ စာဖတ်သူတွေ သိရှိနားလည်လာစေဖို့နဲ့ နိုင်ငံနဲ့ချီတဲ့ အပြောင်းအလဲတစ်ခုမှာ ပူးပေါင်းကူညီနိုင်ဖို့ ရည်ရွယ်ပြီး “ယူနီကုဒ်အကြောင်း သိမှတ်ဖွယ်ရာများ” ကဏ္ဍကို တင်ဆက်ပေးလိုက်ပါတယ်။
ယူနီကုဒ်ဆိုတာ
ကမ္ဘာပေါ်မှာရှိသမျှ ဘာသာစကားတွေရဲ့ အက္ခရာ စာလုံး တစ်လုံးစီတိုင်းကို ဘယ်ပလက်ဖောင်း၊ ပရိုဂရမ်၊ ဘာသာစကားမှာမဆို ဖော်ပြနိုင်အောင် သီးသန့်နံပါတ်တစ်ခု စနစ်တကျ သတ်မှတ်ပေးထားတဲ့ စနစ်ကို ယူဒီကုဒ် လို့ခေါ်ပါတယ်။
ဘာသာစကားပေါင်းစုံက စာလုံပေါင်းး မြောက်များစွာကို ကွန်ပျူတာမှာ မှတ်သားသိမ်းဆည်းတဲ့အခါ ကွန်ပျူတာက နားလည်နိုင်စေဖို့ အဲဒီ ဘာသာစကားပေါင်းစုံက စာလုံးတစ်လုံးချင်းစီကို မတူညီတဲ့ ကုဒ်နံပါတ် တစ်ခုစီ သတ်မှတ်ပေးရပါတယ်။
ဘယ်လိုသတ်မှတ်ထားတာလဲ
ကုဒ်နံပါတ် သတ်မှတ်မှုကို ဆော့ဖ်ဝဲ ကော်ပိုရေးရှင်းတွေ၊ အစိုးရ၊ သုတေသန အဖွဲ့အစည်းတွေနဲ့ တစ်သီးပုဂ္ဂလပညာရှင်တွေကို စုစည်းပြီး ဖွဲ့ထားတဲ့ ISO အသိအမှတ်ပြု Unicode Consortium အဖွဲ့အစည်းက ပြုလုပ်ပေးတာပါ။ မြန်မာ ယူနီကုဒ်ဖောင့်မှာ ဗမာ၊ ပါဠိ၊ သက္ကတ၊ မွန်၊ ရှမ်း၊ ကယား၊ ရူမည်းပလောင်နဲ့ ကရင်ဘာသာ (၄) မျိုးစတဲ့ ဘာသာစကား (၁၁) မျိုးအတွက် Codepoint တွေကို ရထားပြီး ဖြစ်ပါတယ်။ အဲဒီ Codepoint ဆိုတာက လွယ်လွယ်နဲ့ ရနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ နယ်ပယ်ဒေသအလိုက် ဘာသာစကားဆိုင်ရာ ကျွမ်းကျင်သူတွေက အချိန်ယူ စစ်ဆေးပြီးမှ သတ်မှတ် အတည်ပြုပေးတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ယူနီကုဒ်စနစ်ဖောင့်များ
မြန်မာနိုင်ငံမှာ လူသိအများဆုံး ဖောင့်တွေကတော့ Myanmar 2 နဲ့ Myanmar 3 ဖြစ်ပြီး ယူနီကုဒ် စံနှုန်းနဲ့ ကိုက်ညီမှုရှိပေမဲ့ အားနည်းချက်တချို့ ရှိနေခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသား ဘာသာစကားတွေ ပါပါဝင်တဲ့ ပြည်ထောင်စုဖောင့်ကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ထပ်မံဖန်တီးခဲ့ပါတယ်။ ပြည်ထောင်စုဖောင့်မှာ Myanmar 3 က အားနည်းချက်အားလုံးကို ဖယ်ရှား အဆင့်မြှင့်ထားပြီး Myanmar 4 လို့ မခေါ်တော့ဘဲ ပြည်ထောင်စုဖောင့်လို့ပြောင်းပြီး အမည်ပေးခဲ့ပါတယ်။
ဘာကြောင့် ယူနီကုဒ် ပြောင်းသုံးသင့်လဲ
မြန်မာနိုင်ငံမှာ ယူနီကုဒ်စံနှုန်းကို လိုက်နာထားတဲ့ဖောင့်တွေ မပေါ်ခင်က အင်တာနက်ပေါ်မှာ မြန်မာစာသုံးနိုင်အောင် ဇော်ဂျီဖောင့်ကို ဖန်တီးခဲ့ကြပါတယ်။ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့အတွက် ဇော်ဂျီဖောင့်ကို တွင်တွင်ကျယ်ကျယ်သုံးခဲ့ကြတာက လက်ရှိအထိပါပဲ။
ဇော်ဂျီဖောင့်မှာ အင်တာနက် browser တွေက ထောက်ပံ့ပေးတာ၊ အရင်က လူသုံးများခဲ့တဲ့ GTalk မှာ သုံးနိုင်တာ၊ စာစီစာရိုက်လုပ်ငန်းသုံး ဝင်းလက်ကွက်နဲ့ဆင်တူပြီး အလွယ်တကူသုံးနိုင်တာစတဲ့ အားသာချက်တွေရှိပေမဲ့လည်း လိုအပ်တဲ့ မြန်မာအက္ခရာ စာလုံးတွေအတွက် ရထားပြီးတဲ့ ယူနီကုဒ် Codepoint တွေပေါ်မှာ အသုံးနည်းသေးတဲ့ တိုင်းရင်းသား ဘာသာစကားတွေက Codepoint တွေကို ယူသုံးထားလို့ တိုင်းရင်းသားစာတွေ ဖန်တီးဖို့ အခက်အခဲဖြစ်တာနဲ့ စာရိုက်ရာမှာ အမြင်အတိုင်း ရိုက်တဲ့ပုံစံဖြစ်တာကြောင့် စာလုံးအမှားကို မသိနိုင်တာ စတဲ့အားနည်းချက်တွေ ရှိနေပါတယ်။
ပြည်ထောင်စုဖောင့်ကတော့ ယူနီကုဒ်စံ သတ်မှတ်ချက်များကို အပြည့်အဝ လိုက်နာထားတဲ့အတွက် ဇော်ဂျီမှာ ကြုံရတဲ့ အားနည်းချက်တွေ လုံးဝမရှိတော့ဘဲ အဆင်ပြေစေမယ့်အပြင် ယူနီကုဒ်စံနှုန်းကို Google ကလည်း ထောက်ပံ့ပေးနေတာကြောင့် Google ရဲ့ လုပ်ဆောင်ချက် အမျိုးမျိုးကို အသုံးပြုနိုင်မှာပါ။ အသုံးများနေတဲ့ အန်းဒရိုက်စနစ်သုံး ကိရိယာတွေရဲ့ စံဖောင့်က ယူနီကုဒ်ဖြစ်ပြီး မြန်မာအစိုးရ ဝက်ဘ်ဆိုက် (၃၀) ရာခိုင်နှုန်းလောက်ကလည်း ယူနီကုဒ် သုံးစွဲနေပြီဖြစ်တာကြာင့် တစ်ဦးနဲ့တစ်ဦး အဆင်ပြေပြေ ဆက်သွယ်နိုင်ဖို့ ယူနီကုဒ်က မဖြစ်မနေ သုံးစွဲရမယ့်စနစ် ဖြစ်လာပါတယ်။
အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလာနေတဲ့ ဒီနေ့ခေတ်မှာ ပြည်တွင်းနေထိုင်သူအချင်းချင်းလောက်ပဲ မြင်နိုင်၊ ဖတ်နိုင်၊ ရေးနိုင်နေတဲ့ စံမမီ ဒစ်ဂျစ်တယ် မြန်မာစာစနစ် တစ်ခုကို ချန်ရစ်ခဲ့ပြီး မြန်မာဘာသာသာမက တခြား တိုင်းရင်းသား ဘာသာစကားတွေကိုပါ တစ်ကမ္ဘာလုံး မြင်နိုင်၊ ဖတ်နိုင်၊ ရေးနိုင်မယ့် ယူနီကုဒ် စံစနစ်ကို ပြောင်းလဲအသုံးပြုဖို့ ကျွန်တော်တို့အားလုံး စပြီးပြင်ဆင်ကြရအောင်ပါ။
နောက်တစ်ပတ်မှာလည်း ယူနီကုဒ် ပြောင်းလဲအသုံးပြုဖို့လုပ်ဆောင်ရမယ့်နည်းလမ်းတွေကိုဖော်ပြပေးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး။
Team (ရိုးရာလေး)