ပူပြင်းလှတဲ့နွေရာသီမှာ မလုပ်သင့်တဲ့အရာများ

6-4-2020-yyl-013.jpg

နွေရာသီရောက်လာတာနဲ့ နေအပူချိန်က ပိုပိုပြီးပြင်းလာပါတယ်။ ဘယ်လိုမှ မနေနိုင်လောက်အောင် အရမ်းပူပြင်းလှပါတယ်။ အဲဒီလို အပူချိန်မျိူးကို တွန်းလှန်ပစ်နိုင်ဖို့ လိုပါတယ်။ တစ်နေ့လုံး လေအေးပူစက်မရှိဘဲ နေဖို့ မဖြစ်နိုင်ပါဘူး။ လူတော်တော်များများက ကျွမ်းကျင်ပညာရှင်တွေ လမ်းညွှန်ထားတဲ့အတိုင်း လိုက်မလုပ်ကြတဲ့အတွက် နေလောင်တာနဲ့ အခြားကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အပူရှပ်ပြီး ဖျားနာတာတွေက နွေရာသီမှာ လူတွေ အဖြစ်များကြပါတယ်။ ဒါ့အပြင် အပူချိန်လွန်ကဲခြင်းက ရေဓာတ်ကုန်ခန်းတာတွေ ဖြစ်လာနိုင်စေပါတယ်။ အဲဒီလိုမဖြစ်ရအောင် ရေလုံလုံလောက်လောက်သောက်ပေးဖို့ လိုပါတယ်။ သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အထတချို့လည်းရှိပါသေးတယ်။ အဲဒီ အလေ့အထတွေကတော့

ခန္ဓာကိုယ် အစိတ်အပိုင်းတော်တော်များများမှာ နေလောင်ဒဏ်လိမ်းခရင်မ်မလိမ်းတာ

နေရောင်ခြည်ဒဏ်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် လူတိုင်းလုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံးနဲ့ အလွယ်ကူဆုံးအရာက နေလောင်ဒဏ်လိမ်းခရင်မ်ကို အသုံးပြုတာပါပဲ။ နေလောင်ဒဏ်ခရင်မ်က ဘယ်လောက် အရေးကြီးလဲဆိုတာကို လူတွေ နားလည်ရင် ပိုကောင်းပါတယ်။ လူတော်တော်များများက ခရင်မ်လိမ်းတဲ့အခါမှာ ခြေဖဝါး၊ ခြေထောက်နောက်ဖက်ခြမ်း၊ နားရွက်တို့ကို လိမ်းဖို့ မေ့တတ်ကြပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အနှံ့အပြားမှာ နေလောင်ဒဏ်လိမ်းခရင်မ်ကို သေချာလိမ်းပေးသင့်ပါတယ်။ ခေါင်းနဲ့ ပခုံးတို့ကို အကာကွယ်ရဖို့အတွက် ဦးထုပ် ခက်ကြီးကြီးလေး ဆောင်းပေးသင့်ပါတယ်။

အင်္ကျီချွတ်ထားတာ

ပူလွန်းအိုက်လွန်းလို့ဆိုပြီး အအေးဓာတ်ရအောင် နေ့ခင်းဘက်တွေမှာ အင်္ကျီချွတ်မထားပါနဲ့။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့အတွက် အဖြူရောင် အင်္ကျီလက်ရှည်ကို ဝတ်ဆင်ဖို့မမေ့ပါနဲ့။ ခပ်ပွပွအင်္ကျီဖြစ်တဲ့အတွက် လေဝင်လေထွက်ကောင်းတာကြောင့် သင့်ကို ပူသလိုခံစားရစေမှာမဟုတ်ပါဘူး။ သင့်အရေပြားတွေကို ဖုံးထားပေးမှာဖြစ်ပါတယ်။ နွေရာသီမှာ သင့်အသားရေကို ကျန်းမာအောင် ထိန်းသိမ်းပေးနိုင်မယ့် အခြားနည်းလမ်းတွေလည်း ရှိပါတယ်နော်။

ရေလုံလုံလောက်လောက်သောက်ဖို့ မေ့လျော့တာ

အခုလိုပူပြင်းလှတဲ့ရာသီမှာ ရေများများသောက်ပေးပါ။ ဒါပေမဲ့ လူတော်တော်များများဟာ ရေသောက်ဖို့ မေ့လျော့တတ်ကြပါတယ်။ ရေဓာတ်ကုန်ခန်းတဲ့သူတွေကို တွေ့မြင်နေရမှာပါ။ ရေဓာတ်ကုန်ခန်းခြင်းက လူတွေ ထင်ထားတာထက် ပိုပြီး အန္တရာယ်များပါတယ်။ ရေအရမ်းဆာလွန်းနေရင် ရေဓာတ်ကုန်ခန်းတော့မှာဖြစ်ပါတယ်။ ရေဗူးကို ကိုယ်နဲ့မကွာ အမြဲဆောင်ထားပါ။ သင့်အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ရေတိုက်ဖို့မမေ့ပါနဲ့။

ရေသောက်မဲ့အစား ကဖင်းဓာတ်ပါတဲ့အရည်တွေသောက်တာ

ကော်ဖီကို ရေလို့သတ်မှတ်လို့မရပါဘူး။ ဆိုဒါ၊ အချိုရည်တွေနဲ့ ကော်ဖီတွေက ရေဓာတ်ဖြည့်ပေးတယ်လို့ ထင်ကြမှာပါ။ အဲဒါတွေက ဆီးရွှင်စေတဲ့အာနိသင်ရှိပြီး သန့်စင်ခန်း မကြာခဏသွားရစေပါတယ်။ ကဖင်းဓာတ်ပါဝင်တဲ့ဖျော်ရည်ကို သောက်မယ်ဆိုရင် ရေကိုနှစ်ဆလောက်သောက်ပေးရပါတယ်။

အရက်သောက်တာ

နွေရာသီမှာ အပူနဲ့အယ်လ်ကိုဟောပေါင်းစပ်မှုက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက ဆီးရွှင်စေတဲ့အတွက် ရေဓာတ်ကုန်ခန်းစေပြီး လူကို ပူလောင်စေသလို ခံစားရစေမှာပါ။ ကျန်းမာရေးမကောင်းတဲ့ အသက်ကြီးပိုင်လူတွေက အယ်လ်ကိုဟောကို မသောက်သင့်ပါဘူး။ တကယ်လို သောက်မယ်ဆိုရင် လျော့သောက်ပြီး ရေများများသောက်ပေးသင့်ပါတယ်။

ကားထဲမှာ ဆေးဝါးတွေ ထားရှိတာ

တချို့ဆေးဝါးတွေက ရေခဲသေတ္တာထဲမှာ ထားဖို့လိုပြီး တချို့ကတော့ ခြောက်သွေ့တဲ့နေရာမှာ ထားရပါတယ်။ ဘယ်ဆေးဝါးကိုမဆို အပူထဲမထားပါနဲ့။ နွေရာသီမှာဆိုရင် ကားတွေက တစ်နာရီအတွင်းမှာ အလွယ်တကူ အရမ်းပူလာနိုင်ပါတယ်။ အပူက ဆေးကို ထိခိုက်စေနိုင်ပါတယ်။ ဆေးရဲ့အာနိသင်လည်း လျော့နည်းသွားပြီး ရက်မလွန်ခင်မှာ ပျက်စီးသွားတတ်ပါတယ်။ အစာအိမ်ကို ယားယံစေနိုင်ပါတယ်။ ဆေးက အနံ့အသက်မကောင်းတော့ရင် အဲဒါကို မသောက်တော့ပါနဲ့။ အပြင်ထွက်လို့ ဆေးယူသွားချင်ရင် ရေခဲအိတ်နဲ့အတူ သယ်ယူသွားသင့်ပါတယ်။

Ref: Things You Should Never Do When It’s Hot Outside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top