Game of Thrones ရဲ့ Season (2) ကို ပြန်လည်ခံစားခြင်း

game-of-thrones-s2-720x450.jpg

Game of Thrones ရဲ့ Season (2) မှာတော့ ဂျော်ဖရီနန်းတက်လာမှုနဲ့အတူ အာဏာဟာ လန်နစ္စတာတွေရဲ့လက်ထဲကိုရောက်ရှိသွားပါတော့တယ်။ လုပ်ချင်ရာလုပ်တတ်ပြီး ဆိုးသွမ်းတဲ့ ဂျော်ဖရီဟာ အဖိုးဖြစ်သူ တိုင်ဝင်လန်နစ္စတာကိုတော့ လွန်ဆန်နိုင်သူတစ်ယောက် မဟုတ်ပါဘူး။ ဒါကြောင့် နန်းတွင်းထဲမှာ အမျိုးမျိုးသောင်းကျန်းတာကလွဲလို့ တခြားတိုင်းရေးပြည်ရာတွေကို တိုင်ဝင်ရဲ့အမိန့်နဲ့ ဘုရင့်ညာလက်ရုံးရာထူးရထားတဲ့ တိုင်ရီယွန်ကပဲ အားလုံးဆောင်ရွက်ပါတယ်။

လုပ်ချင်ရာလုပ်တတ်ပြီး ဆိုးသွမ်းတဲ့ ဂျော်ဖရီဟာ အဖိုးဖြစ်သူ တိုင်ဝင်လန်နစ္စတာကိုတော့ လွန်ဆန်နိုင်သူတစ်ယောက် မဟုတ်ပါဘူး

နဂိုကတည်းက ဒီလိုနည်းပရိယာယ်တွေ၊ လှည့်ကွက်တွေနဲ့ ဉာဏ်ကစားရတာနှစ်သက်တဲ့ တိုင်ရီယွန်အတွက်ကတော့ ရေကန်အသင့် ကြာအသင့်ပါပဲ။ ဂျော်ဖရီကရောဘတ်ရဲ့တရားမဝင်သားဂန်ဒရီအကြောင်းသိသွားပြီးလုပ်ကြံခိုင်းပေမယ့်
ဂန်ဒရီကတော့ နဒ်စတာ့ခ်ရဲ့သမီးအငယ်လေး အာယာနဲ့အတူ လွတ်မြောက်သွားပြန်ပါတယ်။
အဲဒီအချိန်မှာပဲ ရော့ဘ်စတာ့ခ်ကတော့ မြောက်ပိုင်းဘုရင်အဖြစ်နဲ့ စစ်ပွဲသုံးပွဲဆက်အနိုင်ရခဲ့ပြီး ဂျေမီလန်နစ္စတာကိုလည်း ဖမ်းမိလိုက်တယ်။ လန်နစ္စတာတွေနဲ့ ရင်ဆိုင်ဖို့ဆိုရင် တပ်ကူလိုနေသေးတာကိုနားလည်တဲ့ ရော့ဘ်က ဝင်းတားဖဲလ်ကိုသုံ့ပန်းအဖြစ်နဲ့လိုက်လာပြီး ညီအစ်ကိုလိုခင်လာခဲ့တဲ့ သီယွန်ဂရေးဂျွိုင်းကို အဖေဖြစ်တဲ့ ဘေလွန်ဂရေးဂျွိုင်းဆီသွားပြီး စစ်ကူတောင်းခိုင်းခဲ့တယ်။ အမေဖြစ်တဲ့ ကတ်တလင်းကိုလည်း ဘရာသီယွန်အိမ်တော်က ညီအငယ်ဆုံး ရန်လေဘရာသီယွန်ဆီသွားခိုင်းပါတယ်။

ဘရာသီယွန်အိမ်တော်မှာလည်း စတန်းနစ်ဘရာသီယွန်က ဂျော်ဖရီဟာ မျိုးမစစ်သားလို့ကြွေးကြော်ပြီး ထီးနန်းသိမ်းဖို့ကြံထားတာပါ။ ဒါကြောင့် ရန်လေကို သူ့ရဲ့လက်ရုံးတစ်ဆူလို့ပြောရမယ့် မီလီဆန်ဒရီရဲ့ အောက်လမ်းအတတ်တွေနဲ့ လုပ်ကြံပြီးရှင်းလိုက်တယ်။ လုပ်ကြံမှုကို ရန်လေရဲ့ကိုယ်ရံတော် ဘရီယန်းက မျက်မြင်တွေ့လိုက်ရပေမဲ့ ရန်လေကိုသတ်တယ်လို့ အထင်မှားခံရတာကြောင့် ကတ်တလင်းနဲ့အတူ ထွက်ပြေးလာခဲ့ရတယ်။ ဒီလိုနဲ့ စတန်းနစ်ဟာ ရန်လေရဲ့စစ်တပ်ကို အပိုင်သိမ်းလိုက်ပါတယ်။

သမီးတွေပြန်လွတ်လာဖို့စိတ်ပူနေတဲ့ ကတ်တလင်းက ဖမ်းမိထားတဲ့ ဂျေမီလန်နစ္စတာကို လွှတ်ပေးလိုက်လို့ စတာ့ခ်သစ္စာခံအိမ်တော်ကလူတွေရဲ့ စိတ်ပျက်မှုကိုခံရသလို ရော့ဘ်ကလည်း တာလီဆာလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်ပြီး ဝေါဒါ ဖရေးရဲ့သမီးတစ်ယောက်ကို လက်ထပ်ပါမယ်ဆိုတဲ့ ကတိကိုဖျက်လိုက်လို့ စတာ့ခ်တွေကတော့ အမှားတွေပဲတောက်လျှောက်လုပ်နေတယ်လို့ဆိုရပါမယ်။

သီယွန်ကလည်း အဖေဖြစ်သူကို သားအဖြစ်ထိုက်တန်ကြောင်းသက်သေပြချင်တာနဲ့ ရော့ဘ်ကိုသစ္စာဖောက်ပြီး ဝင်းတာဖဲလ်ကို ပြန်သိမ်းပါတယ်။ ဒါကြောင့် ဝင်းတာဖဲလ်မှာကျန်ခဲ့တဲ့ စတာ့ခ်တွေဖြစ်တဲ့ ဘရန်နဲ့ ရစ်ကွန်တို့ဟာ ကျွန်ယုံတွေဖြစ်တဲ့ ဟိုးဒေါနဲ့ အိုရှာကိုခေါ်ပြီးပြေးရတော့တယ်။ လိုက်ရှာပေမဲ့ ဖမ်းမမိတာကြောင့် ကြံရာမရဖြစ်တဲ့ သီယွန်လည်း တွေ့ရာကလေးနှစ်ယောက်ကိုမီးရှို့ပြပြီး စတာ့ခ်ကလေးတွေလို့ နာမည်တပ်လိုက်တယ်။ ကျန်တဲ့ စတာ့ခ်တွေရဲ့ကံကြမ္မာကလည်း မကောင်းခဲ့ပါဘူး။ ဆန်ဆာဆိုရင် နေပြည်တော်မှာ ဂျော်ဖရီရဲ့နှိပ်စက်မှုတွေခံရတဲ့အပြင် ပြည်သူတွေအုံကြွမှုနဲ့ ကြုံရင်း မုဒိမ်းကျင့်ခံရနီးနီးဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဂျော်ဖရီဟာမာဂျာရီတိုင်ရဲကိုလိုချင်တာကြောင့် စေ့စပ်ထားမှုကိုဖျက်လိုက်တာကတော့ သူ့အတွက်ကံကောင်းတာလိုပြောရမှာပါ။ အာယာကတော့ ထွက်ပြေးရင်းနဲ့ လမ်းမှာ လန်နစ္စတာတပ်သားတွေနဲ့တွေ့ပြီး အဖမ်းခံလိုက်ရတယ်။ ကံကောင်းတာတစ်ခုက မျက်နှာမဲ့လူသတ်သမားလို့ခေါ်ကြတဲ့ ဂျာဂန်ဟာဂါ နဲ့တွေ့ပြီး အကူအညီရလို့ တိုင်ဝင်လန်နစ္စတာရဲ့ မျက်စိအောက်မှာတင် လွတ်မြောက်လာခဲ့တာပါပဲ။

တံတိုင်းအပြင်ဘက်မှာတော့ ညစောင့်တပ်ဟာ ခရတ်စတာနဲ့ သူ့ရဲ့သမီးမိန်းမတွေရှိတဲ့အိမ်မှာ တည်းခိုရပါတယ်။ ညဘက်ရောက်တော့ ခရတ်စတာဟာ သူ့ရဲ့သားယောကျ်ားလေးတွေကို White Walkers တွေဆီဆက်သနေတာ ဂျွန်စနိုး မြင်ခဲ့လိုက်ရတယ်။ တည်းခိုရင်းနဲ့ ဂျွန်စနိုးရဲ့ သူငယ်ချင်းဆမ်ဝဲလ် တာလီဟာလည်း ခရတ်စတာအိမ်ကသမီးတစ်ယောက်ဖြစ်တဲ့ ကလေးပေါက်စအမေလေးဂီလီနဲ့ ဇာတ်လမ်းလေးတွေဖြစ်လာသေးပါတယ်။
ခရတ်စတာ အိမ်ကနေဆက်ထွက်ခွာလာတဲ့နောက်မှာတော့ ဂျွန်စနိုးတစ်ယောက် လူရိုင်းမလေး အီဂရက်ကိုလိုက်ဖမ်းရင်း ကိုယ်တိုင် ပြန်အဖမ်းခံလိုက်ရတယ်။ ဒါပေမဲ့ ဂျွန်စနိုးက ညစောင့်တပ်ကိုသစ္စာဖောက်ချင်ယောင်ဆောင်ပြီး သူလျှိုတစ်ယောက်အဖြစ် လူရိုင်းတွေကြားထဲ ဆက်နေနေလိုက်တယ်။

ပင်လယ်တစ်ဘက်ကမ်းက ဒနဲရီရဲ့ ကံကြမ္မာလည်းအနိမ့်အမြင့်တွေနဲ့ပါပဲ။ ကျန်နေတဲ့ လူနည်းနည်းနဲ့ ကန္တာရကြီးကိုဖြတ်ပြီး ကာ့တ်မြို့ကိုရောက်လို့ စိတ်အေးရပြီလို့ ထင်ရတဲ့အချိန်မှာတင် သူ့ရဲ့နဂါးသုံးကောင် အခိုးခံလိုက်ရပြန်ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးတော့ ဒနဲရီတစ်ယောက် သူ့နဂါးတွေကိုပြန်ရယူနိုင်ခဲ့ပြီး မြို့အုပ်ချုပ်သူ ကျွန်ပိုင်ရှင်အဖွဲ့အစည်းကိုလည်း သုတ်သင်နိုင်ခဲ့တယ်။ လက်ရုံးဆာဒါဗို့စ်နဲ့အတူစစ်ချီလာတဲ့ စတန်းနစ်ကတော့ နေပြည်တော်ကို ရေကြောင်းလမ်းကနေရောက်ရှိလာချိန်မှာ ဘာမှအရည်အချင်းမရှိတဲ့ ဂျော်ဖရီကတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပါဘူး။ ဒါကြောင့် တိုင်ရီယွန်ကပဲအစွမ်းပြပြီးတော့ စစ်ပွဲကို ကွပ်ကဲရပါတော့တယ်။ ကြိုတင်စီမံထားတဲ့ Wildfire မီးတွေကြောင့် စတန်းနစ်ရဲ့ သင်္ဘောတပ်တွေဟာ ရေထဲမှာပဲအထိနာပြီး အဖွင့်မလှခဲ့ပါဘူး။ ကမ်းခြေရောက်တော့လည်း တိုင်ရီယွန်ရဲ့စစ်တပ်ကဝင်တိုက်ပြန်ပါတယ်။ ဒါပေမဲ့ စတန်းနစ်ရဲ့တပ်တွေ မြို့ထဲအထိဝင်ရောက်နိုင်ခဲ့ပါတယ်။

တိုင်ရီယွန်ကတော့ သူ့လူတွေရဲ့လက်ချက်ကြောင့်ပဲ မျက်နှာမှာ အကြီးအကျယ်ဒဏ်ရာရသွားတယ်။ မြို့ထဲဝင်ရောက်လာတဲ့ စတန်းနစ်ရဲ့တပ်တွေကြောင့် ဆာဆီတစ်ယောက် ကလေးတွေကို အဆိပ်ခတ်ပြီးသတ်ဖို့ကြံနေတုန်းမှာပဲ ကယ်တင်ရှင်အဖြစ်ရောက်လာခဲ့သူကတော့ တိုင်ဝင်လန်နစ္စတာပါ။
တိုင်ဝင်လန်နစ္စတာတပ်ကူရောက်လာတာကြောင့် စတန်းနစ်လည်း တပ်ဆုပ်ပြီးပြေးရပါတော့တယ်။ ဒီလိုနဲ့ Season (2) အဆုံးမှာတော့ ဒနဲရီက နဂါးသုံးကောင်အပြင် ကာ့တ်မြို့ကကြွယ်ဝမှုတွေပါ ပိုင်ဆိုင်ထားပြီး တိုင်ရီယွန်ကတော့ အကြီးအကျယ်ဒဏ်ရာရကာ ပုံပျက်ပန်းပျက်ဖြစ်သွားပါတယ်။ ရော့ဘ်ကတော့ သီယွန်ရဲ့သစ္စာဖောက်မှုသတင်းကြားလို့ လက်အောက်ခံလူတွေလွှတ်ပြီး ဝင်းတားဖဲလ်ကို ပြန်သိမ်းခိုင်းလိုက်ပါတယ်။ ဒါကြောင့် ခုနှစ်ပြည်ထောင်ထဲမှာ စစ်ရေးမငြိမ်းချမ်းသေးပဲ အချင်းချင်းသစ္စာဖောက်မှုတွေ ပြည့်နှက်နေတာကိုပဲ ဆက်လက်တွေ့မြင်ရဦးမှာပါ။

ဧပြီလ (၁၅) ရက်၊ မနက် (ရး၃၀) အချိန် HBO HD လိုင်းမှာစတင်ပြသသွားမယ့် Game of Thrones နောက်ဆုံး Season ကို Cookie TV App ကနေ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top