ယူကရိန်းစစ်ပွဲအကြောင်း သတင်းတုတွေ တင်နေလို့ စွပ်စွဲပြီး ရုရှားနိုင်ငံက ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ပိတ်ပင်

23-2-2022-yyl14.jpg

ယူကရိန်းစစ်ပွဲအကြောင်း သတင်းတုတွေ တင်နေတယ်လို့ စွပ်စွဲပြီး ရုရှားနိုင်ငံက ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို သူတို့နိုင်ငံမှာ ပိတ်ပင်လိုက်ပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ရုရှားနိုင်ငံမှာ ဆန္ဒပြပွဲတွေလုပ်ဖို့ တိုက်တွန်းမှုတွေကို ဖယ်ရှားပေးဖို့ ရုရှားအစိုးရရဲ့တောင်းဆိုချက်ကို Meta (ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ပိုင်ဆိုင်တဲ့)ကုမ္ပဏီက မျက်ကွယ်ပြုခဲ့တယ်လို့ ရုရှားအစိုးရ ရှေ့နေတွေက စွပ်စွဲခဲ့တာပါ။ ရုရှားနိုင်ငံမှာ ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ပိတ်ပင်ပေးဖို့ အစိုးရရှေ့နေတွေရဲ့ လျှောက်ထားချက်ကို တာစကွိုင်းခရိုင်တရားရုံးက လက်ခံပြီး ပိတ်ပင်တဲ့အမိန့် ချမှတ်ခဲ့တာပါ။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ Meta ကုမ္ပဏီဟာ ရုရှားနိုင်ငံမှာ ရုံးခန်းဖွင့်တာ၊ စီးပွားရေးလုပ်တာမျိုး လုပ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။

ရုရှားနိုင်ငံမှာ အသုံးပြုသူများပြားတဲ့ WhatsApp ကို ပိတ်ပင်ပေးဖို့တော့ အစိုးရရှေ့နေတွေက လျှောက်ထားခဲ့ခြင်းမရှိပါဘူး။ WhatsApp ကိုလည်း Meta ကုမ္ပဏီကပဲ ပိုင်ဆိုင်တာပါ။ ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ပိတ်ပင်လိုက်ပေမဲ့ အဲဒီလူမှုကွန်ရက်တွေ အသုံးပြုတဲ့ ရုရှားနိုင်ငံသားတွေကိုတော့ အပြစ်ပေးအရေးယူမှာ မဟုတ်ဘူးလို့ အာဏာပိုင်တွေက ဆိုပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်နဲ့ ရုရှားစစ်သည်တွေအပေါ် ပြောဆိုရေးသားမှုတွေမှာ အမုန်းစကားဆိုင်ရာ မူဝါဒကို Meta ကုမ္ပဏီက ဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်း အခုလအစောပိုင်းကစပြီး ရုရှားနိုင်ငံက ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ကန့်သတ်မှုတွေ လုပ်ထားခဲ့တာပါ။ ရုရှားအာဏာပိုင်တွေဟာ ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ပိတ်ပင်လိုက်တဲ့အပြင် ပြည်ပသတင်းဝက်ဘ်ဆိုက်တွေ ဝင်ရောက်ကြည့်ရှုမှုကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

Ref: Dailymail “Russia BANS Facebook and Instagram for ‘extremist activities’ “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top