၁၀ မိနစ်၊ တစ်ကြိမ် ဗုံးကြဲခံနေရတဲ့ မာရီယာပိုမြို့က ရုရှားကျူးကျော်စစ်မှာ ဘာတွေ အရေးပါနေသလဲ

23-2-2022-yyl17.jpg

ရုရှားရဲ့ကျူးကျော်စစ်မှာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွားနေတဲ့ မာရီယာပိုမြို့ဟာ ၁၀ မိနစ် တစ်ကြိမ်နှုန်း ဗုံးကြဲတိုက်ခိုက်ခံနေရတယ်လို့ ယူကရိန်းစစ်တပ် အရာရှိတစ်ဦးက ဆိုပါတယ်။

မာရီယာပိုမြို့က ရုရှားအတွက် ဘာကြောင့် အရေးကြီးနေသလဲဆိုရင်

မာရီယာပိုမြို့ဟာ ခရိုင်းမီးယား၊ ဒွန်ဘက်ဒေသတွေနဲ့ ကုန်းမြေစင်္ကြံလမ်းဖော်ဆောင်နိုင်မယ့် ဗျူဟာမြောက် တည်နေရာဖြစ်ပြီး ခရိုင်းမီးယားကျွန်းဆွယ်ကနေ ချီတက်လာမယ့် ရုရှားတပ်ဖွဲ့တွေအတွက် အဟန့်အတားတစ်ရပ် ဖြစ်နေပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ဘက်ဒေသမှာရှိတဲ့ ခွဲထွက်ရေးလိုလားသူ လက်နက်ကိုင်တွေနဲ့ ချိတ်ဆက်ပေါင်းစည်းနိုင်ဖို့ မာရီယာပိုမြို့ကို လိုအပ်နေတာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့စီးပွားရေးကို ဖျစ်ညှစ်ပိတ်ဆို့ဖို့လည်း ရည်ရွယ်တာ ဖြစ်ပါတယ်။ စစ်မဖြစ်ခင် ပုံမှန်အချိန်တုန်းက မာရီယာပိုမြို့ဟာ ယူကရိန်းနိုင်ငံရဲ့ သံမဏိ၊ ကျောက်မီးသွေးနဲ့ ပြောင်းဖူးပို့ကုန်တွေကို အရှေ့အလယ်ပိုင်းက ဖောက်သည်တွေဆီ တင်ပို့ရာ အဓိကဆိပ်ကမ်းဖြစ်ပါတယ်။ မာရီယာပိုမြို့ကို ဆုံးရှုံးရမယ်ဆိုရင် ယူကရိန်းရဲ့လက်ကျန်စီးပွားရေးအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာမှာပါ။

ဒါ့အပြင် ရုရှားအတွက် ဝါဒဖြန့်ဖို့ အခွင့်အရေးတစ်ရပ်လည်း ဖြစ်နေပြန်ပါတယ်။ မာရီယာပိုမြို့ ပြည်သူ့စစ်အဖွဲ့ထဲမှာ အဇော့တပ်မဟာ (Azov Brigade)လို့ အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့ ပါဝင်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ နာဇီကို ထောက်ခံတဲ့ လက်ယာစွန်းရောက်တွေလည်း ပါဝင်နေပါတယ်။ ယူကရိန်းမှာရှိတဲ့ နာဇီထောက်ခံသူတွေကို ရှင်းလင်းဖို့ ရုရှားလူငယ်တွေကို တိုက်ပွဲဝင်ခိုင်းနေရတာဆိုပြီး ရုရှားပြည်တွင်းမှာ ဝါဒဖြန့်ဖို့အတွက်လည်း မာရီယာပိုတိုက်ပွဲက အရေးကြီးနေပြန်ပါတယ်။

စိတ်ဓာတ်ရေးရာ မြှင့်တင်နိုင်ဖို့အတွက်လည်း အခရာကျနေပါတယ်။ မာရီယာပိုမြို့ကိုသာ သိမ်းယူနိုင်မယ်ဆိုရင် ရုရှားနိုင်ငံက အစိုးရလက်အောက်ခံမီဒီယာတွေကနေတစ်ဆင့် ” ရည်မှန်းချက်ပြည့်ဝပြီ၊ ယူကရိန်းစစ်ပွဲမှာ အောင်မြင်မှုတွေ ရနေပြီ” ဆိုတာမျိုး ရေးသားဖော်ပြလာမှာ သေချာပါတယ်။ ဒါပေမဲ့ ယူကရိန်းနိုင်ငံအတွက်တော့ မာရီယာပိုမြို့ကို ဆုံးရှုံးရမယ်ဆိုရင် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ် ဖြစ်လာမှာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းဝေဟင်မှာ ရုရှားစစ်တပ်ရဲ့ လေယာဉ်တွေ ပိုများလာခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဆိုပါတယ်။ ” မောင်းသူမဲ့ယာဉ်အများအပြားကို သုံးနေတယ်။ ပြီးတော့ ဗုံးကြဲလေယာဉ်တွေ၊ ချေမှုန်းရေးနဲ့ တိုက်လေယာဉ်တွေ၊ ခရုဇ်ဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေကို တည်နေရာအများအပြားဆီ ပစ်လွှတ်တိုက်ခိုက်နေပါတယ်”လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ထားပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ ကျူးကျော်စစ်မှာ ထွက်ပေါက်ပိတ်မိနေတဲ့ အခြေအနေ ကြုံနေရပြီဖြစ်လို့ ယူကရိန်းနိုင်ငံမှာ ဇီဝလက်နက်၊ ဓာတုလက်နက်တွေ အသုံးပြုတိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးထားပါတယ်။ ယူကရိန်းနိုင်ငံမှာ ဇီဝလက်နက်၊ ဓာတုလက်နက်တွေ ရှိနေတယ်ဆိုတဲ့ ရုရှားရဲ့စွပ်စွဲချက်ဟာ သူတို့ကိုယ်တိုင် အဲဒီလက်နက်တွေ သုံးချင်လို့ ဆင်ခြေပေးမှု ဖြစ်လိမ့်မယ်လို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။

Ref: BBC & CNN

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top