ယူကရိန်းရဲ့ အဓိကဒေသ ၂ ခုမှာ စစ်ရေးလှုပ်ရှားမှု လျှော့ချမယ်လို့ ရုရှား ကြေညာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုးတက်မှုရရှိနေ

30-2-2022-yyl02.jpg

ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အပြန်အလှန်ယုံကြည်မှု အားကောင်းစေဖို့အတွက် ယူကရိန်းနိုင်ငံရဲ့ အဓိကဒေသ ၂ ခုမှာ စစ်ရေးလှုပ်ရှားမှုတွေကို သိသိသာသာ လျှော့ချသွားမယ်လို့ ရုရှားနိုင်ငံက ကြေညာခဲ့ပါတယ်။

ကိဗ်မြို့တစ်ဝိုက်နဲ့ မြောက်ပိုင်းဒေသ ချာနီဟစ်ဗ်မြို့တွေမှာ စစ်ရေးလှုပ်ရှားမှု လျှော့ချမယ့် ဆုံးဖြတ်ချက်ဟာ ရုရှားကျူးကျော်စစ် စတင်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပထမဆုံး တိုးတက်တဲ့အရိပ်အယောင် ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံက လုံခြုံရေးအာမခံချက်ပေးမယ်ဆိုရင် ကြားနေနိုင်ငံအဖြစ် ရပ်တည်သွားမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ရုရှားက ကျူးကျော်စစ်ဆင်နွှဲတဲ့ အဓိကရည်မှန်းချက်ကတော့ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံ မဖြစ်အောင် တားဆီးဖို့ပါပဲ။

ရုရှားဟာ ကိဗ်မြို့ အနောက်မြောက်ပိုင်းမှာ တားဆီးဟန့်တားမှုတွေ ဆက်တိုက်ကြုံခဲ့ရပြီးနောက် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသတွေ လွတ်မြောက်ရေးကိုပဲ အာရုံပြောင်းလာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့တဲ့ ခရိုင်းမီးယားဒေသကနေ ရုရှားနယ်စပ်ကို ကုန်းမြေစင်္ကြံလမ်းဖောက်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက လက်တွေ့ဖော်ဆောင်နိုင်တဲ့အဆင့်ကို ရောက်ရှိလာပြီလို့ ရုရှားအရာရှိတွေက ပြောပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အလက်ဇန္ဒားဖိုမင်ကလည်း ယူကရိန်းနိုင်ငံရဲ့ ကြားနေရပ်တည်ချက်၊ နျူကလီးယားလက်နက် မရရှိရေးနဲ့ လုံခြုံရေးအာမခံချက် အစရှိတဲ့ ဆွေးနွေးမှုတွေ တိုးတက်နေပြီလို့ ဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဘက်က ညှိနှိုင်းဆွေးနွေးသူ အိုလက်ဆန်းဒါးချာလီကတော့ ကြားနေရပ်တည်ချက် ကမ်းလှမ်းမှုဟာ နယ်မြေစည်းလုံးမှုနဲ့ ယူကရိန်းနိုင်ငံ လုံခြုံရေးကို သံတမန်ရေးရာ၊ နိုင်ငံရေးလမ်းကြောင်းတွေကနေ ပြန်လည်ပုံဖော်နိုင်မယ့်အခွင့်အရေးပဲလို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တဲ့ အသေးစိတ်အချက်အလက်တွေအရဆိုရင်

  • ယူကရိန်းက သမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်ခွင့်မရှိသလို နျူကလီးယားလက်နက်လည်း ပိုင်ဆိုင်ခွင့် မရှိပါဘူး။ သူတို့မြေပေါ်မှာ ပြည်ပတပ်ဖွဲ့အခြေစိုက်စခန်း ဖွင့်လှစ်တာ၊ တပ်ဖွဲ့ဝင်တွေကို လက်ခံတာမျိုးလည်း လုပ်ခွင့် မရှိပါဘူး။
  • တိုက်ခိုက်မှုကြုံလာခဲ့ရင် ကြားနေနိုင်ငံအဖြစ် ရပ်တည်နေတဲ့ ယူကရိန်းကို ကာကွယ်ပေးမယ်လို့ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ တူရကီ၊ ပြင်သစ်၊ ကနေဒါ၊ အီတလီ၊ ပိုလန်နဲ့ အစ္စရေးနိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ဥပဒေအရ စည်းနှောင်မှုရှိပြီး စေ့စပ်ခိုင်မာတဲ့ အာမခံချက် ပေးရမယ်။
  • ယူကရိန်းက စစ်ရေး-နိုင်ငံရေးမဟာမိတ်အဖွဲ့တွေထဲ ဝင်ခွင့်ရမှာမဟုတ်သလို နိုင်ငံတကာလေ့ကျင့်မှုတွေမှာ ပါဝင်မယ်ဆိုရင်လည်း ယူကရိန်းအပေါ် လုံခြုံရေးအာမခံချက်ပေးထားတဲ့ နိုင်ငံတွေရဲ့ ခွင့်ပြုချက် လိုအပ်မှာပါ။
  • ၂၀၁၄ ခုနှစ်မှာ ရုရှားနိုင်ငံ သိမ်းယူထားတဲ့ ခရိုင်းမီးယားဒေသရဲ့ အနာဂတ်ရပ်တည်ချက်ကို ၁၅ နှစ်ကြာ တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ဖို့၊ ရုရှားလိုလားတဲ့ ခွဲထွက်ရေး လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ အရှေ့ပိုင်းဒေသတွေရဲ့ အနာဂတ်ကို ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မတ ဇီလင်စကီးတို့ ဆွေးနွေးဖို့ အစရှိတဲ့အချက်တွေ ပါဝင်နေပါတယ်။

Ref: BBC ” Ukraine war: Russia to curb Kyiv assault as peace talks progress “

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top