ကလေး ၂၆ ယောက်ပါတဲ့ ကျောင်းဘတ်စ်ကားကို ပြန်ပေးဆွဲပြီး အရှင်လတ်လတ်မြေမြှုပ်ခဲ့တဲ့ ပြန်ပေးသမား လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ဖို့ ခွင့်ပြုချက်ရ

30-2-2022-yyl06.jpg

၁၉၇၆ ခုနှစ်က ကလေးငယ် ၂၆ ယောက် လိုက်ပါလာတဲ့ ကျောင်းဘတ်စ်ကားကို ပြန်ပေးဆွဲပြီး အရှင်လတ်လတ် မြေမြှုပ်ထားခဲ့တဲ့ ပြန်ပေးဆွဲသူ ၃ ယောက်အနက် တစ်ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ဖို့ ခွင့်ပြုပေးလိုက်ပြီလို့ ကယ်လီဖိုးနီးယားပြည်နယ် စာရိတ္တပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျိုးအော်လန်ဒိုက ပြောပါတယ်။ဖရက်ဒရစ်နယူးဟောဝုဒ်ဟာ လွန်ခဲ့တဲ့ ၄၅ နှစ်ကျော်က မြောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ် မက်ဒရာကောင်တီ၊ ချောင်ချီလာမြို့မှာ ကလေးငယ် ၂၆ ယောက်နဲ့ ယာဉ်မောင်းဖြစ်သူ လိုက်ပါလာတဲ့ ကျောင်းဘတ်စ်ကားကို ပြန်ပေးဆွဲခဲ့သူ ၃ ယောက်အနက် တစ်ယောက် ဖြစ်ပါတယ်။

ကလေးငယ် ၂၆ ယောက်နဲ့ ယာဉ်မောင်းဖြစ်သူတို့ကို ထရပ်ကားပေါ်တင်ပြီး မိုင် ၁၀၀ ကျော် ကွာဝေးတဲ့ လီဗာမိုးမြို့ကို ခေါ်ဆောင်သွားခဲ့ကာ ဝုဒ်ရဲ့အဖေ ပိုင်ဆိုင်တဲ့ မြေတွင်းကြီးထဲမှာ အရှင်လတ်လတ် မြေမြှုပ်ထားခဲ့တာပါ။ သူတို့ကို မြေမြှုပ်ထားချိန်အတွင်း ပြန်ပေးဆွဲသူတွေက အမေရိကန်ဒေါ်လာ ၅ သန်းပေးရင် ကလေးတွေကို ပြန်လွှတ်ပေးမယ်လို့ ငွေညှစ်ခဲ့ကြပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံသမိုင်းမှာ အကြီးမားဆုံး အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုဖြစ်ပြီး ဒီအကြောင်းကို Dirty Harry ဇာတ်ကားမှာ ပုံဖော်ရိုက်ကူးခဲ့ပါတယ်။

မြေအောက်ထဲမှာ ၁၆ နာရီကြာ နေခဲ့ရတဲ့ ယာဉ်မောင်းနဲ့ ကလေးငယ်တွေဟာ ပြန်ပေးဆွဲသူတွေ အိပ်ပျော်နေတုန်း မြေတွင်းတူးပြီး ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။ ဝုဒ်နဲ့ ကြံရာပါတွေဖြစ်တဲ့ ရစ်ချက်၊ ဂျိမ်းစ်ရှိုအန်ဖဲလ်တို့ဟာ ပြန်ပေးဆွဲမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်မရှိ တစ်သက်တစ်ကျွန်းထောင်ဒဏ် ၂၇ ကြိမ် ချမှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ အယူခံတရားရုံးက အဲဒီပြစ်ဒဏ်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး သူတို့ ၃ ယောက်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ အခွင့်အရေးရှိသင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရစ်ချက်ရှိုအန်ဖဲလ်က ၂၀၁၂ ခုနှစ်၊ ဂျိမ်းစ်ရှိုအန်ဖဲလ်က ၂၀၁၅ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ပြီး ဝုဒ်တစ်ယောက်တည်း ထောင်ထဲမှာ ကျန်နေခဲ့တာပါ။ပြီးခဲ့တဲ့သောကြာနေ့က ဝုဒ်ရဲ့ ၁၈ ကြိမ်မြောက် အယူခံဝင်ဖို့ရဖို့ လျှောက်ထားချက်ကို ပြည်နယ်အကျဉ်းထောင် (California Men’s Colony)မှာ ကြားနာခဲ့ပြီး အသက် ၇၀ အရွယ်ရှိနေတဲ့ ဝုဒ်က အများပြည်သူကို အန္တရာယ်မပေးနိုင်လောက်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် အယူခံဝင်ဖို့ လျှောက်ထားဖို့ ခွင့်ပြုပေးခဲ့တာပါ။

ကြားနာမှုအဖွဲ့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဆုံးဖြတ်ချက်ဟာ ရက် ၁၂၀ အတွင်း အတည်ဖြစ်လာမှာပါ။ အဲဒီဆုံးဖြတ်ချက် အတည်ဖြစ်လာပြီးရင် ပြည်နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ ရက် ၃၀ အတွင်း ပြန်လည်သုံးသပ်မှာပါ။ အကျဉ်းသားက လူသတ်မှုနဲ့ စီရင်ချက်ချခံရမှသာ ပြည်နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ အယူခံဝင်ခွင့်ပေးတဲ့ ဆုံးဖြတ်ချက်ကို ပယ်ချခွင့်ရှိပြီး ဝုဒ်က လူသတ်မှုနဲ့ စီရင်ချက်ချခံရခြင်း မရှိပါဘူး။

ပြန်ပေးဆွဲခံရတဲ့ ကလေးငယ်တွေဟာ အခုချိန်မှာ အရွယ်ရောက်နေကြပြီဖြစ်ပြီး သူတို့ကြုံခဲ့တဲ့ဖြစ်ရပ်ကြောင့် စိုးရိမ်ပူပန်မှု ခံစားရတာတွေ၊ အိပ်မက်ဆိုးမက်တာတွေ ဖြစ်နေတုန်းပဲလို့ ၂၀၁၅ ခုနှစ်က CNN သတင်းဌာနကို ပြောခဲ့ဖူးပါတယ်။

Ref: CNN ” 70-year-old who kidnapped a bus full of children in 1976 has been approved for parole”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top