အနားယူချိန်တွင် မြန်မာနိုင်ငံ၌ အခြေချနေထိုင်ရန်စဉ်းစားနေသည့် အောင်လအန်ဆန်

Aung-la-family-1.jpg

ONE Championship ဝိတ်တန်း (၂) ခု၏ ကမ္ဘာ့ချန်ပီယံ မြန်မာစပါးအုံး အောင်လအန်ဆန်
သည် ကစားသမားဘဝအနားယူချိန်တွင် မိခင်မြေမြန်မာနိုင်ငံ၌ အခြေချနေထိုင်ရန်
စဉ်းစားနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်းပိုင်းအကျဆုံးနေရာဖြစ်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့သည့် အောင်လအန်ဆန်သည် ကချင်မျိုးနွယ်စုမှ ဆင်းသက်လာသော မြန်မာတိုင်းရင်းသားတစ်ဦးဖြစ်ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားဘဝကို အကောင်းမွန်ဆုံးထုဆစ်ကာ ကမ္ဘာ့အလယ်တွင် မြန်မာတို့၏ ဂုဏ်အယူရဆုံး အားကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ရန်ကုန်၊ မန္တလေး နှင့် ကချင်ပြည်နယ်တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ သင်တန်းကျောင်းများဖွင့်လှစ်ရန် စီစဉ်ထားကြောင်းဆက်ပြောပြခဲ့သည်

”လက်ရှိမှာ စဉ်းစားဖြစ်နေတာကတော့ ကစားသမားအဖြစ်ကနေ အနားယူချိန်ရောက်ရင် မြန်မာနိုင်ငံမှာအခြေချဖို့ပါပဲ။ ကစားသမားဘဝအနားယူပြီးရင် လုပ်ချင်တဲ့ဆန္ဒတစ်ခုရှိပါတယ်။ မြန်မာနိုင်ငံသား ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတွေ ထပ်ထွက်ပေါ်လာဖို့အတွက် မွေးထုတ်ပေးဖို့ အစီအစဉ်ရှိတယ်။ ဒီအစီအစဉ်ကိုလည်း အကောင်အထည်ဖော်ချင်ပါတယ်” ဟု မြန်မာ့ဂုဏ်ဆောင် ကစားသမား အောင်လအန်ဆန်က ပြောကြားခဲ့သည်။

အသက် (၃၃) နှစ် အရွယ်ရှိ အောင်လအန်ဆန်သည် ငယ်စဉ်ကပင် မွေးရပ်မြေကို စွန့်ခွာကာ အမေရိကန်နိုင်ငံသို့ ပြောင်းရွေ့အခြေချခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် အမေရိကန် ဖလော်ရီဒါပြည်နယ်ရှိ မေရီဟားနားတွင် လေ့ကျင့်ကာ ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားဘဝကို စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပြောင်မြောက်လှသော ထိုးသတ်ပုံကြောင့် ၂၀၁၂ ခုနှစ်၌ မြန်မာနိုင်ငံတွင် စတင်လူသိများလာခဲ့သည်။

ယင်းအချိန်တွင် မြန်မာစပါးအုံး ဟုထင်ရှားနေသည့် အောင်လအန်ဆန်၏ ယှဉ်ပြိုင်မှုဗီဒီယိုများသည် လူမှုကွန်ရက်စာမျက်နှာတွင် လူသိများခဲ့ပြီး အဝေးရောက်နိုင်ငံသားတစ်ဦးအတွက် မြန်မာပရိသတ်များက ဂုဏ်ယူခဲ့ကြသည်။ အောင်လအန်ဆန်သည် ၂၀၁၅ ခုနှစ်တွင် အာရှ၏အကြီးကျယ်ဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်သည့် ONE Championship နှင့်လက်တွဲနိုင်ခဲ့ပြီး အမိမြေသို့ပြန်လာခဲ့သည်။

‘‘နောင်သုံးနှစ်နေရင်ကစားသမားဘဝက နားဖို့တော့ အစီအစဉ်ရှိတယ်။ နားပြီးသွားရင် မြန်မာနိုင်ငံမှာ မိသားစုနဲ့အတူ ပြန်အခြေချမယ်။ ကလေးကိုလည်း ဒီမှာပဲကျောင်းထားဖို့ စီစဉ်ပါမယ်။ ကချင်ပြည်နယ်မှာပဲနေဖြစ်ဖို့ များပါတယ်’’ ဟု အောင်လအန်ဆန်ကဆိုသည်။

အောင်လအန်ဆန်သည် မြန်မာပြည်တွင် လာရောက်ယှဉ်ပြိုင်ခဲ့သောပွဲစဉ်များတွင် တစ်ပွဲချင်းစီ၌ ပိုကောင်းမွန်သောစွမ်းရည်များကို ပြသနိုင်ခဲ့ပြီး အသည်းမာမှုဇွဲကောင်းမှု ထူးချွန်သော တိုက်ခိုက်မှုစွမ်းရည်များကြောင့် အချိန်တိုအတွင်း ပရိသတ်များ၏ အချစ်တော် ကစားသမားတစ်ယောက်ဖြစ်ခဲ့သည်။ အောင်လအန်ဆန်သည် ၎င်း၏ ကစားသမားဘဝ အမြင့်မားဆုံးအောင်မြင်မှုများ ဖြစ်ခဲ့သည့် သမိုင်းဝင်အောင်ပွဲများနှင့် ONE မစ်ဒယ်ဝိတ်တန်း/ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်များကို ရန်ကုန်မြို့တွင်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ချန်ပီယံကာကွယ်ပွဲများတွင်လည်း အနိုင်ယူကာ အောင်မြင်မှုစိုက်ထူနိုင်ခဲ့သူဖြစ်သည်။ ၎င်းသည်အနားယူချိန်၌ မြန်မာနိုင်ငံတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံလူငယ်ကစားသမားများ မွေးထုတ်ပေးရန်အတွက် ရန်ကုန်၊ မန္တလေး နှင့် ကချင်ပြည်နယ်တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ သင်တန်းကျောင်းများဖွင့်လှစ်ရန် စီစဉ်ထားကြောင်းဆက်ပြောပြခဲ့သည်။

‘‘ကျွန်တော်အခု ချန်ပီယံခါးပတ်ကို အကောင်းဆုံးထိန်းသိမ်းမယ်။ ကစားသမားဘဝ အနားယူပြီးရင်တော့ မြန်မာနိုင်ငံမှာ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတွေ ထပ်ထွက် ပေါ်လာဖို့အောင် မွေးထုတ်ပေးဖို့အစီအစဉ်ရှိတယ်’’ ဟု အောင်လအန်ဆန်က ပြောပြခဲ့သည်။

အောင်လအန်ဆန်သည် ယခုလအတွင်းယှဉ်ပြိုင်မည့် မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ် ပွဲထိုးသတ်ရန် ဇန်နဝါရီ ပထမပတ်ကစတင်၍ ဖလော်ရီဒါရှိ HardKnocks 365 MMA သင်တန်းတွင် လေ့ကျင့်ပြင်ဆင်နေသည်။ အောင်လအန်ဆန်သည် မတ်လ (၃၁) ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌
ONE: A New Era ပြိုင်ပွဲကြီးတွင် ဂျပန်အားကစားသမား Ken Hasegawa နှင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည်ဖြစ်သည်။ မြန်မာ့စပါးအုံးဟု ကျော်ကြားသည့် အောင်လအန်ဆန်သည် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲတစ်လျှောက် (၃၄) ပွဲယှဉ် ပြိုင်ရာတွင် (၂၄) ပွဲနိုင်၊ (၁၀) ပွဲ ရှုံးနိမ့်ထားသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top