နှလုံးသားချင်းနီးသည့် အောင်လ၏ကိုယ်ခံပညာသိုင်းပေါင်းစုံဖူးစာ

26239310_1165560516910417_8827788494113592201_n.jpg

အောင်လအန်ဆန်၏ဘဝတွင် အချို့အရေးကြီးသောအရာများသည် ၎င်းစိတ်အားထက်သန်ရာ ကိုယ်ခံပညာသိုင်းပေါင်းစုံမှ ဖြစ်တည်လာသည်။ အသက် (၃၂) နှစ်အရွယ် အောင်လအန်ဆန်တစ်ယောက်
မြန်မာနိုင်ငံ၏ အထင်ရှားဆုံးအားကစားသူရဲကောင်းတစ်ယောက်အဖြစ်သို့ရောက်ရှိလာစေရန် ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်က အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ONE Championship မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဆု၊ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုနှစ်ဆုရှင်ဖြစ်လာစေရန်လည်း ကိုယ်ခံပညာရပ်သည် အဓိကကျသောကဏ္ဍတစ်ခုဖြစ်ခဲ့သည်။ကိုယ်ခံပညာရပ်ကြောင့်ပင် သူ့ကို မြန်မာပြည်သူများကချစ်မြတ်နိုးကြသလို ဇနီးသည်နှင့် သားငယ်လေးကလည်း ချစ်ခင်နှစ်သက်ကြခြင်းဖြစ်သည်။

မြန်မာ့စပါးအုံးမြွေအောင်လအန်ဆန်က လွန်ခဲ့သည့်(၉)နှစ်ခန့်က အမေရိကန်ပြည်ထောင်စု၊ Maryland ပြည်နယ်၊ Baltimore မြို့ရှိ Crazy 88 ကိုယ်ခံပညာရပ် လေ့ကျင့်ရေးကလပ်တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်များ မသင်ဖြစ်ခဲ့လျှင် ဇနီးသည်ဖြစ်လာမည့် Katie နှင့်ဆုံစည်းခွင့်ရမည်မဟုတ်ဟု အမှန်တကယ်ယုံကြည်ထားသည်။ အဘယ်ကြောင့်ဆိုသော် ကချင်တိုင်းရင်းသားအောင်လအန်ဆန်နှင့် အမေရိကန်သူ Katie တို့မှာ Crazy 88 အားကစားရုံတွင်ဆုံတွေ့ကာ အချစ်စစ်တစ်ခုကို စတင်တွေ့ရှိခဲ့လေသည်။

“Crazy 88 မှာသာ မဆုံဖြစ်ခဲ့ရင် ကျွန်တော်တို့နှစ်ယောက်တွေ့ဖြစ်လိမ့်မယ်လို့မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဘဝမှာ အရာရာတိုင်းကကွဲပြားခြားနားနေတယ်လေ။ ကျွန်တော်တို့နှစ်ယောက်လက်မထပ်ခင်အထိ သူနဲ့ ကျွန်တော် ဘဝနေထိုင်မှုတွေက ကွဲပြားတယ်။ ကွဲပြားခြားနားတယ်။ သူနေတာက Crazy 88 ရဲ့ မြောက်ဘက်မှာ ကျွန်တော်က Crazy 88 ရဲ့ တောင်ဘက်မှာနေတာ။ သူက Baltimore မြို့မြောက်ဘက်မှာပဲနေသလို ကျွန်တော်ကလည်း Baltimore တောင်ဘက်မှာပဲနေတာများတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့မဆုံဖြစ်ကြတာဖြစ်နိုင်ပါတယ်” ဟု အောင်လအန်ဆန်းက Katie နှင့်မဆုံစည်းမီအခြေအနေကို ရင်ဖွင့်သည်။

၂၀၀၉ခုနှစ်တွင်တော့ အောင်လအန်ဆန်တစ်ယောက် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားအဖြစ်အသက်မွေးမည်ဆိုသောဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချမှတ်ခဲ့သည်။ အမေရိကမြောက်ပိုင်းတွင် ကိုယ်ပိုင်နာမည်တစ်လုံးထူထောင်ရန်ကြိုးစားခဲ့သည်။ Crazy 88 အားကစားရုံတွင်လေ့ကျင့်ကာ ပြန်လည်သင်ကြားပေးမှုများလည်းပြုလုပ်ပေးခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာ့စပါးအုံးမြွေအောင်လသည် မိမိကိုယ်ကို အာရုံစူးစိုက်မှုအပြည့်ထည့်ကာ လေ့လာသင်ယူများပြုလုပ်ခဲ့သည်။

သို့သော် ထိုအရာများက Katie ဟုအမည်ရသည့်မိန်းမချောလေး Baltimore အခြေစိုက် Crazy 88 အားကစားရုံ၏ တံခါးကို ဖွင့်မဝင်လာမီအချိန်အထိသာဖြစ်သည်။ Katie က ဘရာဇီးလ်ဂျူဂျစ်ဆုကိုလေ့လာသင်ယူရန် စိတ်ဝင်စားခဲ့သည်။ ထိုစဉ်ကတည်းက Katie ကို အောင်လအန်ဆန်းက စိတ်ဝင်စားခဲ့သည်ဟုဝန်ခံခဲ့ပြီး ၎င်း၏ခံစားချက်ကို Katie အားပြောပြရန် ချီတုံချတုံဖြစ်နေခဲ့သည်။

“အဲဒီအချိန်တုန်းက သူကသင်တန်းသူအသစ်လေ။ ကျွန်တော့်ကို အပြင်မှာတွေ့ကြမလားလို့ သူကမေးတယ်” ဟု အောင်လအန်ဆန်က ချစ်ဇာတ်လမ်းစတင်ပုံကို ပြန်ပြောင်းပြောပြခဲ့သည်။ သို့သော် တပည့်ဖြစ်သူနှင့်အပြင်တွင် တွေ့ဆုံရန် အခြေအနေမပေးခဲ့ပါ။

ထိုအဖြစ်အပျက်ကို အောင်လက” အစက ကျွန်တော်ကမဖြစ်နိုင်ဘူးလို့ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က Katie ရဲ့သင်တန်းဆရာဖြစ်သလို Kickboxing နည်းပြဆရာလည်းဖြစ်နေလို့ပါပဲ။ ကိုယ့်ရဲ့တပည့်နဲ့ အပြင်ထွက်ဒိတ်လုပ်ဖို့ဆိုတာ မဖြစ်သင့်ဘူးလို့ယူဆတယ်။ ဒါကြောင့် မတွေ့ဘူးလို့ပြောလိုက်တယ်” ဟု ဆိုသည်။

ယောကျာ်းလေးဘက်မှခါးခါးသီးသီးငြင်းဆန်ခဲ့သော်လည်း Katie ကမူ အောင်လအန်ဆန်အပေါ်စိတ်ဝင်စားမှုကို အဆုံးမသတ်ခဲ့ပါ။ Crazy 88 အားကစားရုံတွင် ၎င်းတို့နှစ်ဦးကြားဆက်ဆံရေးက တဖြည်းဖြည်းပိုမိုခိုင်မာလာခဲ့ပြီး နှစ်ဦးသားအမြင်ချင်းဖလှယ်ခဲ့ကြသည်။ ကိုယ်ခံပညာရပ်အပေါ် ပြင်းပြင်းပြပြချစ်မြတ်နိုးမှုကလည်း တူညီနေသောကြောင့် နှလုံးသားချင်းက ပို၍နီးနီးကပ်ကပ်ရှိလာခဲ့သည်။

“သူကတော်တော်ဇွဲကောင်းတာ။ ဒါကြောင့် ကျွန်တော်လည်းသူနဲ့တွေမယ်လို့ပြောခဲ့ရတယ်” ဟု အနာဂတ် ဇနီးလောင်းဖြစ်လာမည့် Katie အကြောင်း ပြန်လည်ရင်ဖွင့်ခဲ့သည်။

“ကျွန်တော်တို့အပြင်ထွက်လည်ကြတယ်။ Katie က တကယ်ကိုရိုးသားတဲ့သူပါ။ နောက်တော့ ကျွန်တော်တို့ချိန်းတွေ့ကြတယ်” ဟုလည်း နောက်ဆက်တွဲချစ်ဇာတ်လမ်းကိုအောင်လကရင်ဖွင့်ပြသည်။

၎င်းတို့နှစ်ယောက်က သင်တန်းချိန်တွင်သာမက ပြင်ပတွင်ပါနီးနီးကပ်ကပ်ရှိနေသောကြောင့် မေတ္တာစိတ်များလည်း တဖြည်းဖြည်းခိုင်မြဲလာခဲ့သည်။ ထိုစဉ်ကတည်းက Katie မှာ ၎င်း၏ဇနီးလောင်းဖြစ်လာလိမ့်မည်ဟု မြန်မာ့စပါးအုံးမြွေအောင်လက အခိုင်အမာယုံကြည်ထားပြီးဖြစ်သည်။

“ကျွန်တော်တို့တွဲပြီး တစ်နှစ်၊ နှစ်နှစ်လောက်မှာပဲ Katie ဟာ ကျွန်တော့်ဘဝအတွက်နံပါတ်တစ်ဆိုတာသိလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ တစ်ဦးအပေါ်တစ်ဦး အရမ်းကိုပြည့်စုံကောင်းမွန်နေလို့ပါပဲ ” ဟု အောင်လက ယုံကြည်မှုအပြည့်၊ ပျော်ရွှင်မှုအပြည့်ဖြင့်ပြောပြသည်။ Katie ၏ခံစားမှုကလည်း အောင်လအန်ဆန်းလိုပင်ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် Baltimore မြို့ရှိ တရားရုံးတစ်ခုအတွင်း ၎င်းတို့နှစ်ဦး၏တရားဝင်မင်္ဂလာပွဲကိုကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ် ၌ အောင်ဒီ ဟူသော ချစ်စရာသားငယ်လေးတစ်ဦးကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။ သားငယ်လေးမွေးဖွားပြီးနောက် အောင်လ၏ ကိုယ်ခံပညာရပ်ခရီးမှာလည်း တဖြည်းဖြည်းအောင်မြင်ထင်ရှား လာခဲ့သည်။ နောက်ပိုင်းတွင် ဇနီးသည်က ၎င်း၏ကစားသမားဘဝ၌ အဓိကနေရာမှပါဝင်ခဲ့ကြောင်းကိုလည်း အောင်လကတခုတ်တရဖွင့်ဟခဲ့သေးသည်။

“ပထမဆုံးစတွေတဲ့နေ့ကတည်းက Katie ဟာ ကျွန်တော့်အတွက်ထာဝရဖြစ်ခဲ့တယ်။ သူက ကျွန်တော်နဲ့ရှိနေသလို ကျွန်တော့်ကိုလည်းသူယုံတယ်။ ကျွန်တော်ရှုံးနိမ့်မှုတွေကြုံနေချိန်မှာတောင် Katie က ကျွန်တော့်ရဲ့အကြီးမားဆုံး ပရိသတ်ဖြစ်ခဲ့တယ် ” ဟုဆိုသည်။ မိသားစုသည် ၎င်း၏ဘဝတွင် အကြီးမားဆုံးနေရာမှပါဝင်နေသည်ကိုလည်း အောင်လအန်ဆန်းကဝန်ခံထားသည်။

“ကျွန်တော် သူတို့အတွက် အချိန်အများကြီးမပေးနိုင်ပါဘူး။ ဒါပေမဲ့ ရတဲ့အချိန်တိုင်းကို မိသားစုအတွက် အချိန်ပေးဖြစ်တယ်။ သူတို့အတွက်ပဲ ကျွန်တော်အာရုံစိုက်ထားတယ်။ ကျွန်တော့်ရဲ့ စွမ်းအားတွေ၊ ဝိညာဉ်တွေက သူတို့အတွက်ပါပဲ” ဟုအောင်လကပြောသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top