သမုဒ္ဒရာထဲမှ ပလတ်စတစ်နဲ့ နေလောင်ခံခရင်မ်တွေကို သန့်စင်ပေးနိုင်တဲ့ အုန်းခွံထဲမှ မှိုတမျိုးကို အထက်တန်းကျောင်းသူ ရှာဖွေတွေ့ရှိ

cc.webp

ဟိုနိုလူလူကျွန်း အရှေ့ပိုင်းမှ အထက်တန်းကျောင်းသူတစ်ဦးဟာ သမုဒ္ဒရာထဲမှာရှိတဲ့ ပလတ်စတစ်တွေနဲ့ နေလောင်ခံခရင်မ်တွေကို သန့်စင်ပေးနိုင်တဲ့ မှိုတစ်မျိုးကို အုန်းခွံတွေထဲကနေ ရှာဖွေတွေ့ရှိခဲ့ပြီး ဟာဝိုင်အီပြည်နယ် သိပ္ပံနဲ့ အင်ဂျင်နီယာပြပွဲမှာ ဆုအများအပြား ဆွတ်ခူးရရှိခဲ့ပါတယ်။

Kaiser အထက်တန်းကျောင်းမှ စီနီယောကျောင်းသူ ဗီရာဝမ်ဟာ(Vera Wang)ရဲ့ တွေ့ရှိမှုဟာ ဟာဝိုင်အီတက္ကသိုလ် (University of Hawaiʻi) Anthony Amend ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုတွေ လုပ်ပြီးတဲ့နောက် ကဏ္ဍအများအပြားမှာ ဆုတွေ ဆွတ်ခူးခဲ့တာပါ။ ဒါ့အပြင် လာမယ့် မေလကျရင် အရီဇိုးနားပြည်နယ်မှာ ကျင်းပမယ့် နိုင်ငံတကာ သိပ္ပံနဲ့ အင်ဂျင်နီယာပြပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်လည်း ရရှိခဲ့ပါတယ်။

ဗီရာဝမ်ဟာ ရိုးရာပိုလီနီးရှန်း (Polynesian) ရက်ကန်းယက်လုပ်နည်းကို ခေတ်မီပတ်ဝန်းကျင်ထိန်းသိမ်းရေး သိပ္ပံပညာနဲ့ ပေါင်းစပ်ပြီး ရေမျက်နှာပြင်ပေါ်ရှိ နေလောင်ကာခရမ်နဲ့ မိုက်ခရိုပလတ်စတစ် (Microplastics) တွေကို ဖယ်ရှားပေးနိုင်မယ့် သမုဒ္ဒရာရေစစ်တစ်ခုကို ဒီဇိုင်းဆွဲ ဖန်တီးခဲ့တာပါ။

“အုန်းလျှော်ရဲ့ အပေါက်ငယ်လေးတွေ တည်ဆောက်ပုံဟာ လေနဲ့ရေ သွားလာမှုကို အထောက်အကူပြုပြီး အဏုဇီဝပိုးမွှားတွေအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ အုန်းခွံတွေထဲမှာ သဘာဝအတိုင်း တွေ့ရှိရတဲ့ မှိုတွေဟာ နေလောင်ခံခရင်မ်နဲ့ ပလတ်စတစ်တွေကို ဇီဝနည်းအရ ဆွေးမြည့်ပျက်စီးစေနိုင်ပါတယ်”လို့ ဗီရာဝမ်က ဆိုပါတယ်။

မျိုးဗီဇစမ်းသပ်မှုတွေအရ ဗီရာဝမ်ရဲ့ တွေ့ရှိမှုထဲမှ တချို့ မှိုမျိုးစိတ်တွေဟာ မျိုးဗီဇနဲ့ ဂျီနုမ်း (genomes) ဆိုင်ရာ ကမ္ဘာ့အကြီးဆုံး ဒေတာဘေ့စ်ထဲမှ အရာတွေနဲ့ မတူကွဲပြားမှုတွေ ရှိနေတာကြောင့် မခွဲခြားရသေးတဲ့ မျိုးစိတ်သစ်တွေ ဖြစ်နေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဗီရာဝမ်ရဲ့ ပရောဂျက်ဟာ အဏုဇီဝဗေဒကဏ္ဍမှာ ပထမဆု ရရှိခဲ့သလို McInerny ဖောင်ဒေးရှင်းမှ ပညာသင်ဆုလည်း ရရှိခဲ့ပါတယ်။

Ref: Teen Discovers Coconut Fungi Can Filter Plastic and Sunscreen From Sea—And Wins Science Fair

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top