ONE Warrior Series နှင့် စာချုပ်သစ်ချုပ်ဆိုထားသည့် စိုင်းဉာဏ်လင်း၏ ၂ဝ၂ဝ ရည်မှန်းချက်များ

yyl-006.jpg

“ကျွန်တော် ONE Warrior Series နဲ့ ၂ဝ၂ဝ အတွက် စာချုပ်သစ် ထပ်ချုပ်ထားတယ်။ စုစုပေါင်း နောက်လေးပွဲ ကစားဖို့ ထပ်ချုပ်ဖြစ် တာပါ။ တစ်နှစ်ခွဲ လား မသိဘူး။ ဒီကာလအတွင်းမှာ ဒီပွဲအရေအတွက် ထိုးရမယ်”ဟု ONE Warrior Series တွင် ပါဝင်ကစားနေသည့် မြန်မာ ကစားသမား “The Karate Kid” စိုင်းဉာဏ်လင်း က ထုတ်ဖော် ပြောပြခဲ့သည်။ ONE ၏ ဒုတိယ ဥက္ကဌ Rich Franklin စီစဉ်ကျင်းပနေသည့် OWS ပြိုင်ပွဲသည် အရည်အချင်းရှိသော မျိုးဆက်သစ် ကစားသမားများကို ONE Championship အတွက် စင်တင်ပေးနိုင်ရန် ရည်ရွယ်ကျင်းပသည့် ပြိုင်ပွဲဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အကောင်း ဆုံး ကစားနိုင်သူ များကို ဆုငွေ အမေရိကန်ဒေါ်လာ တစ်သိန်းတန် ONE Championship စာချုပ်များ ချုပ်ဆိုလေ့ရှိသည်။ ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်နေသည့် ကစားသမား ၂ ဦးရှိပြီး စိုင်းဉာဏ်လင်းနှင့် Bali MMA မှ ပုညစိုင်း တို့ ဖြစ်သည်။

စိုင်းဉာဏ်လင်းသည် လာမည့် ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ၂ဝ၂ဝ အတွင်း ပထမဆုံး OWS ပြိုင်ပွဲအတွက် ခေါ်ယူခြင်း ခံရသော်လည်း ပါဝင်ရန် ငြင်းပယ်ခဲ့ရသည်။ “ဖေဖော်ဝါရီ ပွဲကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာအကုန် ဇန်နဝါရီလထဲမှာ ကျွန်တော့်ရဲ့ ကျေးဇူးရှင်လို့လည်း ပြောလို့ရတဲ့ အဒေါ် နေမကောင်း ဖြစ်တယ်။ ပြီးတော့ ဆုံးသွားတယ်။ အဲဒီကာလတွေ အတွင်းမှာ သူ့နားကို ပြန်ပြီး ပြုစုပေးခဲ့တယ်။ ပြီးတော့ အသုဘကိစ္စတွေလည်း ရှိလို့ လေ့ကျင့်ရေး မလုပ်နိုင်ခဲ့ဘူး။ အဲဒီတော့ ပြင်ဆင်ချိန်ပိုလိုတဲ့အတွက် အဲဒီပွဲကို ဝင်မပြိုင် ဖြစ်တာပါ”ဟု ရှင်းပြခဲ့သည်။

ONE Championship ကစားသမား “ဘူရှီဒို” ဖိုးသော်၏ Team PT တွင် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်ဟောင်း ကရာတေး ကစားသမား စိုင်းဉာဏ်လင်းသည် ပထမဆုံး OWS ပွဲတွင် ဘရူနိုင်း ကစားသမား Adib Sulaiman ကို လည်းကောင်း၊ ဒုတိယပွဲတွင် တစ်နိုင်ငံတည်းသား ကစားသမား ပုညစိုင်း ကိုလည်းကောင်း ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း နောက်ဆုံး ကစားခဲ့သည့် နှစ်ပွဲတွင် ထိုင်းနိုင်ငံသား Peter Danasoe နှင့် မလေးရှား နိုင်ငံသား Matt Korro တို့ကို ဆက်တိုက် အနိုင်ရထားသည်။

ဆက်လက်ပြီး စိုင်းဉာဏ်လင်းက “၂ဝ၂ဝ အတွင်းမှာ လေ့ကျင့်ရေးတွေ ပိုပြီးလုပ်ဖြစ်တယ်။ ၂ဝ၁၉ ကုန်ခါနီးက ကျွန်တော့် အဒေါ်ကြောင့် နှစ်ပတ်သုံးပတ်လောက် မြို့ကို ပြန်နေလို့ လေ့ကျင့်ရေး ပျက်ခဲ့တာကို အပြင်းအထန် ပြန်လေ့ကျင့် နေပါတယ်။ လာမယ့် ဧပြီပွဲဆို အဆင့်သင့် ဖြစ်လောက်ပါပြီ”ဟု ဆိုခဲ့သည်။

ကယားပြည်နယ်၊ လွိုင်ကော် ဇာတိဖြစ်သူ စိုင်းဉာဏ်လင်းသည် ကရာတေး အကြီးတန်း မြန်မာပြည် အိုးပင်း ပြိုင်ပွဲ၏ 75 KG ဝိတ်တန်းတွင် ၂ဝ၁၅၊ ၂ဝ၁၆၊ ၂ဝ၁၇ သုံးနှစ်ဆက်တိုက် ချန်ပီယံ ရွှေတံဆိပ် ဆွတ်ခူးခဲ့သူ ဖြစ်သည်။ ၂ဝ၁၅ စတုတ္တ အကြိမ် အမျိုးသား အားကစား ပွဲတော်တွင်လည်း တစ်ဦးချင်းရော၊ အသင်းလိုက်ပါ ချန်ပီယံ ဖြစ်ခဲ့သည်။ အာဆီယံ ဒေသတွင်း ပြိုင်ပွဲများကိုလည်း နှစ်စဉ်သွားရောက် ယှဉ်ပြိုင်ခဲ့ကာ ၂ဝ၁၇ ဆီးဂိမ်းတွင် နိုင်ငံ့လက်ရွေးစင် ကရာတေး ကစားသမား တစ်ယောက်အဖြစ် ယှဉ်ပြိုင်ခဲ့သည်။

“ဘယ်လို ပြိုင်ဘက်မျိုးကို တွေ့ချင်တယ် ဆိုတာထက် ပွဲစီစဉ်တဲ့သူတွေအပေါ်မှာ မူတည်တာပေါ့။ ONE Warrior Series ကလည်း အရင်ကနဲ့ မတူတော့ဘူး။ နိုင်ငံတကာက ကစားသမားတွေ ONE Championship ထိုးခွင့်ရဖို့ ဒီပြိုင်ပွဲမှာ လက်ရည်လာစမ်းနေကြတဲ့ သူတွေ အများကြီးပဲ။ တချို့ ကစားသမားတွေဆိုရင် အရမ်း စွမ်းဆောင်ရည်ကောင်းတာ ကျွန်တော်တို့ ကိုယ်တိုင် မြင်ခဲ့ရတယ်။ အဲဒီအတွက်ကြောင့် ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ထားရမှာပဲလေ။ ဟိုဘက်ကလာမယ့် ကစားသမားကို ကြိုမှ မသိရတာ။ ကြိုသိရရင်တောင် တစ်လခွဲလောက်ပဲ အချိန်ရှိတာလေ။ ကိုယ့်ဘက်က ဝမ်းစာပြည့်နေဖို့ လိုတာပေါ့”ဟု ဆိုခဲ့သည်။

“ကျွန်တော်ကတော့ မြေပြင် တိုက်ခိုက်မှုရော၊ မတ်တပ်ရပ် တိုက်ခိုက်မှုရော ပေါင်းပြီးကစားတာဆိုတော့ မြေပြင်ကစားပွဲ အားသန်တဲ့ သူတွေနဲ့တွေ့ရင် ပွဲတွင်းဗျူဟာကို တစ်မျိုးပြောင်းရင်လည်း ပြောင်းရမှာပေါ့။ ဒါကတော့ ပြောလို့ မရသေးဘူး။ ကျွန်တော်ကတော့ မတ်တပ်ရပ် ကစားတာ အားသန်တဲ့သူ ဆိုတော့လေ”ဟု စိုင်းဉာဏ်လင်းက ပြောပြသည်။

လက်ရှိတွင် Team PT ၌ အပြင်းအထန် လေ့ကျင့်မှုများ ပြုလုပ်နေသည့် စိုင်းဉာဏ်လင်းက ၎င်းတို့၏ လေ့ကျင့်ရေးပုံစံများ ပြောင်းပြီး လေ့ကျင့်နေသည်ဟု ဆိုသည်။ Full Sparring ဟု ခေါ်သည့် အမှန်တကယ် ပွဲယှဉ်ပြိုင်နေသကဲ့သို့ တိုက်ခိုက် လေ့ကျင့်သည့် ပုံစံမျိုးကို အကာအကွယ်ပစ္စည်း အပြည့်အစုံနှင့် လေ့ကျင့်နေကြောင်း ၎င်းက ပြောပြသည်။ ထို့ပြင် သက်လုံတိုးတက်လာစေရန် အတွက်လည်း ၂၁ ကီလိုမီတာ တာဝေးပြေသည့် လေ့ကျင့်ခန်းများ ပြုလုပ်ဖြစ်သည်ဟု စိုင်းဉာဏ်လင်းက ပြောသည်။

“ကျွန်တော်ကတော့ ၂ဝ၂ဝ အတွင်းမှာ ရရှိထားတဲ့ အနေအထားထက် ပိုပြီး အကောင်းဆုံး ဖြစ်အောင် တည်ဆောက်နေပါတယ်။ နောက်ထပ်ပိုပြီး အခွင့်အလမ်းတွေလည်း မျှော်လင့်နေပါတယ်။ ကျွန်တော်တို့က ကစားပွဲတစ်ပွဲ ပြီးတိုင်း အားနည်းချက်၊ အားသာချက် တွေကို ပြန်ဆန်းစစ် ရတာပေါ့။ ဒဏ်ရာ ပြဿနာတို့ ဘာတို့လည်း ပါတာပေါ့။ ၂ဝ၁၉ မှာ ရှိခဲ့တဲ့ အားနည်းချက် အားသာချက်တွေကို ၂ဝ၂ဝ မှာ ပြန်လည် ပြင်ဆင်ပြီး ပိုကောင်းအောင် ကြိုးစားသွားပါမယ်”ဟု ပရိသတ်ကို ကတိပေးခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top