ဇာတိမြေတွင်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေသော Mei Yamaguchi

pasted-image-0-1-1.png

ONE Championship ပရိသတ်များသည် မတ်လ ၃၁ ရက်နေ့ကို လက်ချိုးရေတွက်ကာ စောင့်ဆိုင်းနေကြကာ အကြောင်းမှာ အဆိုပါနေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌
ONE: A NEW ERA ပြိုင်ပွဲကြီးကိုကျင်းပသွားမည်ဖြစ်သောကြောင့် ဖြစ်သည်။

ONE အနေဖြင့် ဤကဲ့သို့ ကြီးကျယ်ခမ်းနားလှသော ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ကာ ဂျပန်ဈေးကွက်အတွင်းသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး၊ အဆိုပါပြိုင်ပွဲကြီးတွင် ကမ္ဘာ့ချန်ပီယံခါးပတ်လုမည့် တွဲဆိုင်း ၄ ခု၊ အများက မျှော်လင့်စောင်းစားလျက်ရှိသော
Eddie Alvarez နှင့် Demetrious Johnson တို့၏ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ပြိုင်ပွဲများပါဝင်မည်ဖြစ်သည်။

သို့သော် တက်သစ်စ နေဝန်းနီ ဟု တင်စားခေါ်ဝေါ်ကြသော ဂျပန်မြေတွင် အိမ်ရှင်ပရိသတ်အချစ်တော် Mei “V.V” Yamaguchi ကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးဘဲ ONE
အနေဖြင့် ဤပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်မဟုတ်ချေ။

ဂျပန်နိုင်ငံတွင် မွေးဖွားပြီး ဂျပန်နိုင်ငံ၏မြို့တော်၌ နေထိုင်ကာ ONE ကမ္ဘာ့ချန်ပီယံခါးပတ်ကို ၂ ကြိမ်တိုင်တိုင် စိန်ခေါ်ဖူးသူ Mei သည် ONE ပြိုင်ပွဲများ ၎င်း၏နိုင်ငံတွင် လာရောက်ကျင်းပမည်ကို သိလျှင်သိချင်း ဤပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်လိုခဲ့သည်။

ပရိသတ်များနှင့် Yamaguchi အဖို့ ကံကောင်းထောက်မစွာပင် ၎င်းဆန္ဒရှိသည့်အတိုင်း
မတ်လ ၃၁ ရက်နေ့ပြိုင်ပွဲတွင် Yamaguchi သည် ONE ကို စတင်ဝင်ရောက်လာသူ Kseniya “The Tigress” Lachkova နှင့် ရင်ဆိုင်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

Yamaguchi အဖို့ Lachkova နှင့် ယှဉ်ပြိုင်ရသည်မှာ လွယ်ကူမည့်ကိစ္စမဟုတ်သည်ကို သိရှိထားသည်

အစပိုင်းတွင် Yamaguchi သည် ဖေဖော်ဝါရီတွင် စင်္ကာပူ၌ ကျင်းပခဲ့သည့် ONE:
CALL TO GREATNESS ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန်စီစဉ်ထားသောကြောင့် ယခုပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်ရန် မသေချာသလောက်ရှိခဲ့သည်။

ပြိုင်ပွဲမစခင်တစ်ပတ်အလိုတွင်မှ Yamaguchi ၏တွဲဆိုင်းကို ပယ်ဖျက်လိုက်သည့်အကြောင်း သိရှိခဲ့ရသည်။ သာမန်အခြေအနေတွင် ကစားသမားတစ်ယောက်အဖို့ ၎င်းတို့၏ တွဲဆိုင်းကို ပယ်ဖျက်လိုက်သည်ဟူသော သတင်းသည် သတင်းကောင်းမဟုတ်ချေ။ သို့သော် ၎င်းအတွက်တော့ ထိုသတင်းသည် အဆိုးထဲမှ အကောင်းဖြစ်ခဲ့ပေသည်။

“ကျွန်မကို တိုကျိုမှာပြိုင်ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်။ ကျွန်မ စင်္ကာပူကိုသွားတဲ့နေ့မှာပဲ စင်္ကာပူပွဲကို ပယ်ဖျက်လိုက်တယ်ဆိုတာကို သိလိုက်ရတယ်”ဟု Yamaguchi က ဆိုသည်။

“သူတို့နောက်ထပ်ပြိုင်ဘက်တစ်ယောက်ကို ရှာကြသေးတယ်။ သူတို့က ကျွန်မကို နောက်ထပ်ပြိုင်ဘက်ထပ်ရှာပေးမယ်၊ ရှာမတွေ့ဘူးဆိုရင်တော့ ကျွန်မရဲ့ပြိုင်ပွဲကို တိုကျိုမှာပဲလုပ်ဖြစ်တော့မယ်လို့ ပြောတယ်။ ဒါကြောင့် အဆင်ပြေပါတယ်။ အချိန်ကိုက်ပဲဖြစ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

Yamaguchi သည် ၎င်း၏စင်္ကာပူခရီးစဉ်ကို အလကားမဖြစ်စေခဲ့ပေ။ စင်ကာပူတွင်ရှိနေစဉ်ကာလအတွင်း အာရှထိပ်တန်းကိုယ်ခံပညာသိုင်းပေါင်းစုံ အာကစားရုံတွင် သီးသန့်လေ့ကျင့်ရေးအတန်းတစ်ခုတွင် သွားရောက်လေ့ကျင့်ခဲ့သည်။

“ကျွန်မ စင်္ကာပူရောက်တုန်း Evolve ကိုသွားခဲ့ပြီး အဲဒီမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တယ်။
ကျွန်မ တစ်ရက်ကို ၂ ကြိမ်နဲ့ သီးသန့်လေ့ကျင့်ရေးအတန်းကို နေ့တိုင်းသွားလေ့ကျင့်ခဲ့တယ်”ဟု Yamaguchiက ပြောသည်။

Yamaguchi က အလွန်အပြင်းအထန်လေ့ကျင့်နေသည်ကို မကြည့်ရက်ခဲ့သော
Evolve မှ နည်းပြများသည် တိုကျိုပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မှုမစခင် အနားယူရန် ၎င်းကို အကြံပေးခဲ့ကြသည်။

“အဲဒီကနည်းပြတွေက ကျွန်မကို နောက်ထပ် လေ့ကျင့်မှုမစခင် မတ်လဆန်းလောက်အထိ ပေါ့ပေါ့ပါးပါး အနားယူသင့်တယ်လို့ ပြောကြတယ်”ဟု Yamaguchi က ဖြည့်စွက်ပြောကြားသည်။

Yamaguchi သည် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားအနေဖြင့် အမိမြေတွင် ပြိုင်ပွဲမဝင်ခဲ့သည် ၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ ယခုတဖန် ၎င်း၏ ပြည်သူများရှေ့တွင် ထပ်မံယှဉ်ပြိုင်ရန် အခွင့်အရေးရလာသောကြောင့် ပျော်ရွှင်ဝမ်းမြောက်လျက်ရှိသည်။

“ပရိသတ်တွေအများကြီးရှေ့မှာ၊ ကိုယ့်ရဲ့ ပရိတ်သတ်၊ အဖွဲ့သားတွေနဲ့ မိသားစုရဲ့ရှေ့မှာ ယှဉ်ပြိုင်ရတာဟာ သိပ်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။

“နိုင်ငံရပ်ခြားမှာယှဉ်ပြိုင်ရတာနဲ့ယှဉ်ရင် ကိုယ့်တိုင်းပြည်မှာ ပြိုင်ရတာက ပိုပြီးဖိအားများပါတယ်။ ဒါပေမယ့် ဒါကို ကျွန်မအကောင်းဘက်ကပဲတွေးပါတယ်။ ဖိအားသိပ်မများအောင်ကြိုးစားပြီး ပြိုင်ပွဲကို ယှဉ်ပြိုင်သွားမှာပါ”ဟု ၎င်းကဆိုသည်။

Yamaguchi အဖို့ Lachkova နှင့် ယှဉ်ပြိုင်ရသည်မှာ လွယ်ကူမည့်ကိစ္စမဟုတ်သည်ကို သိရှိထားသည်။ ရုရှားကစားသမား Lachkova သည် လှပသေသပ်သော အနိုင်ပွဲ ၅ ပွဲဆက်တိုက်ရရှိကာ တိုကျိုမြို့ပြိုင်ပွဲသို့ရောက်ရှိလာခြင်းဖြစ်သည်။ ထိုအနိုင်ပွဲ ၅ ပွဲတွင် ၄ ပွဲကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိထားခြင်းဖြစ်သည်။

“သူ့ရဲ့ပြိုင်ပွဲ ဗီဒီယိုတွေကို ကျွန်မ ကြည့်ခဲ့ဖူးပါတယ်” Yamaguchi က ပြောသည်။

“သူက သိပ်ကိုတော်တဲ့ kickboxer သမားဆိုတာ သတိပြုမိပါတယ်။ ပြီးတော့ သူ့ပြိုင်ဘက်က
မြေပြင်ကစားကွက် အားနည်းတဲ့သူဆိုရင် သူက ချုပ်ကွက်နဲ့အနိုင်ရအောင် ကြိုးစားလေ့ရှိတယ်။ ဒါကြောင့် သူက ဘက်စုံထူးချွန်တဲ့သူလို့ ကျွန်မထင်ပါတယ်။ ဒါပေမယ့် ကျွန်မအတွက် ကိစ္စမရှိပါဘူး။ ကျွန်မ သူ့ကို အနိုင်ရယူဖို့ကြိုးစားယှဉ်ပြိုင်သွားမှာပါ” ဟု ၎င်းက ပြောသည်။

Yamaguchi သည် ၎င်း၏ ၂၀၁၉ ခုနှစ်အတွက် ရည်မှန်းချက်မှာ ONE အမျိုးသမီးအက်တမ်ဝိတ်ကမ္ဘာ့ချန်ပီယံဆုကို ရယူသိမ်းပိုက်သွားရန်ဖြစ်သည်ကို ဖွင့်ဟထားပြီးဖြစ်သည်။ Yamaguchi အဖို့ ONE Championship ပြိုင်ပွဲသမိုင်းတွင် အကြီးကျယ်ဆုံးပြိုင်ပွဲကြီးတွင် Lachkova ကို အနိုင်ရမည်ဆိုပါက ၎င်း၏ရည်မှန်းချက်ပိုင်းတိုင်ဆီသို့ ပိုမိုနီးကပ်လာမည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top