တရုတ်ကိုတင်ပို့ဖို့ နတ်သမီးမျိုးစပါးဧကနှစ်ထောင် စမ်းသပ်စိုက်ပျိုးမယ်

yyl-23-001.jpg

တရုတ်နိုင်ငံကို တင်ပို့ရောင်းချနိုင်ဖို့အတွက် အဲဒီနိုင်ငံက မျိုးယူထားတဲ့ အရည်အသွေးပြည့်မီတဲ့ နတ်သမီးမျိုးစပါးဧက(၂၀၀၀)ကို မြန်မာနိုင်ငံမှာ စမ်းသပ်စိုက်ပျိုးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။ “စက်ပိုင်တွေ၊ လယ်သမားတွေ၊ စပါးကုန်သည်တွေ အကုန်ပေါင်းစပ်ပြီးတော့ သူတို့လိုချင်တဲ့မျိုးကို သူတို့ဆီကယူပြီး ကျွန်တော်တို့ဆီမှာ စိုက်ပျိုးပါမယ်။ အဲဒီမျိုးစပါးကိုနတ်သမီးလို့ အမည်ပေးထားပြီး ဧက ၂၀၀၀ စမ်းသပ်စိုက်ပျိုးမှာပါ”လို့ ဦးကျော်ဝင်းက ပြောပါတယ်။

အဲဒီနတ်သမီးမျိုးစပါးဧက ၂၀၀၀ ကို အခုနှစ်မှာ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဒီမျိုးစပါးက ပူတဲ့ရာသီဥတုကို မနှစ်သက်တဲ့အတွက် နိုဝင်ဘာလမှာ အပြီးစိုက်ပျိုးပြီး ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းမှာ အပြီးရိပ်သိမ်းနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်ပြည်ကို တင်ပို့နေတဲ့ ဆန်ဈေးကွက်ဟာ ဆန်ကြမ်းဈေးကွက်သာရှိပေမယ့် အခု စမ်းသပ်စိုက်ပျိုးမယ့် နတ်သမီးမျိုးသာ အောင်မြင်ရင် တရုတ်ပြည်က လိုအပ်တဲ့ စားဆန်ဈေးကွက်အတွက် ဆန်တန်ချိန်တစ်သန်းကို ဈေးကောင်းကောင်းနဲ့ နှစ်စဉ်တင်ပို့နိုင်မှာ ဖြစ်ပါတယ်။

“တရုတ်နိုင်ငံက ဗီယက်နမ်ကနေ တစ်နှစ်ကို စားဆန်တန်တစ်သန်းလောက် သူတို့ဝယ်ပါတယ်။ ဒီနတ်သမီး မျိုးစပါးအောင်မြင်ရင် တောင်သူလယ်သမားတွေအတွက်ရော၊ စက်ပိုင်တွေအတွက်ရော၊ အကုန်လုံးပေါ့၊ ဒီဆန်စပါးကို မှီခိုအားထားတဲ့ သူတွေအားလုံး အဆင်ပြေမယ်လို့ မြင်ပါတယ်”လို့ ဦးကျော်ဝင်းက ပြောပါတယ်။ အခုစမ်းသပ်စိုက်ပျိုးမယ့် နတ်သမီးလို့အမည်ပေးထားတဲ့ မျိုးစပါးဟာ တစ်ကြိမ်ပွားပြီးရင် နှစ်နှစ်သာ စိုက်ပျိုးနိုင်ပြီး သုံးနှစ်မြောက်စိုက်ပျိုးဖို့အတွက် ပြန်လည်ပြီး မျိုးပြန်ထောင်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက စပါးထွက်ရှိမှု(၁၀)နိုင်ငံအတွင်းမှာပါဝင်နေပြီးတော့ တစ်နှစ်ကို အနည်းဆုံး ၉ သန်းနဲ့ ၁၀ သန်းကြား ထွက်ရှိပေမယ့် ပြည်တွင်းစားသုံးရန်ထားရှိတာ၊ မျိုးစပါးချန်တာတွေကြောင့် ပြည်ပကို တန်သုံးသန်း ဝန်းကျင်ပဲ တင်ပို့နိုင်နေတာ ဖြစ်ပါတယ်။
ပုံစာ – မြန်မာနိုင်ငံမှာ စမ်းသပ်စိုက်ပျိုးမယ့် နတ်သမီးမျိုးစပါးကို ပြသနေစဉ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top