ဂရစ်ဇ်မန်းရဲ့ အပြောင်းအရွှေ့အတွက် ဘာကာနဲ့ တီကိုတို့ ပေါင်(၁၃)သန်းတန် ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခဲ့တယ်လို့ သတင်းထွက်ပေါ်

yyl-23-005.jpg

ဂရစ်ဇ်မန်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားနေတာကို အဆုံးသတ်ဖို့အတွက် ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းကို ပေါင်(၁၃)သန်းပေးမယ့် ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုလိုက်ပြီလို့ စပိန်မီဒီယာတွေက ဖော်ပြပါတယ်။ ဂရစ်ဇ်မန်းရဲ့ စာချုပ်ပါလျော်ကြေး တန်ဖိုးမကျဆင်းခင်မှာ ဘာစီလိုနာအသင်းက ဂရစ်ဇ်မန်းနဲ့ သဘောတူညီမှု ရယူခဲ့တာလို့ အက်သလက်တီကိုအသင်းက စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဂရစ်ဇ်မန်းနဲ့ အက်သလက်တီကိုအသင်း ချုပ်ဆိုထားတဲ့ စာချုပ်သစ်အရ စာချုပ်ပါလျော်ကြေး ယူရိုသန်း(၂၀၀)ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ဇူလိုင်လမှာတော့ စာချုပ်ပါလျော်ကြေးက ယူရိုသန်း(၁၂၀)အထိ ကျဆင်းခဲ့ပါတယ်။ အဲဒီနောက်မှာ ဘာစီလိုနာက ဂရစ်ဇ်မန်းကို စာချုပ်ပါလျော်ကြေးပေးပြီး ခေါ်ယူခဲ့တာပါ။ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ တရားဝင်ဆွေးနွေးခွင့်မရသေးခင်မှာ ကြိုတင်သဘောတူညီခဲ့တဲ့ လုပ်ရပ်ကြောင့် ဘာစီလိုနာအသင်းကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့ အက်သလက်တီကိုက ဆိုခဲ့ပါတယ်။

ဘာစီလိုနာနဲ့ အက်သလက်တီကိုအသင်း ချုပ်ဆိုခဲ့တဲ့ ပေါင်(၁၃)သန်းတန် ပြေငြိမ်းရေးစာချုပ်အရ ဘာစီလိုနာဟာ ဆာအူလ်နီဂွက်ဇ်၊ ဟိုဆေးဂျင်မီနက်ဇ် စတဲ့ အက်သလက်တီကိုကြယ်ပွင့်တွေ အပါအဝင် အက်သလက်တီကိုကစားသမား(၆)ယောက်ကို ခေါ်ချင်ရင် တခြားအသင်းတွေထက် လက်ဦးမှုရယူနိုင်ခွင့်ရှိတယ်လို့ အချက် ပါဝင်နေပါတယ်။ အက်သလက်တီကိုဥက္ကဋ္ဌ ဆီရီဇိုကတော့ ဂရစ်ဇ်မန်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ အီးမေးလ်တွေကို ထုတ်ဖော်မှာ မဟုတ်ဘူးလို့ သဘောတူခဲ့ရပါတယ်။ အက်သလက်တီကိုအသင်းကို ပေါင်(၁၃)သန်း ထပ်ပေးခဲ့ရတယ်ဆိုရင်တော့ ဂရစ်ဇ်မန်းအတွက် ဘာစီလိုနာအသင်း အသုံးပြုခဲ့တဲ့ ငွေကြေးက ပေါင်သန်း(၁၂၀)ကျော် ရှိလာမှာဖြစ်ပါတယ်။ အသက်(၂၈)နှစ်ရှိတဲ့ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် (၁၀)ပွဲကစားပြီး (၄)ဂိုးသွင်းယူနိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top