ကိုယ်ပြောတဲ့စကားကို တာဝန်ယူမှုရှိသင့်တယ်လို့ မုံရွာအောင်ရှင်ပြော

10-8-2020-yyl-033.jpg

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဌေးအောင်အနေနဲ့ “ကိုယ်ပြောတဲ့ စကားကို ကိုယ်ကိုယ်တိုင် တာဝန်ယူမှု တာဝန်ခံမှုရှိသင့်တယ်” လို့ NLD ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

NLD ပါတီအပေါ်မှာ စွပ်စွဲပြောဆိုနေတာတွေနဲ့ပတ်သက်ပြီး “ဦးဌေးအောင် အရေးယူသင့်ပြီလို့ ထင်တာက ကျွန်တော်တစ်ဦးတည်းရဲ့ သဘောထားပါ။ ရွေးကောက်ပွဲနီးလာလေ ပါတီပုံရိပ်ကို ထိခိုက်အောင်လုပ်တယ်။ အစိုးရပုံရိပ်ကို ထိခိုက်အောင်လုပ်တယ်။ ကိုယ့်ခေါင်းဆောင်ရဲ့ ပုံရိပ်ကိုပါ ထိခိုက်အောင်လုပ်တယ်။ ဒါကြောင့်အရေးယူတာမျိုး လုပ်သင့်ပြီဆိုပြီး ယူဆတဲ့အတွက် ကျွန်တော်က ပြောတာဖြစ်ပါတယ်။ ပါတီအနေနဲ့ကတော့ ဘယ်လိုဆုံးဖြတ်မလဲ မသိသေးပါဘူး”လို့ သူက ဆိုပါတယ်။

ပုဂ္ဂိုလ်ရေးအရ ဦးဌေးအောင်နဲ့ ပဋိပက္ခမရှိဘဲ။ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပေမယ့်လည်း သူရဲ့ အပြောအဆိုတွေနဲ့ ပတ်သက်ပြီး သဘောမကျတဲ့အတွက် ပါတီဘက်၊ အစိုးရဘက်၊ ခေါင်းဆောင်ဘက်က ရပ်တည်ကာ အခုလိုပြောဆိုရတာဖြစ်တယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

“ကျွန်တော်အနေနဲ့ ဦးဌေးအောင်ကို ဦးဆောင်တရားစွဲဆိုသွားဖို့တော့ မရှိပါဘူး။ အဓိက ပြောချင်တာက ကိုယ်ပြောတဲ့ဟာကို တာဝန်ယူမှု တာဝန်ခံမှုရှိသင့်တယ်လို့ မြင်ပါတယ်။ စကားကို အလွန်အကျွံပြောတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်ကာလက ထိလွယ်ရှလွယ်တဲ့အချိန်ကာလဖြစ်နေတော့ စကားကို ဆင်ခြင်ပြီးတော့ ပြောသင့်တယ်လို့ပဲ ယူဆပါတယ်” လို့ သူက ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ကော့မှူးမြို့နယ်မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဌေးအောင် ဖုန်းကို ခေါ်ဆိုခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top