သေပြီလို့ သတ်မှတ်ရခါနီးဆဲဆဲမှာ အသက်ပြန်ရှင်လာတဲ့ ၁၃နှစ်သားလေး

eight_col_miracle.jpg

လောကကြီးမှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေဟာ စက္ကန့်တိုင်းမှာ ဖြစ်ပျက်နေပါတယ်။ သဘာဝတရားကြီးဟာလည်း လူတွေထင်မှတ်ထားတာထက် အများကြီးပိုမိုဆန်းကြယ်လှပါတယ်။ အခုတစ်ခါမှာလည်း အမေရိကန်နိုင်ငံ အယ်လာဘားမား (Alabama) ပြည်နယ်မှာ နေထိုင်တဲ့ ၁၃နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သေပြီလို့ မိဘတွေကော ဆရာဝန်ကပါ လက်လျော့လိုက်တဲ့အချိန်မှာ ပြန်လည်နိုးထလာတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အခုနှစ် မတ်လမှာ ထရန်တွန်မက်ကင်လေ (Trenton McKinley) ဟာ ကားတိုက်မှုတစ်ခုမှာ ကားပေါ်က လိမ့်ကျပြီး ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပါတယ်။ ဦးနှောက် အကြိတ်တည်တဲ့ရောဂါကိုပါ ခံစားခဲ့ရပြီးတော့ ဆရာဝန်တွေက ထရန်တွန်ရဲ့ မိဘတွေကို သူ ပြန်မကောင်းလာတော့ဘူးလို့ ပြောပြခဲ့ပါတယ်။ ထရန်တွန်ဟာ ဘယ်လိုမှ ပြန်လည်ကောင်းမွန်လာဖို့ လမ်းစ မရှိတော့တာကြောင့် သူသေဆုံးပြီးတဲ့အခါ ကျန်ရစ်တဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေကို တခြားလိုအပ်နေတဲ့ ကလေးငယ် ငါးယောက်ဆီကို ပေးလှူလိုက်ဖို့ပါ တိုက်တွန်းခဲ့ပါတယ်။

ထရန်တွန်ရဲ့မိဘတွေကလည်း အတတ်နိုင်ဆုံး ကြိုးစားပြီးတဲ့နောက် သားဖြစ်သူ အခြေအနေ တိုးတက်မလာတာကြောင့် ဒီလိုပေးလှူဖို့အစီအစဉ်ကို လက်ခံလိုက်ကြပါတယ်။ အဲဒီနောက် ထူးထူးဆန်းဆန်းပဲ မေ့မျောနေတဲ့ ထရန်တွန်ကို ထောက်ပံ့ပေးထားတဲ့ ဆေးပစ္စည်းတွေ အသက်ရှုကိရိယာတွေ မဖြုတ်ပစ်ခင် တစ်ရက်အလိုမှာ စတင်နိုးထလာမယ့် အရိပ်အယောင်တွေ ပြလာခဲ့ပါတယ်။ နောက်တစ်ရက်မှာ သူ့အာရုံကြောတစ်ချို့ဟာ နိုးကြားလာမယ့် အရိပ်အယောင်တွေ တွေ့ရတာကြောင့် ဆရာဝန်တွေက ကိရိယာတွေ ဖြုတ်ပစ်ဖို့အစီအစဉ်ကို ရပ်တန့်ခဲ့ပါတယ်။

ထရန်တွန်ဟာ အခုအခါမှာ ကောင်းကောင်းနိုးထလာခဲ့ပါပြီ။ ဒါပေမယ့်လည်း ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ အများကြီး ကုသရပါဦးမယ်။ အခုအချိန်ထိ အာရုံကြောတွေ အချိတ်အဆက်မိဖို့၊ ကျိုးကြေသွားတဲ့အရိုးတွေ ပြန်ဆက်နိုင်ဖို့၊ ကိုယ်တွင်း အစိတ်အပိုင်းတွေ ပုံမှန်အလုပ်ပြန်လုပ်ဖို့ တဖြည်းဖြည်းချင်း လေ့ကျင့်နေပါတယ်။ ထရန်တွန်ရဲ့မိခင်ဖြစ်သူ ဂျနီဖာရန်ဒယ်လ် (Jennifer Reindl) ကတော့ ဒါဟာ သိပ်ကို ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခုပါပဲလို့ ပြောပါတယ်။ ထရန်တွန်လေးဟာ အခုအခါမှာ လမ်းလျှောက်တာ စကားပြောတာ စာဖတ်တာ သင်္ချာတွက်တာ အစရှိသဖြင့် ဖြည်းဖြည်းချင်း ပြန်လေ့ကျင့်နေပါတယ်။

Ref: BBC “Alabama Miracle Boy Wakes Before Doctors Pull Plug”

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top