အာကာသယာဉ်​နဲ့အတူ လကမ္ဘာ​​ပေါ်ယူသွားတဲ့ သစ်​​စေ့​တွေ အ​ညှောင့်ထွက်​လာ

Untitled-328.jpg

အာကာသ စူးစမ်းရှာဖွေရေးကို ကာလရှည် လုပ်ဆောင်နိုင်မယ့် လမ်းစတစ်ရပ် ပေါ်ထွက်လာခဲ့ပါပြီ။ အဲဒါကတော့ လကမ္ဘာပေါ်မှာ သစ်ပင် စိုက်ပျိုးနိုင်တော့မယ့် အခြေအနေပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ Chang’e-4 အာကာသယာဉ်နဲ့အတူ လကမ္ဘာရဲ့ ကမ္ဘာနဲ့ ဝေးရာဘက် (Far Side) ကို သယ်ဆောင်သွားတဲ့ သစ်စေ့တွေ အညှောင့်ထွက်လာလို့ လကမ္ဘာပေါ်မှာ သစ်ပင်စိုက်ပျိုးဖို့ မျှော်လင့်ချက် ပိုအားကောင်းလာတာပါ။ ဒါဟာ လကမ္ဘာပေါ်မှာ သက်ရှိအရာတစ်ခု ပထမဆုံး ကြီးထွား ရှင်သန်လာတာလည်း ဖြစ်ပါတယ်။

Chang’e-4 ဟာ လကမ္ဘာရဲ့ ကမ္ဘာနဲ့ ဝေးရာဘက်ခြမ်းကို ပထမဆုံး ဆင်းသက်နိုင်ခဲ့တဲ့ အာကာသယာဉ်ဖြစ်ပြီး ဇန်နဝါရီလ ၃ ရက်နေ့က Far Side ကို ဆင်းသက်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ လပေါ် ဆင်းသက်ရေးယာဉ်က ယူဆောင်သွားတဲ့ ကုန်ပစ္စည်းတွေထဲမှာ မြေသားပါဝင်တဲ့ ဝါပင်အစေ့၊ အာလူးပင်အစေ့၊ တဆေးနဲ့ ပျံနိုင်တဲ့ အကောင်တွေရဲ့ဥတွေ ပါဝင်ပါတယ်။

ကမ္ဘာကနေ လကမ္ဘာကိုသွားတဲ့ ရက် ၂၀ ကြာခရီစဉ်အတွင်း သစ်စေ့တွေကို ဇီဝနည်းပညာ အသုံးပြုပြီး မြုံအောင် လုပ်ထားခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ မြေပြင် အခြေစိုက်စခန်းကနေ သစ်ပင်တွေကို ရေလောင်းဖို့ လွန်းပျံယာဉ်ထံ ညွှန်ကြားလိုက်ချိန်မှ သစ်စေ့တွေကို စိုက်ပျိုးတာ ဖြစ်ပါတယ်။

လပေါ်ဆင်းသက်ရေးယာဉ်ပေါ်က ပုံးထဲမှာ သစ်ပင်တွေ ပျိုးထောင်ထားတာဖြစ်ပြီး အပင်တွေ ကြီးထွားလာရင်တော့ အသေးစား ဇီဝရိပ်မြုံ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဝါပင် အစေ့တွေကနေ အညှောင့်ထွက်လာပြီလို့ တရုတ်အမျိုးသား အာကာသ စီမံခန့်ခွဲရေးအဖွဲ့က ပြောပါတယ်။

အရင်တုန်းက နိုင်ငံတကာ အာကာသစခန်းမှာ အပင်တွေ စိုက်ပျိုးနိုင်ခဲ့ပေမဲ့ လကမ္ဘာပေါ်မှာတော့ အပင်စိုက်ပျိုးဖူးခြင်း မရှိပါဘူး။ အခုလို စိုက်ပျိုးနိုင်တဲ့အတွက် ၂ နှစ်ခွဲကြာမြင့်မယ့် အင်္ဂါဂြိုဟ် ခရီးစဉ်လို အာကာသအတွင်း ကာလရှည် စူးစမ်းရှာဖွေမယ့် ခရီးစဉ်တွေအတွက် အထောက်အပံ့ ဖြစ်စေနိုင်ပြီး ရိက္ခာပြန်ယူဖို့ အာကာသယာဉ်မှူးတွေ ကမ္ဘာမြေပေါ် မကြာခဏ ပြန်လာနေစရာ မလိုတော့မယ့် အခြေအနေ ဖြစ်လာနိုင်တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

Ref: BBC “China’s Moon mission sees first seeds sprout”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top