လူ့သမိုင်းတစ်လျှောက်မှာ နဂါးငွေ့တန်းကို အတိကျဆုံး ပုံဖော်ထားတဲ့ မြင်ကွင်းကို နက္ခတ္တပညာရှင်တွေက ထုတ်ဖော်ပြသခဲ့ပါတယ်။ ဥရောပအာကာသအေဂျင်စီ (ESA) ရဲ့ ဂိုင်အာစီမံကိန်း(Gaia)ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်တာကာလအတွင်း အာကာသအတွင်းမှ ဒြပ်ထုပစ္စည်းပေါင်း ၂ ဘီလျံကို အကြိမ်ပေါင်း ၃ ထရီလျံတိုင်တိုင် လေ့လာစောင့်ကြည့်မှုလုပ်ခဲ့ပြီး နဂါးငွေ့တန်းရဲ့ 3D မြေပုံကို ရေးဆွဲခဲ့တာပါ။
ဂိုင်အာစီမံကိန်းဟာ ၁၉၈၉ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ Hipparcos စီမံကိန်းလို( ကြယ်ပေါင်း ၁ သိန်းရဲ့ တည်နေရာကို မှတ်သားခဲ့) အထင်ကရ စီမံကိန်းတွေရဲ့ စွမ်းဆောင်ချက်တွေအပေါ် အခြေခံကာ ယနေ့ခေတ်ရှုထောင့်တွေနဲ့ ပေါင်းစပ်ပြီး နဂါးငွေ့တန်းရဲ့ ရှုပ်ထွေးတဲ့ ဖွဲ့စည်းပုံကို အတည်ပြုခဲ့တာပါ။
ဂိုင်အာစီမံကိန်းမှာ နဂါးငွေ့တန်းအလယ်ဗဟိုမှ အချောင်းပုံသဏ္ဍာန်နဲ့ ကရွတ်ခွေ လက်တံပုံသဏ္ဍာန်တွေကို ခွဲခြားဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဂိုင်အာစီမံကိန်းက ထုတ်ပြန်ခဲ့တဲ့ ရုပ်သံမှတ်တမ်းအရ နဂါးငွေ့တန်းကို အလျားလိုက် ကြည့်တဲ့အခါ အလယ်ခုံးနေတဲ့ အချပ်တစ်ခုလို မြင်ရမှာဖြစ်ပြီး တွန့်ခေါက်၊ တိမ်းစောင်းနေတာ တွေ့ရပါတယ်။
ဂိုင်အာစီမံကိန်းဟာ ၂၀၃၀ ပြည့်နှစ်မှာ နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်သွားမှာဖြစ်ပြီး နဂါးငွေ့တန်းရဲ့သမိုင်းကြောင်း၊ ဆင့်ကဲပြောင်းလဲလာပုံတွေကို အတွင်းကျကျ ခွဲခြားထုတ်ဖော်ပြီး မျက်မှောက်ခေတ် နက္ခတ္တသမိုင်းရဲ့အုတ်မြစ်တစ်ရပ်အဖြစ် ချန်ရစ်ထားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref: The best Milky Way animation, by Gaia
NZ ( ရိုးရာလေး)