နေမျက်နှာပြင်ကို ကြုံတောင့်ကြုံခဲ အသေးစိတ်ကျကျ မြင်တွေ့ရ

yyl-029-15.jpg

လှုပ်ရှားပြောင်းလဲနေတဲ့ နေမျက်နှာပြင်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဟာဝိုင်အီကျွန်းမှာရှိတဲ့ Daniel K Inouye Solar Telescope က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေဟာ နေမျက်နှာပြင်ပေါ်မှာရှိတဲ့ ၃၀ ကီလိုမီတာလောက်အထိ သေးငယ်တဲ့ အရာတွေကို ဖော်ပြထားပါတယ်။ အချင်း ကီလိုမီတာ ၁.၄ သန်းနီးပါးရှိပြီး ကမ္ဘာမြေကနေ ကီလိုမီတာ ၁၄၉ သန်းကွာဝေးတဲ့ နေရဲ့ အရွယ်အစားနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ၃၀ ကီလိုမီတာဆိုတာ မပြောပလောက်တဲ့ အရွယ်အစားပါ။

အခုမြင်တွေ့ရတဲ့ ဆဲလ်ပုံစံ အစိတ်အပိုင်းတွေဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်လောက်နီးပါး အရွယ်အစားရှိပါတယ်။ ဒီအစိတ်အပိုင်းတွေဟာ ပူပြင်းပြီး ထကြွလှုပ်ရှားနေတဲ့ ဓာတ်ငွေ့တွေ ဒါမှမဟုတ် ပလာစမာတွေ စုဝေးနေတဲ့ အစုအဝေးတစ်ခုပါ။ တောက်ပနေတဲ့ ဗဟိုချက်တွေကတော့ နေရဲ့ဒြပ်ပစ္စည်းတွေ ဆူတက်လာတာဖြစ်ပြီး ဘေးပတ်လည်က မည်းမှောင်နေတဲ့ လမ်းကြောင်းတွေကတော့ ပလာစမာတွေ အေးခဲပြီး နစ်မြုပ်နေတဲ့နေရာ ဖြစ်ပါတယ်။

Daniel K Inouye Solar Telescope ကို ဟာဝိုင်အီကျွန်းပေါ်က မာအီကျွန်းပေါ်မှာရှိတဲ့ မီတာ ၃၀၀၀ မြင့်တဲ့ ဟာလီကာလာမီးတောင်ထိပ်ပေါ်မှ နေရာချထားပါတယ်။ အချင်း ၄ မီတာရှိတဲ့ ပင်မပုံဖမ်းကြေးမုံပြင်ဟာ နေနက္ခတ်တာရာမှန်ပြောင်းတစ်ခုအတွက် ကမ္ဘာ့အကြီးဆုံးပါပဲ။ နေရဲ့လှုပ်ရှားမှုတွေကို လေ့လာဖို့ အဲဒီနက္ခတ်တာရာမှန်ပြောင်းကို အသုံးပြုမှာပါ။ အာကာသရာသီဥတုလို့ ခေါ်ဆိုကြတဲ့ စွမ်းအင်ပေါက်ကွဲမှုတွေကို အခုထက်ပိုတိကျအောင် ခန့်မှန်းနိုင်ဖို့ မျှော်လင့်ပြီး သိပ္ပံပညာရှင်တွေက နေရဲ့ ပြောင်းလဲနေတဲ့ လှုပ်ရှားမှုတွေကို အတွင်းကျကျ သိချင်နေပါတယ်။

စွမ်းအင်ပြည့်ဝနေတဲ့ အမှုန်တွေနဲ့ သံလိုက်စက်ကွင်းတွေ အဆမတန် ထုတ်လွှတ်လိုက်တဲ့ဖြစ်စဉ်ကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ ဂြိုဟ်တုတွေ ထိခိုက်တာ၊ အာကာသယာဉ်မှူးတွေ ဒဏ်ရာရတာ၊ ရေဒီယိုဆက်သွယ်ရေးလိုင်းတွေ ကျဆင်းတာ၊ ဓာတ်အားလိုင်းတွေ ပြတ်တောက်မျိုးအထိ ဖြစ်နိုင်ပါတယ်။ Daniel K Inouye Solar Telescope ဟာ လာမယ့်တစ်ပတ်အတွင်း ဖလော်ရီဒါပြည်နယ် ကာနာဗာရယ်အငူကနေ လွှတ်တင်မယ့် Solar Orbiter (SolO) အာကာသစောင့်ကြည့်ရေးယာဉ်အတွက် ကောင်းမွန်တဲ့ အတွဲအဖက်ဖြစ်လာမှာပါ။

ဥရောပနဲ့ အမေရိကန်နိုင်ငံ ပူးပေါင်းဖန်တီးခဲ့တဲ့ Solar Orbiter (SolO) အာကာသစောင့်ကြည့်ရေးယာဉ်ဟာ နေမျက်နှာပြင်ကို အနီးဆုံးနေရာကနေ ဓာတ်ပုံရိုက်ကူးမှုအဖြစ် ကီလိုမီတာ ၄၂ သန်း ကွာဝေးတဲ့နေရာကနေ ဓာတ်ပုံရိုက်မှာဖြစ်ပါတယ်။ Solar Orbiter (SolO) အာကာသစောင့်ကြည့်ရေးဟာ အလျား ၇၀ ကီလိုမီတာလောက်အထိ သေးငယ်တဲ့ အရာတွေကို ဖော်ပြနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ Daniel K Inouye Solar Telescope ထက် လှိုင်းအလျား ပိုများမှာဖြစ်သလို နေရဲ့လေထုထဲကနေ နမူနာပစ္စည်းတွေလည်း ယူဆောင်လာမှာပါ။

Ref:BBC ”Sun’s surface seen in remarkable new detail”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top