(၃၈) နှစ်ကြာမှ ရွှေတံဆိပ်ဆု (၂) ဆုကို ပိုင်ဆိုင်လိုက်ရတဲ့ စင်ကာပူအားကစားသမား

yyl-002-3.jpg

(၃၈) နှစ်ကြာအောင် ကြိုးစားအားထုတ်ပြီး စောင့်ဆိုင်းခဲ့ရတဲ့ အကျိုးရလဒ်ကို စင်ကာပူကစားသမား ခရစ်တီနာ သမ် (Christina Tham) ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့၂၀၁၉ ခုနှစ် Sea Games ပြိုင်ပွဲမှာ တန်ပြန်ခံစားလိုက်ရပါပြီ။ ၁၉၈၁ခုနှစ် သူ့အသက် ၁၂ နှစ်အရွယ်မှာ SEA Games ပြိုင်ပွဲမှာ စင်ကာပူကိုယ်စားပြုအနေနဲ့ ရေကူးပြိုင်ပွဲမှာ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ငွေတံဆိပ်ဆုကိုသာရရှိခဲ့ပါတယ်။

အခု အသက် (၅၀) အရွယ်မှာ SEA Games ပြိုင်ပွဲကို ပြန်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးတော့ ငွေတံဆိပ်ဆုထက် ပိုကောင်းတဲ့ ရွှေတံဆိပ်ဆုကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ သူက ကစားသမားလောကထဲ ဝင်ရောက်ပြီး (၃၈) နှစ်အကြာမှာ ရေအောက်ဟော်ကီကစားနည်းနဲ့ ရွှေတံဆိပ်ဆု (၂) ဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်မ SEA Games ပြိုင်ပွဲကို ပြန်လာပြီး ရွှေတံဆိပ်ဆုကိုရမယ်လို့ ကျွန်မ မထင်မှတ်ထားခဲ့ပါဘူး။ ဒီအဆင့်ထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့မယ်လို့ ဘယ်တော့မှမတွေးမိခဲ့ဘူး” လို့ ခရစ်တီနာက ပြောပါတယ်။

ခရစ်တီနာက အသက် (၁၂) နှစ်အရွယ်မှာ ငွေတံဆိပ်ဆုရရှိပြီး (၂) နှစ်အကြာမှာလည်း ရေကူးပြိုင်ပွဲမှာ နောက်ထပ် ငွေတံဆိပ်ဆုရရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ သူက ကစားသမားအနေနဲ့ ဆယ်စုနှစ် (၃) ခုလောက်အထိ ရပ်နားခဲ့ပါတယ်။ ၂၀၀၅ခုနှစ်မှာ သူက ရေအောက်ဟော်ဂီကစားနည်းအကြောင်း ဆောင်းပါးတစ်ခုကို မြင်ပြီး အရမ်းစိတ်ဝင်စားခဲ့တာကြောင့် ကစားကြည့်ခဲ့ပြီး အဲဒီကနေ အားကစားလောကထဲကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။

အခုဆိုရင် ခရစ်တီနာက ၂၀၁၉ခုနှစ် SEA Games ပြိုင်ပွဲရဲ့ ရေအောက်ဟော်ကီကစားနည်း (လေးယောက်တစ်ဖွဲ့ ၊ခြောက်ယောက်တစ်ဖွဲ့) ပွဲနှစ်ပွဲမှာ ရွှေတံဆိပ်ဆုရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါပြီ။ ရေအောက်ဟော်ကီကစားနည်းက အခုနှစ်မှ SEA Games ပြိုင်ပွဲမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

Ref: BBC “SEA Games: Athlete finally wins gold – 38 years after debut”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top