Kim Woon Kyum ကို အနိုင်ယူပြီးနောက် လာမည့်နှစ်တွင် မိမိ ပိုမိုသန်မာလာမည်ဟု တီရဲလ်ထန် ကြုံးဝါး

Tial-Thang-defeats-Kim-Woon-Kyoum-at-ONE-MARK-OF-GREATNESS-DC-0115-1200x800-1.jpg

မြန်မာနိုင်ငံကိုယ်စားပြု ချင်းတိုင်းရင်းသား တီရဲလ်ထန်သည် ONE: Mark of Greatness ပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသား ONE Worrier Series တွင် လက်စွမ်းပြခဲ့သူ Kim Woon Kyoum ကို အနိုင်ယူကာ ၎င်း၏ ဒုတိယမြောက်နိုင်ပွဲကိုရယူခဲ့သည်။၎င်းသည် Kim ကို အနိုင်ရရှိခဲ့ပြီးနောက် မိမိနေဖြင့် ၂၀၂၀ ခုနှစ်တွင် ပိုမိုသန်မာလာတော့မည် ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။ တီရဲလ်ထန်သည် မြန်မာ့စပါးအုံး အောင်လအန်ဆန်၏ လေ့ကျင့်သင်ပြပေးမှုဖြင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပရော်ဖက်ရှင်နယ် လောကကို ၂၀၁၉ ခုနှစ်တွင် စတင်ဝင်ရောက်လာသူဖြစ်သည်။

တီရဲလ်ထန်သည် ပွဲအတွင်း တောင်ကိုရီးယား ကစားသမား Kim ကိုတိုက်စစ်ဆင် အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ပထမအချီတွင်ပင် နှစ်ကြိမ်တိုင်တိုင် ကိုင်ပေါက် လဲချနိုင်ခဲ့သည်။ တီရဲလ်ထန်၏ လက်သီးတွဲလုံးများသည်လည်း Kim ကို အမှန်တကယ် အခက်တွေ့စေခဲ့သည်။

“ ကျွန်တော်ဒီနေ့ပွဲ အနိုင်ရတာကို ကျေနပ်ပါတယ်။ ဒါပေမယ့် နောက်ပွဲမှာ ဒီထက်ပိုပြီး ကောင်းမွန်လာအောင် လုပ်ဆောင်သွားမှာပါ။‘’ ဟု တီရဲလ်ထန်က ပြောကြားခဲ့သည်။

တောင်ကိုရီးယား ကစားသမား Kim Woon Kyoum သည် အတွေ့အကြုံနည်းပါးသေးသော်လည်း ကစားသမားကောင်းတစ်ဦးဖြစ်ပြီး တီရဲလ်ထန်ကို အကောင်းဆုံး တန်ပြန်တိုက်စစ်ဖြင့် ရင်ဆိုင်သွားခဲ့သည်။ ၎င်းသည် မြေပြင်တိုက်ခိုက်ရေးအပိုင်းတွင် ကျွမ်းကျင်သည့်အတွက် တီရဲလ်ထန်ကို အကြိမ်ကြိမ် လှဲချပြီး အချုပ်အသိမ်းဖြင့် ပွဲသိမ်းနိုင်ရန် ကြိုးစားသော်လည်း တီရဲလ်က အကြိမ်ကြိမ် လွတ်အောင် ရုန်းထွက်နိုင်ခဲ့သည်။

“ Kim က ကစားသမားကောင်းတစ်ဦးပါ သူဟာ ONE Warrior Series မှာ ထူးချွန်စွာ လက်စွမ်းပြခဲ့လို့ ONE Championship ကို စာချုပ်ချုပ်ဆို ခေါ်ယူခဲ့သူပါ။ တကယ်ပြိုင်ဘက်ကောင်းပါပဲ။ သူရဲ့ အချုပ်အသိမ်းတွေက တကယ်ကို အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် သူရဲ့ တိုက်စစ်တွေကို ခုခံတုန့်ပြန်နိုင်ခဲ့ပါတယ်။” ဟု တီရဲလ်ထန်က ပြောကြားခဲ့သည်။

ONE: Mark of Greatness ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မလေးရှားရောက် မြန်မာနိုင်ငံသား ၃၀၀ ကျော်ခန့် လာရောက် အားပေး ကြည့်ရှုခဲ့ကြသည်။

“ ဒီနေ့ပွဲကို မလေးရှားနိုင်ငံ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား ပေါင်းစုံ လာရောက်အားပေးကြတဲ့ အတွက် အရမ်းကို ခွန်အားဖြစ်ရပါတယ်။ ကျွန်တော့်နာမည်ကို အော်ဟစ်အားပေးခဲ့တာ တကယ်ကို သုဝဏ္ဏ ကွင်းထဲမှာ ယှဉ်ပြိုင်နေရသလို ခံစားရပါတယ်။” ဟု တီရဲလ်ထန်ကဆိုသည်။

တီရဲလ်ထန်သည် ပြိုင်ပွဲမကျင်းပခင် ၂ ပတ်ခန့်အလိုတွင် လေ့ကျင့်ရင်း နံရိုးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ သို့သော်လည်း ပြိုင်ပွဲမှ မနှုတ်ထွက်ပဲ ရရှိသည့် အခွင့်အရေးကို လက်လွတ်မခံ ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။

“ ဒဏ်ရာကို ထိခိုက်မိသွားလို့ ဒုတိယအချီ ပြီးသွားတဲ့အခါ တော်တော်နာနေပါတယ်။ နံရိုးကျိုးသွားပြီလို့တောင်ထင်ထားတာ ဒါပေမယ့် ကိုအောင်လ အန်ဆန်က ကျွန်တော်ကို ခွန်အားတွေပေးခဲ့တယ်။ ဒါကြောင့် နောက်ဆုံးအချီဆက်လက် ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တာပါ” ဟု တီရဲလ်ထန်က ပြောကြားခဲ့သည်။

ချင်းတိုင်းရင်းသား တီရဲလ်ထန်သည် ONE Championship တွင် ၂ ပွဲကစားထားပြီး ၂ပွဲစလုံး အမှတ်ဖြင့် အနိုင်ရရှိထားသည်။ ၎င်းအနေဖြင့် ဘန်တန်ဝိတ်တန်းတွင် တစ်ပွဲထက်တစ်ပွဲ ပိုမိုကောင်းမွန်လာမည်ဟု ယုံကြည်လျက်ရှိပြီး အမြဲတမ်းအဆင်သင့် လေ့ကျင့်ထားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ ကျွန်တော်ဟာ သန်မာလာပါပြီ။ ၂၀၂၀ မှာ အကောင်းဆုံးပုံစံတွေနဲ့ နိုင်ပွဲတွေရဖို့ လာပါတော့မယ်။ ကျွန်တော့်အနေနဲ့ နောက်ပွဲကို ဘယ်သူနဲ့ ထိုးသတ်ချင်တယ်ဆိုတာမျိုး မရှိပါဘူး။ ကျွန်တော့် ဝိတ်တန်းက ဘယ်ကစားသမားနဲ့မဆို ကျွန်တော် ယှဉ်ပြိုင်ထိုးသတ်ဖို့အသင့်ပါပဲ။” ဟု တီရဲလ်ထန်က ပြောကြားခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top