Microtia နဲ့ ကျွန်တော်

kotharhtoo01.jpg

လူတိုင်း ဘဝမှာ လေတစ်တန် မိုးတစ်တန်ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကိုယ်စီရှိကြ မယ်လို့ထင်မြင်မိပါတယ်။ သို့ပေမယ့် ထိုခက်ခဲတဲ့အချိန် တွေကို ကျော်ဖြတ် နိုင်ခဲ့ကြသလို ဆက်လက်ပြီး ကျော်ဖြတ်နေဆဲရှိတဲ့ လူတွေလည်း ရှိမှာသေချာပါတယ်။ ကျွန်တော် တို့ဟာ ဖြစ်လာတဲ့ အဖြစ်အပျက်တွေကို အခြေအနေတွေအပေါ်အပြစ်ပုံ ချလေ့ရှိတယ်။ ဒီအရာ ဟိုအရာကြောင့်ဆိုပြီး။ ဒါလည်း အကြောင်းပြချက် ဖြစ်သလို မိမိအနေနဲ့ စိတ်သက်သာရာ ထွက်ပေါက်တစ်ခုရရှိ ကောင်းရရှိနိုင်တဲ့ အချက်ကြောင့်လို့ပဲ မြင်မိပါတယ်။ မည်သို့ပင်ဖြစ်စေ ဖြစ်ပျက်လာတဲ့ အကျိုးအကြောင်း မှန်သမျှအပေါ် သင်ခန်းစာယူပြီး ရှေ့ဆက်လျှောက်လှမ်းဖို့မှတစ်ပါး အခြားထွေထွေထူးထူးတော့မရှိဖူးလို့ ထင်ပါတယ်။

ကျွန်တော့်ဘဝမှာ မွေးရာပါ ကံကောင်းတာ မကောင်းတာထက်၊ မိမိအနေနဲ့ ဘဝမှာ မတူညီမှုများနဲ့ မွေးဖွားရှင်သန်လာတယ်လို့ပဲ ခံယူမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်မည်သူကိုမျှ အပြစ်မတင်ချင်လို့ပါ။ ဖြစ်မယ် ပျက်မယ်ဆိုတာ သဘာဝပါပဲ။ လူတိုင်း ကတော့ မိမိတို့ဘဝမှာ ဘယ်လိုဘယ်ပုံ၊ ဘယ်လိုအခြေအနေမျိုးနဲ့ မွေးဖွားလာပါစေ လို့ ရွေးချယ် ခွင့်မရှိပေမယ့် မိမိတို့အနေနဲ့ မိမိတို့ ဘယ်လိုဘယ်ပုံ လောကမှာ ရှင်သန်မလဲ ဆိုတာကိုတော့ ရွေးချယ်နိုင်ပါတယ်။ ဒါက ငြင်းပယ်မရတဲ့ အချက်ဆိုရင် မမှားဘူးလို့ ယူဆပါတယ်။

ကျွန်တော် ဘဝမှာ မပြည့်စုံမှုများနဲ့ ရှင်သန်လာရတယ်လို့ မှတ်ယူပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်မှာ သာမန်လူတွေမှာရှိတဲ့ ကိုယ်လက်အင်္ဂါ ပြည့်စုံမှုနဲ့ မွေးဖွား ခဲ့လို့မ ဟုတ်ပါဘူး။ အသေးစိပ်ပြောရရင် ကျွန်တော့်မှာ ယာဘက်နား ချို့ယွင်းမှု (အကြားအာရုံချို့တဲ့မှုအပါအဝင်) ၊ ယာဘက် မျက်နှာ အကြောဆိုင်းမှု၊ ယာဘက် မျက်စိ မှုံဝါးမှု၊ ယာဘက် လက် မသန်မှု၊ စတဲ့ အချက်များနဲ့ ဘဝကို ရောက်ရှိခဲ့ရလို့ဖြစ်ပါတယ်။ ဘာကြောင့် ထိုသို့သော မသန်စွမ်းချွတ်ယွင်းမှုများနဲ့ ရှင်သန်လာရတယ်ဆိုတာကို အားလုံးသိချင်နေမိမှာသေချာပါတယ်။

Microtia ဖြင့် မွေးဖွားလာခဲ့တဲ့ ကျွန်တော်

ဆက်လက်ပြောပြရရင် ကျွန်တော်ရဲ့ ယာဘက်နား ချို့ယွင်းမှုအကြောင်းနဲ့ ပြောချင်ပါတယ်။ ကျွန်တော့်မှာ ယာဘက်နားက Microtia လို့ခေါ်တဲ့ မွေးရာပါ နားမဖွံ့ဖြိုးမှု နဲ့ မွေးဖွားခဲ့ပါ တယ်။ Microtia အကြောင်းကို အကျဉ်းရှင်းပြချင်ပါတယ်။

Microtia သည် အကြားအာရုံဖြစ်သည့် နားရွက် (ဘယ်) သို့ (ယာ) ဖက် တစ်ဖက် ဖက် မဟုတ် (သို့) နှစ်ဖက်စလုံးမှာ ဖြစ်လေ့ရှိသည့် နားရွက်မဖွံ့ဖြိုးသော ကိုယ်အင်္ဂါချွတ် ယွင်းမှုဖြစ်သည်။ များသောအားဖြင့် ယာဘက် နား တွင် အဖြစ်များပါတယ်။

Microtia လို့ခေါ်တဲ့ နားမဖွံ့ဖြိုးမှုသည် မွေးဖွားမှုပေါင်း (၈) ထောင် ကနေ (တစ်သောင်း) ကြားတိုင်းမှာ လူတစ်ယောက်၌ဖြစ်တတ်လေ့ရှိပါတယ်။ ထိုသို့ ဖြစ်လာရခြင်းသည် မိခင်များ ကိုယ်ဝန်ဆောင်ချိန်တွင် ဓာတုဆေးဝါး များ မှီဝဲမှုကြောင့် ဖြစ်တတ် လေ့ရှိပါ တယ်။ လူတစ်ဦးနဲ့ တစ်ဦး ဖြစ်တည်မှု ဒီဂရီ အတိုင်းအတာခြင်းမတူညီကြပါ။

ပုံမှန်အားဖြင့် Microtia ဖြစ်မှုသည်အဆင့်ပေါင်း (၄) ဆင့် ရှိ၏။

• အဆင့်(၁) နားဖွံဖြိုးမှု ပကတိနည်းပါးရှိသည်။ သို့သော်လည်း ရာနှုန်းပြည့် မဖွံ့ဖြိုးပါ။ (ပုံမှန်ထက်သေးငယ်သည်။)
• အဆင့်(၂) နား၏ ဧရိယာအချို့ သည် ဖွံ့ဖြိုးမှု မရှိပဲ များသောအားဖြင့် နား၏အထက်ပိုင်းတွင် ချွတ်ယွင်းမှုရှိနေသည်။ သို့သော်နားကိုယ်ထည် ဂွင်ရှိသည်။
• အဆင့်(၃) နားရွက် ကိုယ်ထည်မရှိပဲ နား အပေါက်လမ်းကြောင်း ပိတ်နေပြီးပုံမှန်မရှိပါ။
• အဆင့်(၄) နားရွက် တစ်ခုလုံး (မပါပဲ) ချွတ်ယွင်းမှု ရှိနေသည်။ နားရွက် ၊ နားပေါက် မပါရှိပါ။

ကျွန်တော့်၏ Microtia ဖြစ်မှု အဆင့်ကတော့ အဆင့် (၃) ဖြစ်ပါတယ်။ နားတွင်း အပေါက်ပါပြီး အပြင်ဖက်တွင် သားရေခွံက ပိတ်ကာထားသည်။ ဒါ့အပြင် အကြားအာရုံလည်း ကောင်းစွာ မရရှိတော့ပါ။

ကလေးများတွင် Microtia ဖြစ်တည်လာမှု သည် မည်သို့ မည်ပုံကြောင့် အတိအကျ မသိသော်လည်း မျိုးရိုးဗီဇကြောင့် (သို့) ဇီဝဖြစ်စဉ်မတူညီမှုကြောင့်ဟုပညာရှင်များ ကမှန်းဆကြပါတယ်။။ Microtia ကြောင့် အကြားအာရုံ ကောင်းစွာမရ (သို့) ပျောက်ကွယ် တတ်လေ့ရှိသည်။ ဒါ့အပြင် မျက်နှာပြင် နှစ်ဖက် (သို့) တစ်ဖက်ခြမ်းရှိ အကြောများကို ဆိုင်း စေတတ်သည်။ ပြုံးရယ်၊ စကားပြော သည့်အခါတွင်လည်း တည့်မတ်မှုမရှိပါ။ ဖြစ်နေသောလူတိုင်းတွင် ထိုခံစားမှု လက္ခဏာမှာ မတူညီကြပေ။ ထို့ကြောင့် Microtia နဲ့ မွေးဖွားလာ သောကလေးများ ငယ်ရွယ်တုန်းအခါတွင် နား ကိုပြန်လည်ခွဲစိပ်ကု သမှုပြုလုပ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် နားအကြားအာရုံပြန်လည် ရရှိလာဖို့ နဲ့ နားပုံစံထွင်းမှု၊ပြုပြင်ခွဲစိပ်မှုများတွင် ဆရာဝန်များက ဝေဒနာရှင်တို့ရဲ့ ကိုယ်တွင်းအရိုးနု များကို ယူပြီး နားကိုအကြိမ်ကြိမ်ပြန်လည်ပုံစံယူ တည် ဆောက်ရလေ့ရှိသောကြောင့် အသက် ၂၀ မတိုင်ခင် ခွဲစိပ်မှုပြုလုပ် ပါက ပိုမို ကောင်းမွန်ပါတယ်။ သို့သော်လည်းအသက်ကြီးမှ ခွဲစိပ်ကုသလိုသော ဝေဒနာရှင် များအတွက် ဆီလီကွန် (အတု) များဖြင့် ပုံစံတူများပြု လုပ်နိုင်ပါသေးတယ်။ နောက်ပြီး အကြားအာရုံ များကိုလည်း ပြန်လည်ရရှိလာ အောင် အကြားအာရုံဆိုင်ရာစက်ကိရိယာ များထည့် သွင်းတပ် ဆင်နိုင်ပါ တယ်။

မွေးရာတွင်လေဖြတ်မှုနဲ့ ကြုံဆုံခဲ့ရတဲ့ ကျွန်တော်

မိဘတွေရဲ့ အဆိုအရ ကျွန်တော့်ကိုမွေးဖွားစဉ် ကျွန်တော်ဟာလေဖြတ်ခံခဲ့ရပါတယ်။ ဖြစ်စဉ်မှာ ကျွန်တော်ကို မွေးခဲ့သောလသည် ဒီဇင်ဘာ လကုန်ဖြစ်ပြီး အလွန်ချမ်းအေးတဲ့ ကာလဖြစ်ပါတယ်။ ကျေးရွာကလေးမှာမို့ ကလေးမွေးဖွား တိုင်းတွင် ရွာက လူအတော်များများဟာ ရိုးရာလက် သည် များဖြင့်သာ ထိုကာလ ၌မွေး ဖွားခဲ့ကြ လေ့ရှိပါတယ်။ သို့သော်လည်း ကျွန်တော့်မိဘများကရွာကအသိ သူနာပြုဆရာမဖြင့်သာ မွေးခဲ့ရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုသူနာပြုဆရာမ ရွာတွင်မရှိခဲ့ပါ။ ဒါကြောင့် ရိုးရာလက်သည် အမျိုးသမီးနဲ့ သာ မွေးဖို့ ဆုံးဖြတ်လိုက်ပါ တော့တယ်။ ထိုလက်သည် အမျိုးသမီးကလည်း အတွေ့အကြုံရင့်သူမို့ ယုံကြည် အားကိုးရ သည်ဟု မိဘများကဆိုခဲ့သည်။

ဒီလိုနဲ့ ကံဆိုးခဲ့သည်လို့ ပြောရမလားဖြစ်ပါတယ်။ ချမ်းချမ်းတုန် အေးနေတဲ့ ဒီဇင်ဘာ အအေးတွေ ကို မမူပဲ ကျွန်တော့်ကို မွေးဖွားခဲ့ပြီး ကျွန်တော့်မိခင်ဝမ်းဗိုက် ကနေ မွေးထုတ်ယူပြီး ထိုလက်သည်အမျိုးသမီးက ရိုးရိုး ရေအေးဖြင့်သာ ကိုယ်လက် ဆေးကြော သန့်စင် ပေးခဲ့ပါတယ်။ ဘေးကလူတွေက ရေနွေးဖြင့် ရေစပ်ရောခိုင်း အကြံ ပေးခဲ့သော်လည်း ထိုအမျိုးသမီးလက်သည်က အဆင်ပြေတယ်၊ စိတ်မပူပါနဲ့ ဆိုပြီး ကျွန်တော့်ကို ရေဖြင့် ကိုယ်လက်သန့်စင်ပေးခဲ့ပါတော့တယ်။ ဒါနဲ့ ချက်ခြင်းဆိုသလို ကျွန်တော် လေဖြတ်ခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြာ သွားခဲ့တယ်။

ဒီလိုနဲ့ ဖြစ်ခဲ့တာတွေဖြစ်ပြီးတော့လည်း ဘယ်သူ့ကို မှ အပြစ်တင်နေရင်လည်း မထူးပါဘူး။ မိဘတွေက သမားတော်တွေနဲ့ ယင်းတို့ ရနိုင်သလောက်ကုသပေးခဲ့တယ်။ တစ်ချို့ သမားတော်တွေ၊ ဆရာဝန်တွေဆို “ဒီကလေး အသက်ဆက် မရှင်နိုင်ဘူး” လို့ မှတ်ချက်တွေပေးခဲ့ကြတယ်။ မိဘတွေကတော့ ကျွန်တော့်ကို ခဲရာခဲဆစ် မွေးမြူခဲ့ကြ ရတယ်။ လေဖြတ်ဒဏ်ကြောင့် ကလေးဘဝကတည်းက မိခင်နို့ ကို မစို့ နိုင်ခဲ့ဘူး။ ဒါနဲ့ ပျားရည် နဲ့ ဝါဂွမ်းကို ဆွတ်ပြီး ပါးစပ်အတွင်းသို့ အစက်ချကာ မိဘတွေက ကျွေးမွေး စောင့်ရှောက်ပေးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်တွေကို မိဘတွေပြန်ပြောပြတိုင်း ကျွန်တော် မျက်ရည်လည်ခဲ့မိတာအမှန်။

လေဖြတ်တဲ့အကျိုးဆက် ကတော့ ကျွန်တော့်ရဲ့ ယာဘက် အခြမ်းမျက်နှာ အကြောဆိုင်း (သို) အကြောတွေ အလုပ်မလုပ်တော့ပါဘူး။ မျက်နှာကြွက်သားတွေလဲ ဘယ်ဘက်အခြမ်း လောက်မပြည့်တော့ပါဘူး။ ပြုံးရယ်၊ စကားပြောရင် အကြောလိုက်သလိုဖြစ်သွားတယ်။ နောက်ပြီး ယာဘက်မျက်လုံး ဆိုရင်လည်း လေဖြတ်ခံခဲ့ရမှုဒဏ်ကြောင့် ပဲဆိုရမလား… မှုန်ဝါးပြီး စာဖတ်လို့မရတော့ပါဘူး။ အနည်းအကျင်းတော့ မြင်ရပေမယ့် အမြင်အာရုံချို့တဲ့ သွားတယ်လို့ ဆိုလို့ရပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက ကျောင်းတက်လာခဲ့တဲ့ တစ်လျှောက်လုံး နဲ့ အခုအချိန်ထိ ဘယ် ဘက် မျက်လုံးကိုသာ အားထားနေရပါတယ်။ နောက်ပြီး ယာ ဘက် လက်ဟာလည်း လက်ဖနှောက် သိမ်သလိုဖြစ်ပြီး လုပ်ရှားမှု ဘယ် ဘက်လက်လောက် မသန်တော့ပါဘူး။ ဒီလိုအခြေအနေနဲ့ ကျွန်တော်ဘ၀ တစ်လျှောက်မှာ အတတ်နိုင်ဆုံးရှင်သန်ခဲ့ရတယ်။

ဆယ်ကျော်သက်အရွယ်ဘဝနဲ့ကျွန်တော်

ကလေးဘ၀ (၁၀ နှစ်) မတိုင်ခင် အထိကျွန်တော် လူတွေနဲ့ ပေါင်းသင်ဆက်ဆံရာမှာ မိမိရဲ့ အားနည်းချက်ကို သိပ် သတိမထားမိခဲ့ဘူး။ သို့သော်လည်း အသက် (၁၀) နှစ် နဲ့ ဆယ်ကျော်သက် အရွယ် မှာတော့ ကျွန်တော်လူပျိုဖော်ဝင်ခါစ ဆိုတော့ မိမိမှာရှိတဲ့ အားနည်းချက်တွေကို အမြဲရိပ်မိနေခဲ့ပြီး လူတော သိပ်မသွားရဲခဲ့ဘူး။ လူတောရောက် သွားရင်လည်း မလုံမလဲ စိတ်မလွတ်မလပ် ဖြစ်ခဲ့ပါတယ်။ မိမိကို လူတွေ ဝိုင်းငေးကြည့်ရင် နေရ ထိုင်ရ အဆင်မပြေခဲ့ဘူး။ နေသားမကျခဲ့ဘူးပေါ့။

ထိုဆယ်ကျော်သက်နှစ်များဟာ ကျွန်တော့်အတွက်တော့ စိတ်ဖိစီးမှု၊ စိတ်မကျေနပ်မှု နဲ့ မိမိကိုယ်ကို အပြစ်တင်ခဲ့မှု၊ ဖြစ်ခဲ့တာတွေကို အပြစ်ပုံချမှု၊ စတဲ့ စိတ်အလိုမကျမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ မိသားစု၊ ဆွေမျိုး အသိုင်းဝိုင်း နဲ့ လူတကာ ကလည်း အားပေးခဲ့တဲ့လူရှိခဲ့ သလို၊ ကျီဇယ်၊ စနောက်၊ နှိမ်ချ ပြောဆိုခံခဲရမှုတွေနဲ့ လည်းပြည့် နှက်နေခဲ့ပြန်တယ်။ ဆိုတော့ စိတ်ထဲကနေ မမေ့မိတဲ့ ဝမ်းနည်းမှု၊ ဝမ်းသာမှုတွေကို အမှတ်တရ ဖြစ်စေခဲ့တာက ကျွန်တော့်ရဲ့ ဆယ်ကျော်သက် ဘ၀ သက်တမ်းတွေထဲက အများဆုံးလို့ မှတ်ချက် ချမိပါတယ်။

မည်သို့ ဘဝအနှိမ့်အမြင့် အတက်အကျ ရှိခဲ့စေကာမူ ကျွန်တော် ယုံကြည်ချက်တွေ၊ ခံယူချက်တွေ ကိုတော့ ထိုအရာတွေက မယိမ်းယိုင်စေခဲ့ပါဘူး။ လျှို့ဝှက်ချက်ကတော့ ကျွန်တော်ဟာ အရာတွေကိုလွယ်လွယ်နဲ့ အရှုံးပေးခဲ့မှုမရှိခဲ့ပါဘူး။ ထူးခြားချက်က ငယ်စဉ်က ကျောင်း တက်ဖို့ တွန့်ဆုတ်ခဲ့ တဲ့ ကျွန်တော်ဟာ ၆ နှစ်လောက်မှ ကျောင်းစတက်မြဲခဲ့ပြီး ထိုမှတစ်ဆင့် အတန်းတိုင်း ကို အောင်မြင်စွာဖြတ် ကျော်နိုင်ခဲ့ ပါတယ်။ သို့ပေမယ့် မိသားစုအဆင်မပြေဖြစ်လို့ ကျွန်တော် တို့တွေ ထိုင်း သို့ ရွေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။ ကျွန်တော် မြန်မာပြည်တွင် (၅) တန်း အထိသာ ပြီးဆုံးအောင် ကျောင်းနေခဲ့ရသည်။

ရွေ့ပြောင်း လူငယ်ဘဝနဲ့ ကျွန်တော်

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ကျွန်တော် ၂၀၀၅ ခုနှစ် မှာစရောက်ခဲ့တယ်။ အကြောင်းကတော့ အရင်ရောက်ပြီးသား မိဘတွေနဲ့ အတူနေထိုင်ဖို့ဖြစ်တယ်။ သို့သော်မိဘများနေထိုင်တဲ့ ဖွတ်ဖရ နယ်မှာ ကျွန်တော်ပညာရေးအတွက်အဆင်မပြေလို့ မဲဆောက်မြို့မှာရှိတဲ့ ကျေောင်းဆရာမ အဒေါ်နဲ့ နေခဲ့ပြီး ကျွန်တော် အဒေါ်အလုပ် လုပ်တဲ့ ရွေ့ပြောင်းမြန်မာ ကျောင်း “သွေးသစ်” မှာ ကျွန်တော်ကျောင်း ဆက်လက်သင်ယူဖို့ဆုံးဖြတ် လိုက်တယ်။ မထင်မှတ် ထားတာက ကျွန်တော်စ ရောက်တဲ့နှစ်မှာ “သွေးသစ်ကျောင်း” ဟာ (၄)တန်း အထိပဲရှိခဲ့တယ်။ ဒါကြောင့် ကျွန်တော် (၄)တန်းကို ထနေဖြစ်လိုက်သေးတယ်။ နောက်နှစ်မှ စပြီး (၅) တန်း ကို တက်ရောက်ဖြစ်ခဲ့တဲ့။ ဒီလိုနဲ့ ဆက်လက်ပြီး အထက် တန်းအဆင့် အတန်းတွေကို ပုံမှန် တစ်နှစ်ပြီးတစ်နှစ် တက်ရောက်ဖြစ်ခဲ့တယ်။ အသက်အရွယ် ကြီးခဲ့လို့ အတန်းတွေလဲ ကျော်တက်ခဲ့ဖူးတယ်။ ဒီလိုနဲ့ ထိုကျောင်းမှာ ကျွန်တော် (၉)တန်းအထိနေခဲ့ဖြစ်တယ်။ ကျောင်းအုပ်ဆရာရဲ့ အကြံပြုချက်အရ ကျွန်တော်တို့ကို အထက်တန်းတက်ဖို့ အခြားကျောင်းသို့ လွဲပြောင်းသင်ယူခိုင်းခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော် နောက်ထပ် ရွေ့ပြောင်းကျောင်း တစ်ခုဖြစ်တဲ့ “မင်းမဟော်” ကို နွေရာသီသင်တန်းမှတစ်ဆင့် ပညာသင်နှစ် ၂၀၁၀−၂၀၁၁ ပညာသင်နှစ်မှာ မင်းမဟော်ရဲ့ Post-Ten ကို စတင်တက်ရောက်ဖြစ်ခဲ့တယ်။ “မင်းမဟော်” ကျောင်းဟာ အထက်အဆင့် သင်ကြားပေးတဲ့ ကျောင်းဖြစ်ပြီး အထူးသဖြင့်တော့ Post-Ten နဲ့ GED အဆင့် ရှိ အတန်းများကို အင်္ဂလိပ်စာ ဘာသာစကားဖြင့် နိုင်ငံစုံက စေတနာ့ဝန်ထမ်းဆရာတွေဖြင့် သင်ကြားပေးတယ်။ ဒီလိုနဲ့ စာသင်နှစ်ကုန်တော့ ကျွန်တော် ရှေ့ဆက်တက်ဖို့ အခြားသော ကျောင်းတွေကို ဆက်လက်လျှောက်ဖြစ်တယ်။ သို့သော်လည်း မည်သည့် အခွင့်အရေးမှ မရခဲ့လို့ မိမိနေခဲ့တဲ့ “သွေးသစ်” ကျောင်းမှာ စေတနာ့ဝန်ထမ်းဆရာ အဖြစ် စာသင်နှစ် (၂၀၁၁−၂၀၁၂) မှာ (၁)နှစ် အလုပ်လုပ်ပေးခဲ့ပြန်တယ်။ အဲဒီနောက်ကျွန်တော် အခွင့်အရေးထပ်ရခဲ့တယ်။ အဲ့ဒါက မင်းမဟော် ကျောင်းရဲ့ GED အဆင့်ကို ဆက်လက်သင်ယူဖို့ အခွင့်အရေးရခဲ့ပြန်တယ်။ ထိုအတန်းကို ဝင်ရောက်ဖို့ကျောင်း သားတွေ ဝင်ခွင့် ကို ကျိတ်ကျိတ်တိုးပြီးဝင် ဖြေရတယ်။ အပြိုင်အဆိုင်များလို့ ဒုတိယနှစ်မှ ကျွန်တော်တက်ရောက်ခွင့်ရခဲ့တယ်။ ဒီလိုနဲ့ (၂၀၁၂−၂၀၁၃) ခုနှစ်မှာ ကျွန်တော် မင်းမဟော် ကျောင်း ၌ GED ကို တက်ရောက်ခဲ့ပြီး ထိုစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့တယ်။ သို့သော် ပညာသင်ဆု (စကောလားရှစ်) ဝင်လျှောက်ခဲ့ရာ မအောင်မြင်ခဲ့လို့ “သွေးသစ်” ကျောင်းကို တစ်ဖန်ပြန်ပြီး နောက်ထပ်တစ်နှစ် စေတနာ့ဝန်ထမ်းဆရာအဖြစ် (၂၀၁၃−၂၀၁၄) ပညာသင်နှစ်မှာ အလုပ်လုပ်ကိုင်ခဲ့တယ်။ အဲ့ဒီနောက် ကံကောင်းထောက်မ စွာဖြင့် ၂၀၁၄ မေလ မှာ ကျွန်တော် Child’s Dream အဖွဲ့အစည်းမှ ပညာသင်ဆု (စာသင်နှစ်အတွက်အပြည့်) ရရှိခဲ့ပြီး တက္ကသိုလ်ဆက်လက် တက်ရောက်ဖို့ မဟာအခွင့် အရေးရခဲ့ပါတယ်။ ထိုအချိန်က ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး အောင်မြင်မှုမှတ်တိုင် တစ်ခု ဆိုရင်လည်းမမှားပါ။ ကျွန်တော့်ဘဝမှာ အိမ်မက် မမက်ရဲခဲ့ဘူးတဲ့ အရာတွေကို လက်တွေ့မှာ ကြုံဆုံခဲ့ရလို့ အတိုင်းမသိ ဝမ်းသာခဲ့မိတယ်။

တက္ကသိုလ်ကျောင်းသားဘဝနဲ့ ကျွန်တော်

ကျွန်တော် တက္ကသိုလ်တက်ရောက်ခဲ့စဉ်က အသက် ၂၁ နှစ်ရှိပြီဖြစ်တယ်။ တက္ကသိုလ်ကို တော့ ၂၀၁၄ ဩဂုတ်လ တွင် ထိုင်းနိုင်ငံ၊ စရဘူရီ ခရိုင်ရှိ Asia-Pacific International University (သတ္တမမြောက်အသင်းတော်အခြေပြုကျောင်း) တွင် Education and Psychology မေဂျာဖြင့် တက်ရောက်သင်ကြားခဲ့ပါတယ်။ ဘာသာရပ်ရဲ့ အဓိက အာရုံစိုက်ဧရိယာနယ်ပယ်ကတော့ ပညာရေးဖြစ်ပြီး စိတ်ပညာ ကိုလည်း အခြေခံ သင်ကြားခဲ့ရတယ်။ ထိုမေဂျာပြီးဆုံးခဲ့ရင် မိမိတို့အနေနဲ့ ပညာရေးနယ်ပယ်နဲ့ ဆိုင်တဲ့ အလုပ်အကိုင်တွေမှာ ဥပမာ ကျောင်းဆရာ၊ကလေးထိန်းစာသင်ကျောင်းတွေနဲ့ စတဲ့ ပညာရေးနယ်ပယ်က အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်လို့ရတဲ့ မေဂျာဖြစ်ပါတယ်။

ကျွန်တော်ဘဝအတွက် ကျောင်းတက်စဉ် တွေ့ကြုံခဲ့ရတာတွေ ကတော့ နောက်ခံ သမိုင်းကြောင်း မတူကွဲပြားတဲ့ လူတွေနဲ့ အတူတူပညာ သင်ကြားခဲ့ရတဲ့အတွက် အလွန် ဗဟုသုတ နဲ့ အတွေ့အကြုံများရရှိခဲ့တာရယ်၊ မိမိကိုး ကွယ်ရာ ဘာသာ နဲ့ မတူတဲ့ အသိုင်းအဝိုင်းမှာ ဖြစ်ခဲ့တဲ့အတွက် ဘာသာ ခြားရဲ့ ယုံကြည်မှု ၊နေထိုင်မှုဘ၀ နဲ့ သဘောထားတွေကို သိရှိခဲ့ရတာရယ်…။ လူမျိုးပေါင်းစုံ မတူညီတဲ့ ပတ်ဝန်းကျင်မှာ မည်သို့မည်ပုံ လိုက်လျှောညီထွေစွာ နေထိုင်တတ်ခဲ့တာရယ်…။ မိမိကြုံတွေ့ခဲ့ရတဲ့ ပညာရေးနဲ့ မတူပဲ နိုင်ငံစုံက ဆရာ၊ဆရာမတွေနဲ့ ယင်းတို့ရဲ့ အတွေးအခေါ်စုံတွေနဲ့ စာသင်ကြားခဲ့ရတာရယ်…။ အစားအသောက်မတူတဲ့ အခက်အခဲတွေရယ်၊ လူပေါင်းစုံ နောက်ခံသမိုင်းပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံမှုမှာ တွေ့ကြုံရတဲ့ အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။

မည်သို့ပင်အခက်အခဲ များဖြင့်ကြုံတွေ့စေကာမူ ကျွန်တော့်ရဲ့ လုပ်စရာရှိတာလုပ်တာ၊ တာဝန်ဝတ္တရားတွေကို မပျက်မကွက်လုပ်ဆောင်ရင်း နှစ်စဉ် တက္ကသိုလ် ကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ်။

မထင်မှတ်ထားတဲ့ သတင်းဆိုး နဲ့ ကျွန်တော်

တက္ကသိုလ်တက်နေစဉ်အတွင်း ကျောင်းသင်ခန်းစာတွေနဲ့ ပတ်သက်ပြီး အခက်အခဲသိပ်မရှိပေမယ့် ကျွန်တော် ဆီကို မထင်မှတ်တဲ့ သတင်းဆိုးကြီး ဝင်ရောက်လာခဲ့တယ်။ မှတ်မှတ်ရရ ကျွန်တော် ရဲ့ တက္ကသိုလ် ၃ နှစ်ခွဲ ကာလ ၂၀၁၈ မတ်လ အချိန် ဖြစ်တဲ့ အပြင် ကျွန်တော် ရဲ့ လက်တွေ့အလုပ်သင်ကာလ Internship အချိန် အလုပ်တဖက်နဲ့ လည်းဖြစ်နေတဲ့အချိန်ပေါ့။ မမျှော်လင့်ပဲ အိမ်က အမေနဲ့ အစ်မ က ဖုန်းဆက်လာတယ် အဲ့ဒါက “အဖေဆုံးပြီးတဲ့” …။ ကျွန်တော်ဖုန်းကိုင်ရင်း မျက်ရည်မဆယ်နိုင်ဖြစ်ခဲ့ တော့တယ်။ ရင်ထဲက အလူးအလိမ့်ခံစားခဲ့ရတယ်။ တစ်ခါမှ ဒီလိုဝမ်းနည်းမှုတွေနဲ့ မကြုံသေးဘူးခဲ့လို့လေ။ ဒီအခေါက်တော့ အဖေ့ ရဲ့ နာရေးသတင်းက ကျွန်တော့်ရဲ့ ရင်ဘတ်ကို ဆူးနဲ့ ထိုးသကဲ့သို့ နာကျင်ခံစားခဲ့ရတယ်။ ကျွန်တော့် ဘဝကြီးတစ်ခုလုံး အမှောင်ထုကြီးထဲရောက်သွားသလိုဖြစ်သွားခဲ့ရတယ်။ ဒီလိုနဲ့ အမေနဲ့ ဖုန်းပြောပြီးပြီးချင်း ကျောင်းက ဆရာဆီမှာ သတင်းပို့ပြီး အဖေ့ရဲ့ ဈာပန အမှီ ပြန်လာဖို့ စီစဉ်လိုက်တော့တယ်။ ကျောင်းက ဆရာ၊ဆရာမ တွေနဲ့ သူငယ်ချင်းများကလည်း ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ကြတယ်။ ကံကောင်းစွာနဲ့ပဲ အဖေ့ရဲ့ ဈာပနမှာ အချိန်မီ ပြန်ရောက်သွားခဲ့ပြီး နှစ်ပတ်လည်အထိ နေခဲ့လိုက်တယ်။

ကျွန်တော်ဝမ်းအနည်းဆုံးက ဘာလဲဆိုတော့ ၂၀၁၇ နှစ်ကတည်းက အဖေက ရောဂါရလာခဲ့လို့ အိမ်ယာထဲလဲနေခဲ့ရတယ်။ ကျွန်တော့်အနေနဲ့ ကျောင်းတစ်ဖက်နဲ့ ဆိုတော့ အပြည့်အ၀ ပြုစု မပေးလိုက်ရတာကို ယူကြုံးမရဖြစ်ခဲ့တယ်။ နောက်ပြီး အဖေ့ရဲ့ စကားကို ကျွန်တော်အမြဲကြားယောင်နေသေးတယ် အဲဒါက “ငါ့သား ဘွဲ့ယူရင် အဖေလာခဲ့မယ်” ဆိုတဲ့ စကားလေး အခုချိန်ထိနားထဲက မထွက်သေးပါ။ ပိုခံစားရတာက ကျွန်တော် ကျောင်းပြီးတော့မယ့် ၂ လလောက်အလိုမှာ အဖေက ကျွန်တော်တို့ကို ထားသွားခဲ့တယ်။ သူမြင်ချင်ခဲ့တဲ့ သားလေး ဘွဲ့ယူမယ့်အချိန်ထိတောင် မစောင့်နိုင်ခဲ့ဘူး။ မိသားစုမှာ ကျွန်တော်တစ်ယောက်တည်း အဆင့်မြင့်ပညာကို တက်လှမ်းနိုင်ခဲ့လို့ မောင်နှမတွေထဲမှာ အဖေက ကျွန်တော့်ကို အလိုလိုက်ဆုံး နဲ့ အငယ်ဆုံးဖြစ်နေတာက တစ်ကြောင်း ဆိုတော့ အဖေက ပိုပြီး ဂရုစိုက်ပေးခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အဖေ့ကို သူ့ရဲ့ကျေးဇူးတွေအတွက် အမြဲကျေးဇူးတင်နေမိတယ်။

မည်သို့ဆိုစေ ကျွန်တော့်ရဲ့ မေလ ၂၀၁၈ ခုနှစ် ဘွဲနှင်းသဘင်ပွဲကိုတော့ အမေ နဲ့ အစ်မ လာရောက် ဂုဏ်ပြုနိုင်ခဲ့တယ်။ နောက်ပြီး အမှတ်တရဖြစ်စေခဲ့တာက ကျွန်တော့်ရဲ့ တက္ကသိုလ်က နှစ်စဉ် ဘွဲ့နှင်းသဘင်များကို ထိုင်းနိုင်ငံရဲ့ တော်ဝင် မိသားစု ဝင် တစ်ဦးဖြစ်တဲ့ မင်းသမီး Her Royal Highness Princess Soamsawali ကိုယ်တိုင် ကျောင်းဆင်းမယ့် ကျွန်တော်တို့ ကျောင်းသားများကို ဘွဲ့လက် မှတ်များ လာရောက် ပေးသနားလေ့ရှိတယ်။ ဒါကြောင့် ကျွန်တော့်အတွက် အတွေ့ကြုံကောင်းတစ်ခုဖြစ်ခဲ့တယ်။ အရမ်းလဲဝမ်းသာကြည်နူးနေမိခဲ့တယ်။

မျိုးဆက်သစ်လူငယ်များနဲ့ ကျွန်တော်

ကျွန်တော် ကျောင်းဆင်းပြီးတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် မိမိတက်ခဲ့တဲ့ ကျောင်း “မင်းမဟော်” က ကျွန်တော့်ကိုဆက်သွယ်လာခဲ့တယ်။ အဲ့ဒါကကျောင်းမှာ ဝန်ထမ်းလိုနေတယ်ဆိုပြီး၊ ဒါနဲ့ ကျွန်တော်လည်း ကျောင်း ဒါရိုက်တာ ကိုရဲ နဲ့ စကားပြောဖြစ်ကြပြီး ထိုအလုပ်ကို လက်ခံလိုက်တော့တယ်။ အခုကျွန်တော်ဟာ ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ကလေးမှာ ရှိတဲ့ “မင်းမဟော်” ကျောင်းမှာ ကျောင်းဆရာ တစ်ဦး အပြင် ပညာရေးဆိုင်ရာ လက်ထောက် ကျောင်းကြီးကြပ် စီမံခန့်ခွဲရေး ရေးအဖြစ်လဲ လုပ်ကိုင်နေပါတယ်။ ပီတိအဖြစ်ရဆုံးကတော့ ကျွန်တော် ကိုယ်တိုင် ကျောင်းသားအဖြစ် တက်ရောက်ခဲ့တဲ့ ကျောင်းမှာ အခု ဆရာအဖြစ်နဲ့ ပြန်လည်လုပ်ကိုင်ရတဲ့ ခံစားချက်က အလွန်ကြည်နူးရပါတယ်။ မတူညီတဲ့ နောက်ခံသမိုင်း ကိုယ်စီနဲ့ လာတဲ့ ကျောင်းသား လူငယ်များကလည်း အရမ်း တက်ကြွပြီး စာကြိုးစားကြပါတယ်။ သူတို့ရဲ့ အနာဂတ် အတွက် တက်လှမ်းမှုမှာ မိမိအနေနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီခွင့်ရလို့လဲ အလွန် အားရကျေနပ်မိပါတယ်။ သူတို့အနေနဲ့ လာရောက်တဲ့ နေရာဌာနမတူပေမယ့် တူညီတဲ့ အိမ်မက် ကိုယ်စီတော့ရှိနေကြပါတယ်။ အဲ့ဒါက ပညာတတ်ဖြစ်ပြီးရင် မိမိတို့နိုင်ငံအတွက် တစ်ဖက်တစ်လှမ်းကနေ ပြန်လည်ကူညီကြမယ်ဆိုတဲ့အိမ်မက် တွေဖြစ်ပါတယ်။ “မင်းမဟော်” ကျောင်းက ကိုယ်ထူကိုယ်ထ ဖြစ်တာနဲ့အညီ ကျောင်းအတွက်လုံလောက်တဲ့ ထောက်ပံ့မှုများ လိုအပ်နေပါတယ်။ ဒါကြောင့်မိမိအ နေနဲ့လည်း တတ်အား သရွေ့ရန်ပုံငွေမြှင့်တင်မှုများတွင် ပါဝင်နေ လျက်ရှိ ပါတယ်။

စာရေးခြင်းနဲ့ ကျွန်တော့်ဝါသနာ

မိမိအနေနဲ့ ကျောင်းဆရာ လုပ်ကိုင်နေသလို၊ အခြားတစ်ဖက်မှာလည်း ပုံမှန် စာရေးဖြစ်နေပါတယ်။ ကျောင်းပြီးတဲ့ နှစ်လောက်ကစပြီး မိမိရဲ့ ဝါသနာအရာ ဖေ့ဘွတ်မှာ ကိုယ်ပိုင် စာမျက်နှာလေးလဲ ဖွင့်ထားပါတယ်။ Thar Htoo Blog ဆိုပြီး  ဖေ့ဘွတ်မှာ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက် ကတော့ မိမိသိထားတဲ့ ဗဟုသုတတွေကို လူအများသိလာစေပြီး သူတို့ရဲ့ ဘဝမှာ အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်း လဲမှုများကို မြင်ရရင်ကျေနပ်မိပါတယ်။ အနာဂတ်မှာလည်း ပိုမိုကောင်း မွန်အောင်ကြိုး စား နေပါတယ်။

ကျွန်တော့်ရဲ့စကားလက်ဆောင်

ကျွန်တော့်ဘဝမှာ ကျွန်တော်တစ်ယောက်တည်းနဲ့ ကျွန်တော်ရောက်ရှိနေ တဲ့ ယခုလမ်းကြောင်းပေါ် ကို မရောက်နိုင်ပါ။ ကျွန်တော့်ဘဝလမ်းကြောင်း တစ်လျှောက်မှာ အဖက်ဖက်က ဝိုင်းဝန်းကူညီပေးကြတဲ့ ပုဂ္ဂိုလ်အသီးသီးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့ မတူညီတဲ့ ဘ၀ အနှိမ့်အမြင့် များကို ဝင်ရောက်ဖတ်ရှု့ကြတဲ့ စာဖတ်သူပရိသတ်များကို အလွန်ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ဘဝမှာ မည်သိုမည်ပုံမွေးဖွားလာကြပါစေ မတူညီတဲ့ အရည်အချင်းများ၊ အတွေးအမြင်များ ကိုယ်စီရှိနေကြပါတယ်။ ထိုအရာများကို တစ်နေ့တစ်ချိန် အိမ်မက်ကနေ လက်တွေ့ အကောင်အထည်ဖော်ပြီး အသက်သွင်းယူပါ။ ကျွန်တော့်တို့ ကို ကျွန်တော်တို့ ပြောင်းလဲခြင်းဖြင့် မိမိဘေးက လူတွေကိုလည်း မိမိတတ်ထားတဲ့အရာ တွေနဲ့ ကူညီပြီး မြေတောင်မြှောက်ပေးနိုင်ပါတယ်။ နောက်ပြီး မိမိရဲ့ အားနည်းချက်၊ အားသာချက်တွေကို သိရှိပြီး မည်သို့မည်ပုံ ဘဝမှာ သင့်တင့်လျောက်ပတ်စွာ  နေထိုင်ကြမလဲဆိုတာကို စဉ်းစားဆုံးဖြတ် စေချင်ပါတယ်။ ကျွန်တော်တို့ဟာ လူထဲက လူသားတစ်ယောက်ဖြစ်လို့ မတူကွဲပြားစွာနဲ့ လုပ်ဆောင်နိုင်ကြပါတယ်။ အရေးကြီးတာက ဇွဲမလျှော့ မိဖို့ပါ။ အားတင်းပြီး ရှေ့ဆက်လျှောက်စို့လား….။

သာထူး ရဲ့ ဘ၀ မှတ်စုတိုများ

TharHtoo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top