ဗိုက်သားလှုပ် ကခဲ့တဲ့ အီဂျစ်ကျောင်းဆရာမ အလုပ်ထုတ်ခံရပြီး ကွာရှင်းခံရ

13-2-2022-yyl1-1.jpg

အီဂျစ်နိုင်ငံမှာ ဗိုက်သားလှုပ်အက ကခဲ့တဲ့ ကျောင်းဆရာမတစ်ယောက်ဟာ အလုပ်ထုတ်ခံရပြီး ခင်ပွန်းဖြစ်သူရဲ့ ကွာရှင်းမှု ခံခဲ့ရပါတယ်။ အေယာယူဆက်ဖ်ဟာ နိုင်းမြစ်တွင်းသား သင်္ဘောပေါ်မှာ ကျင်းပခဲ့တဲ့ လုပ်ငန်းခွင် ပျော်ပွဲရွှင်ပွဲတစ်ခုမှာ ကျောင်းဆရာတစ်ဦးနဲ့အတူ စည်းချက်လိုက် ကခဲ့တာပါ။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အေယာယူဆက်ဖ်ရဲ့ ခွင့်ပြုချက်မတောင်းဘဲ သူ ကနေတာကို ဗီဒီယိုရိုက်ခဲ့တာ ဖြစ်ပါတယ်။

အေယာယူဆက်ဖ်ဟာ ခေါင်းစည်းပုဝါခြုံထားသလို လုံခြုံစွာ ဝတ်စားဆင်ယင်ပြီး ကခဲ့တာပါ။ အနောက်တိုင်းယဉ်ကျေးမှုစံနှုန်းနဲ့ယှဉ်ရင် မြင်တွေ့နေကြပုံစံမျိုးဖြစ်ပေမဲ့ အီဂျစ်နိုင်ငံရဲ့ လူမှုစံနှုန်းတွေအရ ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့ဗီဒီယိုကလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အေယာယူဆက်ဖ်က အရှက်တရားကင်းမဲ့စွာ ကခဲ့တယ်လို့ ရှေးရိုးစွဲအမြင်ရှိသူတွေက ဝေဖန်ခဲ့ကြပါတယ်။ အခြားသူတစ်ယောက်ကလည်း ”အီဂျစ်နိုင်ငံမှာ ပညာရေးအဆင့် တော်တော်နိမ့်နေပြီ”လို့ ဝေဖန်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အရေးယူပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အေယာယူဆက်ဖ်ဟာ နှစ်ပေါင်းများစွာ စာသင်ခဲ့တဲ့ ဒါခါလီယာအစိုးရမူလတန်းကျောင်းဆရာမအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရသလို ခင်ပွန်းသည်ကလည်း သူ့ကို ကွာရှင်းခဲ့တာပါ။ အေယာယူဆက်ဖ်ကတော့ နောက်ထပ် ဘယ်တော့မှ မကတော့ဘူး၊ ဒီအဖြစ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်စိတ် ပေါက်သွားတယ်လို့ ဆိုခဲ့ပါတယ်။ ” နိုင်းမြစ်တွင်းသွား သင်္ဘောပေါ်က ၁၀ မိနစ်ဟာ ကျွန်မဘဝကို ပျက်စေခဲ့တယ်” လို့ သူက ပြောပါတယ်။

အီဂျစ်နိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကတော့ အေယာယူဆက်ဖ် အမှားလုပ်ခဲ့တာမရှိဘူး၊ အီဂျစ်လူ့အဖွဲ့အစည်းထဲက စုန်းခြောက်သူတွေကြောင့် သားကောင်ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။ အေယာယူဆက်ဖ်ကို ထောက်ခံပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်ကို ကာကွယ်ချင်တဲ့ ဒုတိယကျောင်းအုပ်ဆရာမ တစ်ယောက်ကတော့ သူ့သမီး မင်္ဂလာဆောင်မှာ ကခဲ့တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။

အီဂျစ်နိုင်ငံ အမျိုးသမီးအခွင့်အရေးစင်တာ အကြီးအကဲ ဒေါက်တာ ကွမ်ဆန်ကတော့ အေယာယူဆက်ဖ်အနေနဲ့ သူ့ရုံးမှာ အလုပ်လာလုပ်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒါ့အပြင် ပညာရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းခန့်အပ်လွှာစာချုပ် ယူလာပေးရင် ကျောင်းထုတ်ခံရတဲ့ဖြစ်ရပ်ကို ဥပဒေကြောင်းအရ ရင်ဆိုင်ပေးသွားမယ်လို့ ဆိုပါတယ်။

အဲဒီလို ထောက်ခံအားပေးမှုတွေကြောင့် ဒေသခံအာဏာပိုင်တွေက အေယာယူဆက်ဖ်ကို အလုပ်ထုတ်ခဲ့တဲ့ဖြစ်ရပ်အပေါ် ပြန်စဉ်းစားခဲ့ကြပြီး အခြားကျောင်းတစ်ကျောင်းမှာ အလုပ်ပြန်ခန့်ခဲ့ပါတယ်။ အေယာယူဆက်ဖ်ကတော့ သူဟာ အများပြည်သူဆိုင်ရာ အဆောက်အအုံမှာ ကခဲ့တာ မဟုတ်သလို သူ့ကျောင်းသားတွေရှေ့မှာ ကခဲ့တာလည်း မဟုတ်ဘူးလို့ ဆိုခဲ့ပြီး သူ ကနေချိန်မှာ ဗီဒီယိုရိုက်ခဲ့သူကို တရားစွဲဆို စီစဉ်နေတယ်လို့ ဆိုပါတယ်။

Ref: BBC ‘Sacked belly-dancing teacher sparks Egypt debate over women’s rights “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top