၂၀၂၂ခုနှစ် အော်စကာဆုပေးပွဲကို အစီအစဉ်မှူးပါဝင်ကာ ကျင်းပသွားမယ်

12-2-2022-yyl5.jpg

၂၀၁၉ခုနှစ်ကစပြီး အစီအစဉ်မှူးမပါဘဲ ကျင်းပလာခဲ့တဲ့ အော်စကာဆုပေးပွဲ (အကယ်ဒမီဆုပေးပွဲ) ဟာဆိုရင် အခုနှစ် ၂၀၂၂ခုနှစ်မှာတော့ အစီအစဉ်မှူးပါဝင်ကာ ကျင်းပသွားမယ်လို့ ABC ရုပ်သံလိုင်းက ပြောကြားသွားခဲ့ပါတယ်။

ကိုဗစ် -၁၉ ကပ်ရောဂါကူးစက်ခံရမှုတွေရှိနေတဲ့အတွက် အခြားဆုပေးပွဲတွေကို ရွှေ့ဆိုင်းထားပေမဲ့ Walt Disney ကုမ္ပဏီရဲ့ ABC ရုပ်သံလိုင်းက အကောင်းဆုံးရုပ်ရှင်ကဇာတ်ကားတွေကို ဆုချီးမြှင့်ပေးတဲ့ အော်စကာဆုပေးပွဲကို မတ်လ ၂၇ ရက်နေ့ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပသွားဖို့ အစီအစဉ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အခုနှစ် ဆုပေးပွဲအခမ်းအနားမှာ အစီအစဉ်မှူးတစ်ယောက်ပါဝင်မယ်လို့ ABC ရဲ့ ဉက္ကဌ ခရိတ် အာဝစ်ချ် (Craig Erwich) က Television Critics Association ပွဲမှာ ပြောကြားခဲ့တာပါ။ အစီအစဉ်မှူး ဘယ်သူလဲဆိုတာ အပါအဝင် ပွဲအခမ်းအနား အသေးစိတ်ကိုတော့ ပြောပြထားခြင်းမရှိပါဘူး။ “အစီအစဉ်မှူးက ကျွန်တော် ဖြစ်ကောင်းဖြစ်နိုင်တယ်” လို့ စနောက်ပြောကြားခဲ့ပါသေးတယ်။

အော်စကာဆုတွေကို နာမည်ကြီးဆယ်လီတင်ဆက်သူတွေက ပေးအပ်ခဲ့ပေမဲ့ ၂၀၁၉ခုနှစ်၊ ၂၀၂၀ခုနှစ် နဲ့ ၂၀၂၁ခုနှစ်တွေမှာ အစီအစဉ်မှူးမပါဝင်ခဲ့ပါဘူး။ ရုပ်သံထုတ်လွှင့်မှုအတွက် အဆင့်သတ်မှတ်ချက်တွေက မကြာသေးခင်နှစ်တွေမှာ နည်းပါးသွားခဲ့ပြီး ၂၀၂၁ခုနှစ်မှာ အမေရိကန်နိုင်ငံက လူပေါင်း ၁၀.၄ သန်းအထိ စံချိန်ထိ ထိုးကျသွားခဲ့ပါတယ်။ အခြားဆုပေးပွဲရဲ့ကြည့်ရှုနှုန်းတွေကလည်း ကျဆင်းသွားခဲ့ပါတယ်။

မင်းသားတွမ် ဟော်လန်ရဲ့ ပရိသတ်တွေက သူ့ရဲ့ Spider-Man: No Way Home ရုပ်ရှင်ကား အောင်မြင်လာခဲ့ပြီးတဲ့နောက် သူ့ကို ၂၀၂၂ခုနှစ် အော်စကာဆုပေးပွဲအတွက် အစီအစဉ်မှူးလုပ်သင့်တယ်လို့ အကြံပြုထားကြပါတယ်။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာတုန်းကတော့ “ဆုပေးပွဲတွေအတွက် အစီအစဉ်မှူးလုပ်ရတာကို နှစ်သက်ပါတယ်လို့ တွစ် ဟော်လန် ပြောခဲ့ဖူးပါတယ်။ “ကျွန်တော့်ကို အစီအစဉ်မှူးလုပ်ဖို့ တောင်းဆိုရင် ကျွန်တော် လုပ်ပေးမှာပါ။ ဒါက အရမ်းပျော်စရာကောင်းပါလိမ့်မယ်” လို့ တွစ်ဟော်လန်က ပြောပါတယ်။

အရင်တုန်းကတော့ တီဗီအစီအစဉ်တင်ဆက်သူ ဂျင်မီ ကင်မီလ် (Jimmy Kimmel)၊ ဟာသပညာရှင် ခရစ် ရော့ခ် (Chris Rock) နဲ့ အယ်လန် ဒါဂျဲနရာ့စ် (Ellen DeGeneres) တို့ အစီအစဉ်မှူးတွေအဖြစ် ဆောင်ရွက်ခဲ့တာပါ။

၂၀၂၂ခုနှစ် အော်စကာဆုပေးပွဲကို Dolby Theatre မှာ ထပ်မံကျင်းပသွားမှာဖြစ်တယ်လို့ ABC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆုပေးပွဲကို ကိုဗစ်ကာကွယ်ဖို့အတွက် ဆန်ကာတင်စာရင်းဝင်တွေ၊ ဧည့်သည်အနည်းငယ်နဲ့ လော့စ်အိန်ဂျလိစ်မြို့လယ်က သမိုင်းဝင် Union Station ရထားဘူတာမှာ ပြောင်းရွှေ့ကျင်းပခဲ့တာပါ။

အခုနှစ်အော်စကာဆုပေးပွဲအတွက် ဆန်ကာတင်စာရင်းတွေကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကြေညာသွားမှာဖြစ်ပါတယ်။

Ref: AsiaOne “This year’s Oscars show will go on, with a host”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top