ဝါတွင်းကာလမှာ ဥပုသ်သီတင်းဆောက်တည်သူတွေအတွက် သားသတ်လွတ် ဟင်းတစ်ခွက် ပြောပြချင်ပါတယ်။ ဒါကတော့ ပြုလုပ်ရလွယ်ကူပြီး
ဆေးဖက်လည်းဝင်တဲ့ ဝဥသုပ်လေးပါ။ ရှောက်ရွက်နံ့ သင်းသင်းလေးနဲ့ အရသာကောင်းတာမို့ ခံတွင်းတွေ့ကြမှာ အသေချာပါပဲ။
ပါဝင်ပစ္စည်းတွေကတော့ – ဝဥ ၊ ကြက်သွန်နီ ၊ သံပုရာသီး ၊ ရှောက်ရွက် ၊ ငရုတ်သီးမှုန့် ၊ ဆား ၊ ဆီချက် ၊ ဟင်းခတ်မှုန့် နဲ့ ပဲအကျက်မှုန့်တို့ဖြစ်ပါတယ်။
ပြုလုပ်နည်းအဆင့်ဆင့်ကို ပြောပြပါမယ်။
• ကြိုထားပြီးသား ဝဥကို ပါးပါးလှီးပြီး အနေတော်အချောင်းလေးတွေလှီးပါ။
• ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဝဥကို လှော်ပေးပါ။ ဝဥထဲက ထွက်လာတဲ့ ရေ ခန်းသွားမှ မီးပိတ်ပြီး အအေးခံထားပါ။
• ဇလုံထဲမှာ ဝဥ ၊ ရှောက်ရွက် နဲ့ ကြက်သွန်နီ ပါးပါးလှီးထားတာ ရောထည့်ပြီး ဆား ၊ ဆီချက် ၊ ပဲအကျက်မှုန့် ၊ ဟင်းခတ်မှုန့် တို့ဖြူးပြီး သုပ်ပါ။ ချဉ်ချဉ်စပ်စပ် အရသာ အတွက် သံပုရာရည်ညှစ် ၊ ငရုတ်သီးအကျက်မှုန့်ထည့်သုပ်ပြီး အပေါ်ကရှောက်ရွက်ဖြူးပါ။
• အရသာအပေါ့အငံမြည်းပြီးရင်တော့ ချဉ်ချဉ်စပ်စပ်အရသာ ဝဥသုပ်ရပါပြီ။
ဝဥရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အစာချေစနစ်ကို ကောင်းမွန်စေသလို အဆီပါဝင်မှုနည်းတဲ့အတွက် ကိုယ်အလေးချိန် တက်မှာ ပူစရာမလိုပါဘူး။ သွေးလည်ပတ်မှုကို ကောင်းမွန်စေလို့ နှလုံးသွေးကြောကို သန့်စင်စေပြီး ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု ကင်းဝေးစေပါတယ်။ အင်ဆူလင်ပမာဏ ပါဝင်မှုနည်းလို့ သကြားဓာတ်ကို လျော့နည်းစေပြီး ဆီးချို သွေးချို ရောဂါ ကာကွယ်ပေးပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ များစွာပါဝင်တဲ့ ဝဥသုပ်ကို ဝါတွင်းကာလ ဟင်းလျာမီနူးလ်ထဲမှာ ထည့်သွင်းသင့်ပါကြောင်း နှိုးဆော်လိုက်ပါတယ်။
Alice May (ရိုးရာလေး)