အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုကြောင့် ဘောလိဝုဒ်ထိပ်တန်းသရုပ်ဆောင်တချို့ရဲ့လုံခြုံရေးတိုးမြှင့်ထားရ

2-11-2022yyl56.jpg

ဘောလိဝုဒ်ထိပ်တန်းသရုပ်ဆောင်တချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရပါတယ်။ သူတို့တွေ အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြီးတဲ့နောက်မှာ အိန္ဒိယပြည်နယ်အစိုးရက သူတို့ကို ကာကွယ်ပေးဖို့ အကောင်းဆုံးကြိုးစားနေပါတယ်။ လက်ရှိမှာတော့ မင်းသားဆယ်လ်မန်ခန်း၊ အက်ရှေးကူးမား၊ အနူပမ် ခါတို့အတွက် ဘေးကင်းရေးအစီအမံတွေကို တိုးမြှင့်လုပ်ဆောင်ထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မဟာရာရှ်ထရာပြည်နယ်အစိုးရက အဲဒီမင်းသား (၃) ဦး အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာနဲ့ပတ်သက်ပြီး အတွင်းပိုင်းအကဲဖြတ်မှုတွေလုပ်ပြီးနောက် တစ်ဦးချင်းစီအတွက် လုံခြုံရေးတို့မြှင့်ထားတယ်လို့ Hindustan Times သတင်းဌာနက ဆိုပါတယ်။ ဆယ်လ်မန်ခန်းအတွက် ကွန်မန်ဒို (၁) ဦး (သို့) နှစ်ဦးအပါအဝင် လုံခြုံရေးအမှုထမ်း (၁၁) ဦးရှိမယ့် Y+ အမျိုးအစားလုံခြုံရေးပေးသွားမှာပါ။ အဲဒီထဲက လုံခြုံရေးဝန်ထမ်း (၅) ဦး (ကွန်မန်ဒိုတစ်ဦး၊ ရဲ (၄) ဦး) ကို သူ့ရဲ့နေအိမ်မှာ ထားရှိမှာဖြစ်ပြီး သက်တော်စောင့် (၃) ဦးက သူသွားလေရာကို လိုက်ပါသွားမှာဖြစ်ပါတယ်။

အက်ရှေးကူးမားနဲ့ အနူပမ် ခါတို့ကိုတော့ X အမျိုးအစားလုံခြုံရေးပေးထားမှာပါ။ သူတို့ကို လက်နက်ကိုင်လုံခြုံရေးအမှုထမ်း (၂) ဦးစီ ပေးထားမှာပါ။ ကွန်မန်ဒိုတွေတော့ မပေးထားပါဘူး။ အပိုထပ်ဆောင်းလုံခြုံရေးယူမယ်ဆိုရင် သရုပ်ဆောင်တွေက ကုန်ကျစရိတ်ပေးရမှာပါ။ အနူပမ်ခါက သူ့ရဲ့ရုပ်ရှင်ကား ” The Kashmir Files” ထွက်ရှိပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရတာကြောင့် လုံခြုံရေးတိုးမြှင့်ခဲ့ရတာပါ။ အက်ရှေးကူးမားကျတော့ သူ့ရဲ့ကနေဒါနိုင်ငံသားခံယူထားတာနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အပေါ်မူတည်ပြီး လုံခြုံရေးယူခဲ့ရတာပါ။

ဆယ်လ်မန်ခန်းကတော့ မေလ ၂၉ ရက်နေ့က အဆိုတော် ဆစ်ဒ်ဟူ မိုစီ ဝါလာ သေနတ်အပစ်ခံရပြီး သေဆုံးပြီးနောက် ရက်ပိုင်းအကြာ ဇွန်လ ၅ ရက်နေ့မှာ သူနဲ့သူ့ဖခင် ဆလင်မ်ခန်းတို့ အသက်အန္တရာယ်ခြိမ်းခြောက်စာ လက်ခံရရှိခဲ့တာပါ။ ဆလင်မ်ခန်းရဲ့လုံခြုံရေးအဖွဲ့က နေအိမ်အပြင်ဘက်မှာ စာကို တွေ့ရှိခဲ့တာပါ။

အသက်အန္တရာယ်ခြိမ်းခြောက်စာမှာ ဆလင်မ်ခန်းနဲ့သူ့သား (၂) ယောက်လုံး အဆိုတော်ဆစ်ဒ်ဟူ မိုစီဝါလာလို ကံကြမ္မာမျိုး မကြာခင်ကြုံရမယ်လို့ ရေးထားပါတယ်။ လော့ရန် ဘစ်ချ်နွိုင်းရဲ့ဂိုဏ်းက သူတို့ရဲ့အာဏာပါဝါကို ပြနိုင်ဖို့အတွက် ဆယ်လ်မန်ခန်းတို့သားအဖကို ခြိမ်းခြောက်ခဲ့တာဖြစ်တယ်။ အဲဒီဂိုဏ်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ သရုပ်ဆောင်တွေဆီကနေ ငွေညှစ်ဖို့ ပြင်ဆင်နေခဲ့တယ်လို့ မဟာရာရှ်ထရာပြည်ထဲရေးဌာနက ပြောပါတယ်။

အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာကြောင့် ဆယ်လ်မန်ခန်းက ဇူလိုင်လမှာ သေနတ်ကိုင်ဆောင်ခွင့်လျှောက်ထားခဲ့ပါသေးတယ်။ မွန်ဘိုင်းရဲတပ်ဖွဲ့ကလည်း လော့ရန် ဘစ်ချ်နွိုင်းရဲ့ဂိုဏ်းက လူဆိုးအများအပြားကို ဖမ်းဆီးမိခဲ့ပြီး အဲဒီအထဲက တော်တော်များများဟာ ဆယ်လ်မန်ခန်းကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ မွန်ဘိုင်း၊ ပန်ဂျပ်နဲ့ ဒေလီတို့မှာ စုံစမ်းစစ်ဆေးမှုတွေအပြီး လူဆိုးဂိုဏ်းဘစ်ချ်နွိုင်း နဲ့ Goldy Brar တွေက ဆယ်လ်မန်းခန်းကို သတ်ဖို့ ကြံစည်ထားတယ်လို့ သိခဲ့ရပြီးနောက် အခုလို လုံခြုံရေးတိုးမြှင့်ပေးထားရတာပါ။

Ref: Tribune “Salman Khan, Anupam Kher and Akshay Kumar’s security heightened after death threats”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top