အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိပြီးနောက် သေနတ်ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားခဲ့တဲ့ ဆယ်လ်မန်ခန်း

25-7-2022-yyl09.jpg

ဘောလိဝုဒ် နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းဟာ မွမ်ဘိုင်းရဲတပ်ဖွဲ့မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက သူဟာ လူဆိုးဂိုဏ်းခေါင်းဆောင် လော့ရန် ဘစ်ချ်နွိုင်းရဲ့ဂိုဏ်းဆီကနေ အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိပြီးနောက် အခုလို သေနတ်ကိုင်ဆောင်ခွင့်လျှောက်ထားခဲ့တာပါ။

ဆယ်လ်မန်ခန်းက သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်ကို လျှောက်ထားဖို့အတွက် မွမ်ဘိုင်းရဲဌာနချုပ်ကို ဇူလိုင်လ ၂၂ ရက်နေ့က သွားရောက်ခဲ့ပြီး ရဲမင်းကြီး ဗီဗက်ခ် ဖန်ဆယ်ကာကို တွေ့ဆုံခဲ့ပါတယ်။ ဆယ်လ်မန်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက်ရော သူ့မိသားစုကို ကာကွယ်ဖို့အတွက်ပါ သေနတ်တစ်လက် ကိုင်ဆောင်ထားချင်တာပါ။

သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားရာမှာ မဖြစ်မနေလုပ်ဆောင်ရတဲ့အဆင့်ဖြစ်တဲ့ လိုင်စင်အာဏာပိုင်ဆီမတိုင်ခင် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးဖို့အတွက် ရဲဌာနချုပ်ကို ဆယ်လ်မန် သွားရောက်ခဲ့တာဖြစ်တယ်လို့ NDTV သတင်းဌာနက ဖော်ပြထားပါတယ်။

မေလ ၂၉ ရက်နေ့က အဆိုတော် ဆစ်ဒ်ဟူ မိုစီ ဝါလာ သေနတ်အပစ်ခံရပြီး သေဆုံးပြီးနောက် ရက်ပိုင်းအကြာ ဇွန်လ ၅ ရက်နေ့မှာဆယ်လ်မန်နဲ့သူ့ဖခင် ဆလင်မ်ခန်းတို့ဟာ အသက်အန္တရာယ်ခြိမ်းခြောက်စာ လက်ခံရရှိခဲ့တာပါ။ ဆလင်မ်ခန်းရဲ့လုံခြုံရေးအဖွဲ့က နေအိမ်အပြင်ဘက်မှာ စာကို တွေ့ရှိခဲ့တာပါ။

အသက်အန္တရာယ်ခြိမ်းခြောက်စာမှာ ဆလင်မ်ခန်းနဲ့သူ့သား (၂) ယောက်လုံး အဆိုတော်ဆစ်ဒ်ဟူ မိုစီဝါလာလို ကံကြမ္မာမျိုး မကြာခင်ကြုံရမယ်လို့ ရေးထားပါတယ်။ လော့ရန် ဘစ်ချ်နွိုင်းရဲ့ဂိုဏ်းက သူတို့ရဲ့အာဏာပါဝါကို ပြနိုင်ဖို့အတွက် ဆယ်လ်မန်ခန်းတို့သားအဖကို ခြိမ်းခြောက်ခဲ့တာဖြစ်တယ်။ အဲဒီဂိုဏ်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ သရုပ်ဆောင်တွေဆီကနေ ငွေညှစ်ဖို့ ပြင်ဆင်နေခဲ့တယ်လို့ မဟာရာရှ်ထရာပြည်ထဲရေးဌာနက ပြောပါတယ်။

ခြိမ်းခြောက်စာလက်ခံရရှိပြီးတဲ့နောက်မှာ ပြည်ထဲရေးဌာနက ဆယ်လ်မန်ခန်းအတွက် လုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်။ ခြိမ်းခြောက်စာကို ကိုင်တွယ်နေတဲ့ မွမ်ဘိုင်းရာဇဝတ်မှုဌာနခွဲအဖွဲ့တစ်ဖွဲ့ဟာ ပြီးခဲ့တဲ့လက ပီယွန်ကို သွားခဲ့ပြီး လော့ရန် ဘစ်ချ်နွိုင်းဂိုဏ်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဆစ်ဒ်ဟက်ချ် ဟီရာမန်း ကမ်ဘယ် ဆိုသူကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

Ref: Indiatimes “Salman Khan Seeks Weapon License For ‘Self-Protection’ After Receiving Death Threat Letter”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top