AI က ဒီမိုကရေစီကို ရိုက်ခတ်လာနိုင်တယ်လို့ ChatGPT ရဲ့ ပဲ့ကိုင်ရှင် သတိပေး

17.5.2023-yyl-7.jpg

မှတ်ဉာဏ်တုကို ထိန်းချုပ်နိုင်မယ့် နည်းဥပဒေသတွေ ရေးဆွဲကြဖို့ ChatGPT ရဲ့ ပဲ့ကိုင်ရှင်က အမေရိကန်လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ပါတယ်။ ChatGPT ကို ဖန်တီးတဲ့ OpenAI ကုမ္ပဏီ အမှုဆောင်ချုပ် ဆမ်အော့တ်မန်းဟာ နည်းပညာသစ်ရဲ့ ဖြစ်နိုင်ခြေတွေ၊ မမြင်နိုင်တဲ့ အန္တရာယ်တွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်အထက်လွှတ်တော် ကော်မတီမှာ လာရောက်ထွက်ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းမှာတင် AI မော်ဒယ်အများအပြား ဈေးကွက်ထဲ ဝင်ရောက်လာခဲ့တာကြောင့် AI ကုမ္ပဏီတွေကို လိုင်စင်ထုတ်ပေးမယ့် ဌာနတစ်ခု ဖွဲ့စည်းသင့်တယ်လို့ အော့တ်မန်းက အကြံပြုခဲ့ပါတယ်။

AI နည်းပညာကြောင့် နယ်ပယ်အသီးသီးမှာ လူသားဝန်ထမ်းတွေအစား AI ကို အစားထိုး သုံးစွဲလာကြမှာဖြစ်လို့ စီးပွားရေးကဏ္ဍအပေါ် ရိုက်ခတ်မှုရှိနိုင်တယ်လို့ အော့တ်မန်းက ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကာလတွေမှာ ရည်ရွယ်ချက်ရှိရှိ သတင်းအချက်အလက်မှားတွေ ပျံ့နှံ့အောင်လုပ်ဖို့ AI ကို အသုံးပြုလာနိုင်တာကြောင့် ဒီမိုကရေစီအပေါ် ရိုက်ခတ်မှုရှိလာမှာကို စိုးရိမ်မိတယ်လို့ အော့တ်မန်းက ဆိုပါတယ်။

AI ကုမ္ပဏီတွေကို လိုင်စင်ထုတ်ပေးမယ့်၊ လိုင်စင်ပြန်သိမ်းမယ့် ဌာနရှိဖို့ လိုတယ်လို့ အော့တ်မန်းက အကြံပြုခဲ့ကြပေမဲ့ AI နည်းပညာက အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတာဖြစ်လို့ အသစ်ဖွဲ့စည်းမယ့်ဌာနက အပြောင်းအလဲအတိုင်း အလျင်မီအောင် စီမံနိုင်ခြင်း ရှိနိုင်၊ မရှိနိုင်ဆိုတဲ့အချက်ကို လွှတ်တော်အမတ်တွေက ချိန်ဆသုံးသပ်လျက် ရှိပါတယ်။

Ref: Sam Altman: CEO of OpenAI calls for US to regulate artificial intelligence

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top