Samsung Electronics က ‘Together for Tomorrow’ ရည်မှန်းချက်လမ်းစဉ်အသစ်ကို ထုတ်ကုန်သစ်တွေ၊ ဆက်သွယ်ချိတ်ဆက်မှု ဂေဟစနစ်တွေနဲ့အတူ မိတ်ဆက်

CES-2022-_-1.jpg

Samsung Electronics ၏ “Together for Tomorrow” ဟု အမည်ရသော အနာဂတ်ရည်မှန်းချက် လမ်းစဉ်တစ်ရပ်အား မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် CES 2022 အခမ်းအနားကြီးတွင် Keynote Speaker အဖြစ် ဆောင်ရွက်ခဲ့သည့် Samsung Electronics ၏ Vice Chairman, CEO and Head of DX (Device eXperience) ဖြစ်သူ Mr.Jong-Hee (JH) Han မှ မိတ်ဆက်ပြောကြားခဲ့သည်။

အဆိုပါ “Together for Tomorrow” ရည်မှန်းချက်လမ်းစဉ်သည် အဓိကအားဖြင့် ကမ္ဘာမြေကြီးနှင့် သဘာဝပတ်ဝန်းကျင် အပေါ် သက်‌ရောက်နေသည့် စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန် အရှိန်အဟုန်မြင့် တွန်းအားပေး ဆောင်ရွက်သွားလိုခြင်း ဖြစ်သည်။ CES 2022 အခမ်းအနားတွင် Samsung သည် အဆိုပါရည်မှန်းချက် အမှန်တကယ် အကောင်အထည်ပေါ်လာစေရန် စီစဉ်ရေးဆွဲထားသည့် ရေရှည်တည်တံ့သော စီမံကိန်းများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် စိတ်တိုင်းကျ ဆက်သွယ်ချိတ်ဆက်ဖန်တီးနိုင်မည့် နည်းပညာများအကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။

ရေရှည်ကောင်းမွန်တည်တံ့သောအနာဂတ်တစ်ခုတည်ဆောက်ခြင်း

Samsung အနေနှင့် တီထွင်ဖန်တီးမှုများ ပြုလုပ်သည့်အခါတိုင်းတွင် ရေရှည်ကောင်းမွန်တည်တံ့သော အနာဂတ်တစ်ခုကို တည်ဆောက်ရန်ဟူသော ကုမ္ပဏီ၏ ရည်သန်ချက်အား အထူးအလေးပေး ထည့်သွင်းစဉ်းစားဆောင်ရွက်လေ့ရှိသည်။ အဆိုပါ ရည်သန်ချက် ပိုမိုအကောင်အထည်ပေါ်လာစေရန်အတွက်လည်း Samsung အနေနှင့် ထုတ်ကုန်အသစ်များ ထုတ်လုပ်ရာတွင် ကာဗွန်ထုတ်လုပ်မှုနှင့် ဘက်ထရီစွန့်ပစ်မှု ပိုမိုနည်းပါးသော ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်အသစ်များ ကိုလည်း လက်တွေ့အသုံးပြုလျက်ရှိသည်။

၎င်း၏ ကြိုးပမ်းဆောင်ရွက်မှုများအတွက် Samsung သည် ကမ္ဘာ့အကြီးမားဆုံး ကာဗွန်ထုတ်လုပ်မှု ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Carbon Trust ၏ အသိအမှတ်ပြုမှုကိုလည်း လက်ခံရရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် Carbon Trust ၏အသိအမှတ်ပြု လက်မှတ်ရရှိထားသော Memory Chips များ၏ အကူအညီနှင့် ကာဗွန်ထုတ်လွှတ်မှု ပမာဏ တန် ၇၀၀,၀၀၀ နီးပါးအထိ လျှော့ချနိုင်ခဲ့ပြီး စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြု၍ semiconductor များကိုပါ တိုးချဲ့ထုတ်လုပ်နိုင်ခဲ့သည်။

ထို့အပြင် Samsung သည်နောင်လာမည့် ၃ နှစ်အတွင်း ၎င်း၏ မိုဘိုင်းထုတ်ကုန်များနှင့် အိမ်သုံးပစ္စည်းအားလုံးတွင် စွန့်ပစ်ပစ္စည်းများအား ပြန်လည်အသုံးပြုသွားနိုင်ရန်လည်း ရည်ရွယ်ထားသည်။ အလားတူပင် Samsung သည် ၎င်း၏ အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ထုတ်ပိုးရာတွင် အသုံးပြုသည့် ကတ်ထူစက္ကူများအား ကြောင်အိမ်၊ ဘေးစားပွဲ အစရှိသည့် အသုံးဝင်သောပရိဘောဂများအဖြစ် ပြောင်းလဲအသုံးပြုသွားနိုင်သည့် (နိုင်ငံတကာ အသိအမှတ်ပြု ဆုတံဆိပ်ရရှိထားသည့်) Eco-Packaging Program ကိုလည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်မှန်း လုပ်ဆောင်လျက်ရှိသည်။

တစ်ချိန်တည်း၌ပင် Samsung သည် အီလက်ထရွန်နစ်လုပ်ငန်းများအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည့် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းပမာဏ (e waste) ကို လျှော့ချနိုင်ရန်အတွက်လည်း ၎င်း၏ တီဗီများနှင့် ဖုန်းအားသွင်းကိရိယာများအား အသုံးမပြုနေသည့်အချိန်တွင် စွမ်းအင်သုံးစွဲမှု လုံးဝမရှိသလောက် အနေအထားဖြင့် လည်ပတ်နိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ရေရှည်တည်တံ့သော တီထွင်ဆန်းသစ်မှုများအား ပိုမို ကျယ်ပြန့်စွာ အသုံးပြုလာစေရန် ရည်ရွယ်ချက်ဖြင့် Samsung သည် ၎င်း၏ solar cell remote ကဲ့သို့သော eco-conscious နည်းပညာကိုလည်း အခြားသော ကုမ္ပဏီများ အသုံးပြုနိုင်ရန် ခွင့်ပြုချက်ပေးထားခဲ့သည်။

လူနေထိုင်မှုပုံစံ အသီးသီးနှင့် လိုက်လျောညီထွေမှု အပြည့်ရှိစေမည့် တီထွင်ဖန်တီးမှုအသစ်များ

Samsung သည် CES 2022 အခမ်းအနားကြီးတွင် ‘Free Style’ ဟု အမည်ရသော သယ်ဆောင်ရလွယ်ကူပြီး မည်သည့်နေရာ၌မဆို အလွယ်တကူတပ်ဆင်၍ Smart TV ကဲ့သို့ မျက်နှာပြင်တစ်ခုကို ဖန်တီးပေးသွားနိုင်မည့် portable screen ထုတ်ကုန်သစ်တစ်မျိုးကိုလည်း မိတ်ဆက်ပေးခဲ့သည်။

ထို့အပြင် Samsung သည် ဂိမ်းကစားခြင်းအား ကြိုက်နှစ်သက်သူများအတွက် ဂိမ်းအမျိုးအစား အများအပြားအား တစ်နေရာတည်းတွင် ရှာဖွေဆော့ကစားနိုင်မည့် Gaming Hub ဟု အမည်ပေးထားသည့် All in one ဂိမ်းပလက်ဖောင်းသစ် တစ်မျိုးကိုလည်း ၂၀၂၂ ခုနှစ်ထုတ် စမတ်တီဗီများနှင့် မော်နီတာများတွင် စတင်မိတ်ဆက်သွားနိုင်ရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိသည်။ အလားတူပင် multi view စွမ်းဆောင်ရည်ပါရှိသည့် ‌ကွေးညွှတ် Gaming မျက်နှာပြင်အသစ် Odyssey Ark မော်နီတာကိုလည်း မကြာမီ မိတ်ဆက်သွားမည် ဖြစ်သည်။

မြန်ဆန်ချောမွေ့မှု အရှိဆုံး ဆက်သွယ်ချိတ်ဆက်မှု စွမ်းရည်

လူတိုင်းအတွက် ပိုမိုလွယ်ကူအဆင်ပြေသော အဆင့်မြင့် လူနေထိုင်မှုပုံစံများအား ပေးအပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် Samsung သည် လာမည့် ၂၀၂၂ ခုနှစ်တွင် ထုတ်လုပ်သွားမည့် တီဗီ၊ မော်နီတာများနှင့် မိသားစုသုံးရေခဲသေတ္တာများတွင် Smart Things Hub အား built-in လုပ်ဆောင်ချက်တစ်ခုအဖြစ် ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့အပြင် Samsung ၏ ၃၂” Odyssey Neo G8 မော်နီတာသည် CES 2022 အခမ်းအနားတွင် “ဂိမ်းကဏ္ဍအတွက် အ‌ကောင်းဆုံး ဆန်းသစ်တီထွင်မှု” (Best of Innovation Award in the Gaming Category) ဆုတံဆိပ်အား ဆွတ်ခူးရရှိခဲ့ပြီး ဤသို့ရရှိခဲ့ခြင်းမှာ CES ၏ ဆန်းသစ်တီထွင်မှုဆုအား Samsung ၏ မော်နီတာများမှ ၆ နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွက် Samsung မှ ဆွတ်ခူးရရှိခဲ့သော အခြားသောဂုဏ်ပြုဆုများမှာ အောက်ပါအတိုင်းဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top