အစာနင်ပြီး အသက်ရှုကျပ်နေတဲ့ သူငယ်ချင်းဖြစ်သူကို အရေးပေါ်အသက်ကယ်နည်းနဲ့ ကယ်တင်ပေးခဲ့တဲ့ အသက် ၇ နှစ် ကျောင်းသားလေး

20-7-2022-11.jpg

ဒေးဗစ်နဲ့အတူ သူ့အဖေနဲ့ ဆီးနိတ်လွှတ်တော်အမတ် ဖရက်တ် အက်ခ်ရှာ

နယူးယောက်မူလတန်းကျောင်းက အသက် ၇ နှစ် ကျောင်းသားလေးဟာ အစာနင်ပြီး အသက်ရှုကျပ်နေတဲ့ သူငယ်ချင်းဖြစ်သူကို သူရဲကောင်းဆန်ဆန် ကယ်တင်ပေးခဲ့ပါတယ်။ သူကတော့ ဒေးဗစ် ဒီယားဇ် ဂျူနီယာ ဆိုသူ ကျောင်းသားလေးပါပဲ။

ဒေးဗစ်ဟာ Woodrow Wilson မူလတန်းကျောင်းမှာ ပီဇာစားရင်း အစာနင်ပြီး အသက်ရှုကျပ်နေတဲ့ သူငယ်ချင်းဖြစ်သူကို အစာနင်ရင် လုပ်ရတဲ့ Heimlich Maneuver လို့ခေါ်တဲ့ အရေးပေါ်အသက်ကယ်နည်းနဲ့ ကယ်တင်ပေးခဲ့တာပါ။ သူက သူ့အဖေနဲ့အတူ “The Good Doctor” ဆေးဘက်ဆိုင်ရာ ဒရာမာကို ကြည့်ရင်း အဲဒီအရေးပေါ်အသက်ကယ်နည်းကို သင်ယူခဲ့တာပါ။ အဲဒီနည်းက အရေးကြီးတဲ့အရာဖြစ်ပုံပေါ်တဲ့အတွက် မှတ်မိအောင် လုပ်ခဲ့တယ်လို့ ဒေးဗစ်က ဆိုပါတယ်။

ဒေးဗစ်က “ဘယ်သူမဆို အစာနင်နေရင် (ဒါမှမဟုတ်) ဒုက္ခရောက်နေရင် အမြဲ ကယ်တင်ပေးရမယ်၊ မကယ်တင်ဘူးဆိုရင် အဲဒါက တကယ်ကို ဝမ်းနည်းစရာဖြစ်သွားနိုင်တယ်”တဲ့။အစကတော့ သူ့သူငယ်ချင်းကို ကယ်တင်ဖို့အတွက် သူ စွမ်းဆောင်နိုင်မလားဆိုတာ မသေချာခဲ့ပေမဲ့ သူငယ်ချင်းရဲ့အနီးနားမှာ သူ့ထက် ဆရာမတွေက အလှမ်းဝေးနေတာကြောင့် အလျင်အမြန်ကယ်တင်ဖို့ လုပ်ဆောင်ခဲ့ရပါတယ်။

ဆီးနိတ်လွှတ်တော်အမတ် ဖရက်တ်နဲ့ နှုတ်ဆက်နေတဲ့ ဒေးဗစ်

ဒေးဗစ်ရဲ့အဖေက သူ့သားအတွက် အရမ်းဂုဏ်ယူခဲ့တဲ့အပြင် သူ့မျက်လုံးထဲမှာ သူ့သားက နတ်သားပဲလို့လည်း ပြောပါတယ်။ သူက သူ့သားရဲ့အနာဂတ်ဟာ ဘာဖြစ်မလဲဆိုတာ မသိပေမဲ့ ပညာရေးဆိုင်ရာတီဗီရှိုးတွေက ဆက်လက်သင်ယူပြီး သူဖြစ်ချင်တဲ့အရာကို ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဒေးဗစ် အရွယ်ရောက်လာတဲ့အခါ ဆရာဝန်တစ်ယေက်ဖြစ်ချင်ရင်တော့ အနာဂတ်မှာ သူ့ကို ကူညီပေးရဖို့အတွက် ဝမ်းသာမိမယ်လို့လည်း ဒေးဗစ်ရဲ့အဖေက ပြောပါတယ်။

သူငယ်ချင်းဖြစ်သူကို ကယ်တင်ပေးခဲ့တဲ့အတွက် ဒေးဗစ်က the New York State Senate Commendation Award ဆုကို လက်ခံရရှိခဲ့ပါတယ်။ နယူးယောက်ပြည်နယ် ဆီးနိတ်လွှတ်တော်အမတ် ဖရက်တ် အက်ခ်ရှာက ဒီဆုကို ပြီးခဲ့တဲ့လ ၁၃ ရက်နေ့က ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တာပါ။ “ဒေးဗစ်က သူ့ရဲ့မိသားစု၊ သူ့ရဲ့ကျောင်းနဲ့ သူ့အသိုင်းအဝိုင်းကို အရမ်းဂုဏ်ယူရအောင် လုပ်ပေးခဲ့တဲ့ သူရဲကောင်းအစစ်အမှန်ပါပဲ”လို့ ဆီးနိတ်လွှတ်တော်အမတ် ဖရက်တ်က ဆိုပါတယ်။

သတင်းမီဒီယာတွေက သူငယ်ချင်းဖြစ်သူကို အသက်ကယ်တင်ခဲ့တဲ့အကြောင်းနဲ့ ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရတဲ့အကြောင်းကို အခုလထဲမှ ဖော်ပြခဲ့ကြပါတယ်။

Ref: People.com “N.Y. Boy, 7, Saves Choking Friend With Heimlich Maneuver He Learned on The Good Doctor”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top