ပုံမှာ ကြည့်လိုက်ရင် တောင်ကုန်းပေါ်မှာ ဘုရားကျောင်းတစ်ခု တည်ဆောက်ထားသလို ထင်ရပါတယ်။ ဒါပေမဲ့ Our Lady of the Remedies ဘုရားကျောင်းကို တည်ဆောက်ထားတာ တောင်ကုန်းတစ်ခုပေါ်မှာ မဟုတ်ဘဲ ချိုလူလာ ပိရမစ် (Pyramid of Cholula) ပေါ်မှာ တည်ဆောက်ထားတာပါ။
မက္ကဆီကိုနိုင်ငံ၊ ပွေဗလာမြို့မှာရှိတဲ့ ချိုလူလာပိရမစ်ဟာ ပိရမစ်တစ်ခုတည်း မဟုတ်ဘဲ ဘီစီ ၂၀၀ ခန့်ကနေ အေဒီ ၉၀၀ အထိ နှစ်ပေါင်းတစ်ထောင်ကျော် ကာလအတွင်း တစ်ခုပေါ်တစ်ခုဆင့်ပြီး တည်ဆောက်ခဲ့တဲ့ ပိရမစ်ခုနစ်လုံး ဖြစ်ပါတယ်။
ပိရမစ်အသစ်တစ်ခု တည်ဆောက်တိုင်း အောက်ခြေပတ်လည်ကို ပိုကြီးမားအောင် လုပ်ရင်း အောက်ခြေအနား တစ်ဖက်စီဟာ ၄၅၀ မီတာအထိ ရှိလာခဲ့တာပါ။ မြေအုတ်တွေအသုံးပြု တည်ဆောက်ထားတဲ့ ချိုလူလာပိရမစ်ဟာ အမြင့် ၆၆ မီတာပဲ ရှိလို့ သိပ်မမြင့်ပေမဲ့ (ဂီဇာပိရမစ်က ၁၄၆.၆ မီတာ မြင့်မား) အောက်ခြေဧရိယာချင်း ယှဉ်ရင်တော့ ချိုလူလာပိရမစ်ဟာ ဂီဇာပိရမစ်ကြီး (Great Pyramid of Giza) ထက် လေးဆ ပိုကြီးပါတယ်။
၁၅၉၄ ခုနှစ်မှာ မက္ကဆီကိုနိုင်ငံကို နယ်ချဲ့သိမ်းပိုက်ခဲ့တဲ့ စပိန်တွေက ချိုလူလာပိရမစ်ရဲ့ထိပ်မှာ Our Lady of the Remedies ကက်သလစ်ဘုရားကျောင်းကို တည်ဆောက်ခဲ့ကြတာပါ။
Ref: Great Pyramid of Cholula
NZ (ရိုးရာလေး)

