တူးမြောင်းထဲကျသွားတဲ့ လသားအရွယ်ကလေးလေးကို ကယ်တင်ပေးခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး

7-10-2020-yyl-009.jpg

သူတစ်ပါး အသက်အန္တရာယ်ကျရောက်တော့မှာကို ကြိုးစားပမ်းစားကယ်တင်ပေးနေတဲ့ ဆယ်ကျော်သက် ဟီးရိုးလေးတွေအကြောင်းကို စာဖတ်ပရိသတ်တွေ ဖတ်ဖူးကြမယ်ထင်ပါတယ်။ အခုလည်း ရေနစ်နေတဲ့ (၇) ပတ်ကလေးလေးကို ကယ်တင်ဖို့အတွက် အေးစက်နေတဲ့တူးမြောင်းထဲကို အသက် (၁၆) နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးက ခုန်ချခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့မှာ ဂျော့ ဟစ်ဘတ်တ် (George Hibberd) ဆိုတဲ့ကောင်လေးက သူ့သူငယ်ချင်း ရွန်နီနဲ့အတူ လမ်းလျှောက်နေတဲ့အချိန်မှာ ဒီအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရတာပါ။

အဲဒီတက္ကသိုလ်ကျောင်းသားလေးက ခွေးတစ်ကောင်နဲ့အတူ ကလေးတွန်းလှည်းကို တွန်းပြီး လမ်းလျှောက်လာတဲ့ ကလေးမိခင်တစ်ဦးကို ဖြတ်လျှောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ အဲဒီအမျိုးသမီးက သူ့ခွေးလေး ရှေ့ကနေ ဦးဆောင်နေပေးတဲ့အတွက် ဒူးထောက်ပြီး ခွေးလေးကို ပွတ်သပ်ပေးဖို့လုပ်တဲ့အချိန်မှာ ကလေးတွန်းလှည်းက ဘယ်လိုဖြစ်ပြီး အနီးနားက တူးမြောင်းထဲကို လိမ့်ဆင်းသွားခဲ့ပါတော့တယ်။ ကလေးမိခင်က ကြောက်လန့်တကြားအော်ဟစ်ခဲ့ပါတော့တယ်။ အဲဒီဖြစ်ရပ်ကို မြင်တွေ့နေတဲ့ ဂျော့လည်း တွန်းလှည်းနဲ့ရေထဲကျသွားတဲ့ ကလေးလေးကို ကယ်တင်ဖို့အတွက် ချက်ချင်းပဲ ရေထဲခုန်ချခဲ့ပါတယ်။

“တူးမြောင်းထဲမကျခင် ကျွန်တော် ကလေးတွန်းလှည်းကို မြင်ခဲ့တယ်။ ကလေးမိခင်ရဲ့ဘေးမှာ ခွေးနဲ့ကလေးတွန်းလှည်းရှိနေတာ။ ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ ကလေးတွန်းလှည်းက လိမ့်ဆင်းသွားခဲ့တယ်။ အဲဒီနားမှာ သစ်ပင်တစ်ပင်ရှိတယ်။ ရေထဲကျတော့မယ့် ကလေးတွန်းလှည်းက အဲဒီသစ်ပင်က ဟန့်တားထားမယ်လို့ ကျွန်တော်ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်အထင်မှားသွားတယ်။ မြေကြီးကလည်း အထစ်အငေါ့မရှိတဲ့အတွက် ကလေးတွန်းလှည်းက ကျသွားခဲ့ပါတယ်။စက္ကန့်အနည်းငယ်လေးနဲ့ ကလေးက ရေထဲကျသွားခဲ့တယ်။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတို့က ကလေးဆိုပြီး ကလေးရဲ့မိခင်ကို အော်ပြောခဲ့ပါတယ်။ သူကလည်း ကလေးကို ကူညီပေးဖို့အတွက် ကျွန်တော်တို့ကို တောင်းဆိုခဲ့တယ်။

ကလေးတွန်းလှည်းက ရေပေါ်မှာ မျောနေပါတယ်။ ကလေးကလည်း အဲဒီအထဲမှာ လဲလျောင်းနေတုန်းပါပဲ။ တွန်းလှည်းရေထဲမြုစ်မသွားခင် ကျွန်တော် အချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။ ကျွန်တော် ရေထဲခုန်မချခင် အဲဒီနေရာမှာ ဘာရှိနိုင်မလဲလို့ ကျွန်တော် တွေးခဲ့တယ်။ တူးမြောင်းက ကျွန်တော့်ရဲ့အဆိုးရွားဆုံးအိပ်မက်ဆိုးပါပဲ။ ရေညှိတွေ၊ ငါးတွေ၊ ကြွက်တွေကို သည်းမခံနိုင်ဘူး။ ရေတွေကလည်း အေးစက်နေတာပါပဲ။ ဒါပေမဲ့ အရမ်းကြီးတွေးမနေတော့ဘဲ အင်္ကျီချက်ချင်းချွတ်ပြီး ရေထဲခုန်ချခဲ့ပါတယ်။ တူးမြောင်းအလယ်လောက်ထိ ကျွန်တော် ရေကူးခဲ့ရတယ်။ မှောင်လည်းမှောင်တဲ့အတွက် ကျွန်တော် အရမ်းမမြင်ရဘူး”လို့ ဂျော့က အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ်။

ဂျော့က ကလေးနဲ့အတူ ကလေးတွန်းလှည်းလေးကို ကယ်တင်နိုင်ခဲ့ပြီး သူ့အမေလက်ထဲ ဘေးကင်းစွာနဲ့ အပ်နိုင်ခဲ့ပါတယ်။ ဂျော့နဲ့ သူ့သူယ်ချင်းက ကလေးမိခင်အတွက် တက္ကစီခေါ်ပေးဖို့ လုပ်ခဲ့ပေမဲ့ ကလေးမိခင်က ငြင်းခဲ့ပါတယ်။ “ကလေးက အရမ်းငိုနေခဲ့တာ။ ကလေးမိခင်ကလည်း ဘာမှသိပ်မပြောနိုင်ဘူး။ သူ့အတွက် ကျွန်တော် ဖုန်းတဲ့တက္ကစီခေါ်ပေးမယ်ဆိုတော့ ဒီအနီးနားမှာ နေတယ်လို့တော့ သူပြောတယ်။ သူ့ကလေးကို အချိန်အနည်းငယ်ကိုင်နေရင်း အဲဒီနေရာမှာ ရှိနေခဲ့တယ်။ နောက်တော့ ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းလည်း ထွက်လာခဲ့တယ်။ ဒါပေမဲ့ ကလေးမိခင်ကတော့ အချိန်ခဏလောက်တော့ ရှိနေတုန်းပဲ။ ကလေးအဆင်ပြေမယ်လို့ ကျွန်တော်မျှော်လင့်တယ်”လို့ ဂျော့က ဆက်လက်ပြောပြခဲ့ပါတယ်။

“ကျွန်တော် လုပ်ခဲ့တဲ့အရာနဲ့ပတ်သက်ပြီး လူတွေကို မသိစေချင်ပါဘူး။ လူတွေ အာရုံစိုက်တာမျိုးမလိုချင်ဘူး။ ကျွန်တော် ကျေးဇူးတင်ခံချင်လို့ လုပ်ခဲ့တာမဟုတ်ဘူး။ ကျွန်တော် စိတ်ရင်းကနေ ကူညီပေးချင်လို့ လုပ်ခဲ့တာပါ”လို့ ဂျော့က ဆိုပါတယ်။ သူ့အမေကလည်း “ကျွန်မနဲ့ ကျွန်မ့ခင်ပွန်း ရစ်ခ်တို့က ဂျော့ကို အရမ်းဂုဏ်ယူခဲ့ပါတယ်။ သူ့ရဲ့သတ္တိရှိမှုနဲ့ လူသားဆန်တဲ့လုပ်ရပ်ကြောင့် ကျွန်မတို့ တအံ့တသြဖြစ်ရပါတယ်။ ကျွန်မရဲ့ဖေ့စ်ဘွတ်ခ်မှာ ဂျော့ လုပ်ခဲ့တဲ့အရာနဲ့ပတ်သက်ပြီး ကွန်မန့်ပေးတဲ့တစ်ယောက်က ဂျော့အတွက် ပေါင် ၂၀ တန် ဘောင်ချာတစ်ခု ရုံးကို လာပေးခဲ့ပါတယ်။ ကျွန်မ သူ့ကို မမြင်ဖူးပါဘူး။ ဒါပေမဲ့ သူက ဂျော့ကို သူ့လုပ်ရပ်အတွက် ဆုချချင်တယ်လို့ ပြောပါတယ်။ ကျွန်မတို့ ဂျော့အတွက် တကယ်ဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။ ဂျော့နဲ့ သူ့အမေတို့က သူတို့ကူညီပေးနိုင်တာရှိရင် ကူညီပေးရအောင်လို့ ကလေးမိခင်ကို ရှာဖို့ ကြိုးစားနေပါတယ်။ ကလေးမိခင်ကို ရှာတွေ့လာဆိုတာကတော့ မသိရပါဘူး။

Ref: Ladbible “Boy, 16, Saves Newborn Baby From Drowning In Freezing Canal”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top