Catcalling သို့မဟုတ် လူတစ်ယောက်ရဲ့ စာရိတ္တပေတံတစ်ခု

6-7-2020-yyl-030.jpg

တစ်ကယ်ဆို ဒါဟာ လူတွေရဲ့ပါးစပ်ဖျားမှာ အပြောများနေတဲ့ ခေါင်းစဉ်တစ်ခုပါပဲ။ လူတွေ သိပ်မသိကြလို့ အရမ်းကြီးလိုက်ပြီး ပညာပေးရတဲ့ ခေါင်းစဉ်တစ်ခုမဟုတ်သလို လူ၁၀ယောက်မှာ ၇ယောက်က ဖတ်ပြီးရင် လျစ်လျူရှုလိုက်တဲ့အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။

မိန်းမတစ်ယောက်အနေနဲ့ catcalling လုပ်ခံလိုက်ရတဲ့အချိန်မှာ ငါတော့ခံလိုက်ရတယ်ဆိုပြီး လိုက်မျက်ရည်ချူဖို့ကောင်းတဲ့ ခေါင်းစဉ်တစ်ခုလည်း မဟုတ်ခဲ့ပါဘူး။ ဝမ်းနည်းဖို့ကောင်းလောက်အောင်ပဲ လူတော်တော်များများဟာ catcalling ကို လျစ်လျူရှုထားတုန်းပါပဲ။

မိန်းမတစ်ယောက် တစ်ယောက်တည်းလမ်းလျှောက်လာတဲ့အခါ တပြွတ်ပြွတ်အခေါ်ခံရတာမျိုး၊ နေကောင်းလား တစ်ယောက်တည်းလား၊ အိမ်ပြန်နှင့် ထမင်းချက်ထားနော်ဆိုတာကနေ အချစ်ကလေး ဘာညာ၊ တချို့စကားလုံးတွေဆို မကြားဝံ့စရာ စကားလုံးတွေနဲ့ အပြောခံရလေ့ရှိပါတယ်။ အဝတ်အစား လုံခြုံသည်ဖြစ်စေ မလုံခြုံသည်ဖြစ်စေ လျှပ်ပေါ်လော်လီနေသည်ဖြစ်စေ ဘယ်လိုပဲနေသည်ဖြစ်စေ ပါးစပ်သရမ်းခံရတာပါပဲ။ ဒီလူ့အဖွဲ့အစည်းရဲ့ထုံးစံကိုက အားနိမ့်တဲ့ gender အပေါ် ပိုမိုနှိမ့်ချတတ် ဖိနှိပ်တတ်တဲ့သဘောရှိတာကိုး။

တကယ်တော့ ဒီဆောင်းပါးက မိန်းမသားတွေကို catcalling မလုပ်ပါနဲ့ ဘာညာပြောဖို့ရည်ရွယ်ပြီး ရေးတာမဟုတ်ပါဘူး။ ဟုတ်ပါတယ်။ မိန်းမမြင်တာနဲ့ တဏှာရာဂတွေ သိပ်ကြီးနေတဲ့လူတွေ ပေါပေါလောလောရနေတဲ့ အင်တာနက်ထဲက အပြာကားတွေ sex-worker တွေနဲ့ မတင်းတိမ်တဲ့သူတွေ သိက္ခာမရှိတဲ့သူတွေအတွက်တော့ ဒါဟာမျက်ရည်ချူတာလောက်ပဲ ဖြစ်နေမှာပါ။ တကယ့်ရည်ရွယ်ချက်က ဒီလိုအခေါ်ခံလိုက်ရတဲ့အခါ မိန်းမသားတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရမလဲ သိစေချင်ရုံလေးပါ။

မိန်းမသားဆိုတာလည်း လူထဲကလူပဲဖို့ ပျော်ရွှင်တတ် ဝမ်းနည်းတတ်ပါတယ်။ တစ်ခါတလေ ဝမ်းနည်းနေတဲ့အခါ စိတ်ညစ်နေတဲ့အခါ တစ်ယောက်ထဲလမ်းလျှောက်နေရင်း ပါးစပ်သရမ်းတာခံလိုက်ရတဲ့အချိန် ဘယ်လောက်စိတ်ထိခိုက်သွားမလဲဆိုတာ သရမ်းလိုက်တဲ့သူတွေကတော့ သိမှာမဟုတ်ပါဘူး။ တကယ်တော့ စက္ကန့်ပိုင်းလေးသာကြာလိုက်တဲ့ ဒီအချိန်လေးဟာ လူတစ်ယောက်ကို ကောင်းကောင်းစိတ်ဒဏ်ရာပေးနိုင်ဖို့ လုံလောက်ပါတယ်။ သိပ်မကြာသေးတဲ့ ကာလတစ်ခုတုန်းက Its Not Okay ဆိုတဲ့ Campaign လေးတစ်ခုလုပ်ကြပါသေးတယ်။ ဒီလိုပါးစပ်နဲ့အစော်ကားခံနေရတာ ကျွန်မတို့အဖို့ ဘယ်လိုမှ အဆင်မပြေဘူးဆိုတာပေါ့။ အဲ့ဒီတုန်းကတော့ ဖတ်မိသူတွေ အသိလေးတစ်ခုရသွားစေဖို့ မျှော်လင့်ခဲ့မိတာပါပဲ။ ပါးစပ်မသရမ်းဖို့ကတော့ တစ်ယောက်ချင်းလိုက်ပိတ်လို့မှ မရတာလေနော်။

ဒီနေရာမှာ လူတစ်ယောက်ချင်းဆီရဲ့ အသိဥာဏ် ဆင်ခြင်တုံတရားနဲ့ စာရိတ္တတွေက စကားပြောလာတာပါပဲ။ စနောက်ပြောကြတဲ့ စကားတစ်ခုလိုပါပဲ။ ဆန္ဒကို သိက္ခာနဲ့ထိန်းပါဆိုတာမျိုးပေါ့။ ကိုယ့်စိတ်ထဲက ပြစ်မှားနေရင်တောင် ပါးစပ်ကနေထွက်မလာမိဖို့လောက်လေး မထိန်းပေးနိုင်ဘူးလား။ ခင်ဗျားတောင် စိတ်ညစ်စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အခြားတစ်ယောက်က ကိုယ့်ကိုစော်ကားတဲ့စကားတစ်ခွန်းပြောရင် ဘယ်လိုခံစားရမလဲ။ မိန်းကလေး ၁၀ယောက်မှာ ၉ယောက်က ဒီလိုအပြောခံရတဲ့အချိန်မှာ မတုံ့ပြန်ခဲ့ကြပါဘူး။ ဘာကြောင့်ပါလဲ။ ငါ့ကို တစ်ခုခုပြန်လုပ်ခဲ့ရင် ဆိုတဲ့ စိတ်ကလေး ရှိနေခဲ့လို့ပါပဲ။ ဘာပဲဖြစ်ဖြစ် မိန်းမနဲ့ယောက်ျား ခွန်အားချင်းမှ မမျှတာကိုး။

ဒီတော့ မိန်းကလေးတွေအတွက်လည်း အကြံပေးချင်တာက ဒီလိုအခြေအနေမျိုးနဲ့ တွေ့ကြုံရတဲ့အခါ တတ်နိုင်သလောက် ပြန်ပြောခဲ့ပါ။ လုံးဝမကြောက်ပါနဲ့။ catcalling လုပ်တာတွေအတွက် ဥပဒေမှာ ပုဒ်မတွေရှိပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ ညစ်ညမ်းသောစကားဖြင့် ဆဲဆိုခြင်းကို ထောင်ဒဏ် ၃လဖြစ်စေ ငွေဒဏ်ဖြစ်စေ နှစ်ခုလုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ မိန်းမတို့ရဲ့ ကာယိန္ဒြေထိခိုက်အောင်ပြုလုပ်ခြင်းအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၉အရ ၁နှစ်အထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ နှစ်ခုလုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ ကာယိန္ဒြေကို ပျက်စီးစေအောင် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှုအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄အရ ၂နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ နှစ်မျိုးလုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ ဘတ်စကားပေါ်မှာ လက်သရမ်းတာတွေလိုမျိုးတွေဘာတွေအတွက်ပေါ့။

Sophia (ရိုးရာလေး)

www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top