ပြိုင်ဘက်နယ်မြေ ဂျပန်နိုင်ငံသို့သွားရောက်ယှဉ်ပြိုင်မည့် အောင်လအန်ဆန်

image1.jpg

ပြည့်သူ့အချစ်တော်အောင်လအန်ဆန်သည် နယ်မြေစိမ်းကို သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုဒေသတွင် အားပေးမည့် ပရိသတ်အားသည် တော်တော်နည်းသွားမည်ဖြစ်သည်။

အောင်လသည် ONE Championship မှ ကျင်းပသော ပြိုင်ပွဲကြီးကို ယှဉ်ပြိုင်ရန် ပြိုင်ဘက်ဖြစ်သူ၏ နယ်မြေဖြစ်သည့် တိုကျိုသို့ သွားရောက်ရမည်ဖြစ်ကာ ပြိုင်ဘက်ပရိသတ်များဖြစ်သော ဂျပန်ပရိသတ်များ၏ အားပေးမှုများသည် ၎င်းအဟန့်အတားဖြစ်စေမည်မဟုတ်ဟု အခိုင်အမာဆိုသည်။

မတ်လ ၃၁ ရက်နေ့တွင် တိုကျိုမြို့၌ ကျင်းပမည့် ONE: A NEW ERA ပြိုင်ပွဲကြီးတွင် ဂျပန်ဂုဏ်ဆောင်ကစားသမား Ken Hasegawa နှင့် ယှဉ်ပြိုင်ရမည့် အောင်လက “ကျွန်တော်အဲဒီအတွက်စိတ်မပူပါဘူး” ဟု ဆိုသည်။

“ကျွန်တော်တို့ကြိုးဝိုင်းထဲမှာရှိနေတဲ့အချိန် ဘယ်နိုင်ငံမှာပဲရောက်နေပါစေ ကြိုးဝိုင်းအတွင်းမှာ ပြိုင်ဘက်နဲ့ ကျွန်တော်ပဲရှိတယ်လို့ ခံယူထားတဲ့အတွက် သိပ်ပြီး စိုးရိမ်ပူပန်မနေပါဘူး။ ပြီးတော့ ကျွန်တော် အမြဲပွဲသိမ်းနိုင်တဲ့အထိ ကစားတယ်။ ကျွန်တော် မကစားနိုင်ဘူးဆိုရင် ကျွန်တော် တစ်ခုခုမှားနေတာပဲဖြစ်ရမယ်လို့ ယူဆတယ်”ဟု အောင်လက ဆိုသည်။

ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ၂ ခုကို ပိုင်ဆိုင်ထားသော အောင်လသည် ၎င်း၏အမိမြေတွင် Hasegawa နှင့် စိန်ခေါ်ထိုးသတ်မည့်အစား ဂျပန်နိုင်ငံသို့ ပထမဦးဆုံးသွားရောက်ကာ ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားသည်။

အဆို ပြန်လည်ယှဉ်ပြိုင်သောပွဲစဉ်တွင် Hasegawa ကို အားပေးမည့် ပရိသတ်အားများစွာရှိမည်ဆိုသော်လည်း ဂျပန်ပရိသတ်များသည် ၎င်းအပေါ် နွေးထွေးစွာရှိလိမ့်မည်ကို ယုံကြည်ကြောင်း အောင်လကပြောသည်။

“ဂျပန်ပရိသတ်တွေက စိတ်သဘောထားပြည့်ဝကြတယ်။ လေးစားစရာလည်းကောင်းတယ်။ ကျွန်တော်ကို သူတို့ သဘောကျပါစေလို့ မျှော်လင့်ပါတယ်” ဟု အောင်လက ပြောသည်။

“ဒါပေမဲ့ မြန်မာပရိသတ်တွေ အများကြီးရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့်ပွဲကိုကြည့်ဖို့ မြန်မာပြည်ကနေ ဂျပန်ကိုလာမည့် ပရိသတ်တွေအများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်ထွက်လာတဲ့အချိန် အားပေးသံတွေညံနေမယ်လို့ မျှော်လင့်မိပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်အနေနဲ့ပြောရရင် အဲဒါက အရေးမကြီးပါဘူး။ လျှောက်လမ်းကလျှောက်ပြီး ကြိုးဝိုင်းထဲဝင်လိုက်တာနဲ့ ကျွန်တော်တို့ ၂ ယောက်ပဲရှိတော့မှာပါ။ ဒါကြောင့် ကျွန်တော်အတွက် အရေးမကြီးပါဘူး။ ကျွန်တော့်ခေါင်းထဲမှာ ဟောင်ကောင်ပွဲတုန်းကလိုပဲလို့ တွေးပါတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ် ဇွန်လက ၎င်းတို့ ပထမဆုံးတွေ့ဆုံခဲ့သော ပြိုင်ပွဲကြီးတွင် အောင်လသည် ၅ ချီမြောက်တွင် Hasegawa ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် အောင်လသည် ထိုပွဲစဉ်တွင် အလွယ်တကူ အနိုင်ရရှိခဲ့ခြင်းမဟုတ်ပေ။ Hasegawa ၏ လက်သီးချက်ပေါင်းများစွာကို ထိုးနှက်ခံရကာ ညာဘက်မျက်လုံးပိတ်သည်အထိ ပြင်းထန်ခဲ့သည်။

“ပြီးခဲ့တဲ့အခေါက်က ကျွန်တော် အထိုးခံခဲ့ရသလို ကျွန်တော်လည်း အများကြီး ထိုးနှက်ခဲ့တယ်။ ဒါကြောင့် သူ ဒီဗျူဟာကို ကြိုးစားပြီးဖြည်လိမ့်မယ်” ဟု အောင်လက ဝန်ခံသည်။

“ဒါပေမဲ့ ကျွန်တော် ဒီတစ်ခေါက် အထိုးမခံတော့ဘူး။ ပြီးတော့ ကျွန်တော်သူ့ကို တိုက်စစ်နဲ့ ထိုးမယ်” ဟု ၎င်းက ပြောသည်။

ယခုဒုတိယအကြိမ်တွေ့ဆုံ ယှဉ်ပြိုင်ပွဲတွင် အောင်လသည် ကြိုတင်ပြင်ဆင်မှုများ အသေအချာပြင်ဆင်ပြီး ယခုတစ်ကြိမ်တွင် ၅ ချီအထိမရောက်ရန် ဗျူဟာဆွဲထားသည်။

“ကျွန်တော် ပွဲအစမှာကတည်းက သူ့ကို ဖိပြီးတိုက်စစ်ဆင်သွားမှာပါ” ဟု အောင်လက ဆိုသည်။

“ကျွန်တော်သူ့ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်သွားမှာပါ။ ကျွန်တော်သူ့ကို တိုက်ခိုက်ယှဉ်ပြိုင်မယ်ဆိုတာကို သူ့ကို ခံစားရစေချင်တယ်။ ကျွန်တော် သူ့ကို အနိုင်ရယူသွားမှာပါ။ ပွဲအစမှာကတည်းက သူ့ကို အသာစီးရအောင်ကစားသွားမှာပါ။ သူလည်း အရင်နဲ့မတူတဲ့ဗျူဟာနဲ့ ကစားပါလိမ့်မယ်။ သူ ပိုပြီးသတိထားကစားမယ်ထင်ပါတယ်။ သူရဲ့ လက်ဝှေ့စွမ်းရည်က အရင်ကထက် ပိုကောင်းလာပြီး တိုက်ခိုက်မှုစွမ်းရည်တွေလည်း ကောင်းလာပါလိမ့်မယ်” ဟု အောင်လက ပြောသည်။

တိုကျိုမြို့တွင်ကျင်းပမည့် အောင်လနှင့် Hasegawa တို့၏ ပွဲစဉ်သည် ပြိုင်ပွဲကြီး၏ ချန်ပီယံတွဲဆိုင်း ၃ ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အဓိကတွဲဆိုင်းများဖြစ်သည့် လိုက်ဝိတ်တန်းချန်ပီယံခါးပတ်စိန်ခေါ်ပွဲတွင် ဖိလစ်ပိုင်ကစားသမား Eduard Folayang နှင့် ဂျပန်ကစားသမား Shinya Aoki တို့ ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စင်္ကာပူကစားသမား Angela Lee သည် ONE Championship သမိုင်းတွင် ပထမဆုံးအမျိုးသမီးဝိတ်တန်း ၂ ခုချန်ပီယံဖြစ်လာရန် တရုတ်ကစားသမား Xiong Jing Nan ကို စတောဝိတ်ချန်ပီယံခါးပတ်ကို စိန်ခေါ်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ONE: A NEW ERA ပြိုင်ပွဲကြီးတွင် ပရိသတ်များ မျှော်လင့်စောင့်စားနေသော မကြာသေးခင်က စာချုပ်ချုပ်ဆိုထားသည့် အမေရိကန် ကစားသမား Demetrious “Mighty Mouse” Johnson နှင့် Eddie “The Underground King” Alvarez တို့၏ ပွဲဦးထွက်ပြိုင်ပွဲများလည်း ပါဝင်လာမည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top