လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး အသက် ၁၀ နှစ် အရွယ် ဘွန်နီ ပူးမန်း (Bonnie Pullman) ဆိုတဲ့ ကောင်မလေးက ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတယ်။ အဲဒီတုန်းက ဘွန်နီဟာ အသက် ၇ နှစ်ပဲရှိပါသေးတယ်။ သူနဲ့သက်တူရွယ်တူတွေဆီက အနိုင်ကျင့်မှုတွေခံရတာကြောင့် ကျောင်းကနေပြန်လာတဲ့အခါတိုင်း ငိုနေခဲ့တယ်။
အဲဒီနောက် ဘွန်နီက အနိုင်ကျင့်ခံရတာတွေကြောင့် စိတ်ဖိစီးခဲ့ရပြီး ရလဒ်အနေနဲ့ ဆံပင်တွေကျွတ်လာခဲ့တယ်။ နောက်ပိုင်းမှာ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းရောဂါ (Alopecia) ကို ခံစားနေရတယ်ဆိုတာ သိရှိခဲ့ရတယ်။ မိခင်ဖြစ်သူ ဝမ်ဒီက ကျောင်းကို သွားပြီး အနိုင်ကျင့်မှုကို ရပ်တန့်စေခဲ့တာတောင် ဘွန်နီရဲ့ဆံပင်တွေက ဆက်လက်ဖြစ်ပေါ်နေတဲ့ စိုးရိမ်စိတ်တွေကြောင့် ပြန်ပေါက်မလာခဲ့တော့ဘူး။ အသက် ၇ နှစ်မှာပဲ ဘွန်နီက ဆံပင်တွေ လုံးဝမရှိတော့ဘဲ ကတုံးဖြစ်သွားခဲ့ရတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် Lockdown ကာလအတွင်း ကျောင်း ၆ လပိတ်တဲ့အချိန်မှာတော့ ဘွန်နီရဲ့ဆံပင်တွေ ပြန်ပေါက်လာခဲ့တယ်။ ဒါပေမဲ့ ကျောင်းပြန်ဖွင့်ပြီး ၂ ပတ်အကြာမှာ ဆံပင်တွေ ပြန်ကျွတ်ထွက်ခဲ့ကာ အဲဒီကတည်းက ဆံပင်တွေလုံးဝမရှိတော့တာပါပဲ။
ဆံပင်လုံးဝမရှိတော့တဲ့ အခြေအနေက ဘွန်နီရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ထိခိုက်စေခဲ့တယ်။ အစာမစားတော့အထိ ဖြစ်သွားခဲ့တယ်။ ဘွန်နီက ကိုယ့်ကိုယ်ကို မနှစ်သက်တော့ဘဲ “သမီးရဲ့သူငယ်ချင်းတွေက လှတယ်။ သမီးက မလှဘူး” လို့ ပြောလာခဲ့တယ်။
ဘွန်နီရဲ့အမေ ဝမ်ဒီက သူ့သမီးအတွက် လုပ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာက သူ့အတွက် သန်မာအောင်နေပေးဖို့နဲ့ သူ ဘယ်လောက် လှတယ်ဆိုတာကို ပြောပြဖို့ပါပဲတဲ့။ အခုဆိုရင် ဝမ်ဒီက ဆံပင်မရှိတဲ့လူနာတွေအတွက် သီးသန့်ထုတ်ထားတဲ့ဆံပင်အတုဟာ သူ့သမီးရဲ့ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိမှု ပြန်လည်ရရှိဖို့ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဘွန်နီခေါင်းရဲ့3D ပုံစံခွက်ကနေ ဖန်တီးထားတဲ့ ဆံပင်အတုက ကြာရှည်ခံကော်ကို အသုံးပြုပြီး ခေါင်းမှာစွပ်ထားရင် (၂) နှစ်လောက်ခံပါတယ်။
Yorkshire Hair Clinic ကလည်း လာမယ့်လတွေမှာ ကမကထပြုပွဲတွေ စီစဉ်ခြင်းဖြင့် ဘွန်နီရဲ့ဆံပင်အတုအတွက် လိုအပ်တဲ့ ပေါင် ၅၀၀၀ ရဖို့အတွက် ကူညီပေးပါတယ်။ နောက်နှစ် ဘွန်နီကျောင်းတက်ခဲ့ရင် ဆံပင်အတုက သူ့အတွက် အဆင်ပြေလိမ့်မယ်လို့ ဝမ်ဒီက ပြောပါတယ်။
“လွန်ခဲ့တဲ့ ၃ နှစ်က ဘွန်နီဟာ အရမ်းသန်မာခဲ့တာ။ ဒါပေမဲ့ အခု အသက် ၁၁ နှစ်ရောက်တော့မယ်။ သူ့ရဲ့ဟော်မုန်းတွေက ပြောင်းလဲနေပြီး ခန္ဓာကိုယ်ပုံစံနဲ့ပတ်သက်ပြီး ရုန်းကန်မှုတွေကြုံလာရပါပြီ။ လွန်ခဲ့တဲ့လအနည်းငယ်ကျော်က သူ့အတွက် အရမ်းခက်ခဲခဲ့ပြီး ဒါက ဘဝကို အပြောင်းအလဲဖြစ်စေလိမ့်မယ်” လို့ ဝမ်ဒီက ပြောပါတယ်။
Ref: Metro “Schoolgirl went completely bald aged seven from stress of being bullied”
Team ( ရိုးရာလေး )