ရံဖန်ရံခါမေ့တတ်ခြင်းက ဦးနှောက်ဥာဏ်ရည်ဥာဏ်သွေးမြင့်မားခြင်းရဲ့ လက္ခဏာဖြစ်တယ်

43447155_335693147187432_2640418083944005632_n.jpg

ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ မှတ်သားနိုင်စွမ်းကောင်းပြီး ရေတိုမှတ်ဥာဏ်စွမ်း၊ ရေရှည်မှတ်ဥာဏ်စွမ်းထက်တာက ကျွန်တော်တို့ရဲ့ဘဝအတွက် သိပ်အသုံးဝင်ပါတယ်။ ဦးနှောက်က ကွန်ပျူတာတစ်လုံးလို မှတ်ဥာဏ်အားကောင်းနေတယ်ဆိုရင်

ကျောင်းစာလုပ်တဲ့အခါ မှတ်မိလွယ်တော့ အေးဆေးပဲဖြစ်ရတယ်။ ပစ္စည်းတစ်ခုခုအထားမှားရင်လည်း အလွယ်လေး ပြန်စဉ်းစားနိုင်တယ်။ အလုပ်ထဲမှာ တစ်ယောက်နာမည် တစ်ယောက် ကောင်းကောင်းမှတ်မိတာလည်း ကိုယ့်ကို လူမှုဆက်ဆံရေးကောင်းစေတဲ့အချက်ပါပဲ။ သူတို့နာမည်တွေ မှတ်မိထားတော့ ကိုယ့်ကိုလူချစ်လူခင်များစေတာပဲ။

ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ ခွဲခြားပြီးမြင်ရမှာက ဦးနှောက်ရဲ့မှတ်ဥာဏ်အားကောင်းတာက ဦးနှောက်ဥာဏ်ရည်ဥာဏ်သွေးမြင့်မားတာကို ထပ်တူမပြုနိုင်ဘူးဆိုတာပါ။ တစ်ခါတလေ ဟိုမေ့ဒီမေ့ဖြစ်လေ့ရှိတာက ကျွန်တော်တို့အတွက် ဦးနှောက်ဥာဏ်ရည်ဥာဏ်သွေးမြင့်မားမှုကို ညွှန်းပြနေတာဖြစ်တယ် ဆိုတဲ့ ရလဒ်ကို Neuron Journal ရဲ့ သုတေသနလေ့လာမှုအရ တွေ့ရှိခဲ့ရပါပြီ။

မကြာခဏ ကျွန်တော်တို့ မေ့တတ်ကြတယ်။ ဝယ်စရာလေးတွေရှိလို့ အိမ်ကထွက်လာတယ်၊ ဒါပေသိ ဆိုင်ရောက်မှ ဘာဝယ်ရမလဲ ရုတ်တရက်မေ့သွားတာမျိုး…..တစ်ခါတလေ အဖြစ်ဆိုးပုံက အိမ်ကနေထွက်လာပြီးမှ “နေပါဦး ငါ ဘာလို့ အိမ်ကနေထွက်လာမိပါလိမ့်” လို့ မေ့သွားတဲ့အထိပဲ။ ဒီပြဿနာတွေ ကိုယ်တိုင်ကြုံဖူးတယ်ဆိုရင်တော့ ပျော်စရာသတင်းတစ်ခုပါပဲ။ ဒီ Neuron Journal ရဲ့ သုတေသနရလဒ်အရ မေ့တတ်တယ်ဆိုတာ ကိုယ့်ရဲ့ တစ်နေ့တာအပြီးမှာ ကိုယ့်ရဲ့ဦးနှောက်ဥာဏ်ရည်ဥာဏ်သွေးပိုမိုမြင့်မားလာစေတဲ့ အချက်လို့ဆိုပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ ဥာဏ်ကောင်းတယ်၊ ဥာဏ်ရည်မြင့်တယ်ဆိုတာ မှတ်ဥာဏ်ကောင်းတာသက်သက်နဲ့ တိုက်ရိုက်အချိုးမကျနေပါဘူး။

များများမှတ်မိရင် ဥာဏ်ရည်ပိုကောင်းတာပဲ လို့ လူအတော်များများထင်ခဲ့ကြပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ ဦးနှောက်ဟာ ကွန်ပျူတာတစ်လုံးလို မှတ်သားနိုင်စွမ်းထက်ပိုမိုတဲ့ လုပ်ငန်းဆောင်တာတွေရှိပါတယ်။ ကျွန်တော်တို့ဦးနှောက်မှာ မှတ်ဥာဏ်အပိုင်းအစတွေကို သိုမှီးထားတဲ့ Hippocampus လို့ခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းပါရှိပါတယ်။ သူက လူရဲ့ ရေတိုမှတ်ဥာဏ်ကို ရေရှည်မှတ်ဥာဏ်အဖြစ် ပြောင်းလဲသိုမှီးပေးခြင်းအလုပ်ကို လုပ်ပါတယ်။

သူ့ရဲ့ပြောင်းလဲပေးမှုမှာ ရေတိုထဲကနေ မလိုအပ်တဲ့ အပိုကိစ္စနဲ့ မှတ်ဥာဏ်ကို ဖယ်ထုတ်မှုက ဦးနှောက်ဥာဏ်ရည်မြင့်တာနဲ့ ဆက်စပ်တဲ့ စွမ်းရည်ပါပဲ။ ဦးနှောက်ထဲမှာ မှတ်ဥာဏ်တွေ လိုအပ်တာထက်ပိုပြီး စုပုံရှုပ်ပွလာရင် ဦးနှောက်ဟာ သူ့အလုပ်သူလုပ်ဖို့ အခက်တွေ့ပြီး အရေးကြီးဆုံးဖြတ်ချက်တွေကို အသက်ဝင်စေဖို့ ခက်ပါတယ်။ ဦးနှောက်ဟာ မလိုတဲ့မှတ်ဥာဏ်အဟောင်းတွေကိုဖျက်ပြီး မှတ်ဥာဏ်အသစ်တွေကိုရေးပါတယ်။ ဒါကြောင့် မေ့လျော့ခြင်းဟာ ကိုယ့်ဦးနှောက်အတွက် ပုံမှန်အလုပ်တစ်ခုပါပဲ။ ဒါဟာ လူတော်တစ်ယောက်ရဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ်ပြီး ဦးနှောက်ရဲ့ဥာဏ်ရည်မြင့်ခြင်းလက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။

ဦးနှောက်ဟာ အမှန်တကယ် အရေးပါ၊ အသုံးဝင်တဲ့ အချက်အလက်တွေကိုသာ သိမ်းဆည်းထားပြီး မလိုအပ်တာတွေကို ပယ်ထုတ်ဖယ်ရှားပစ်နိုင်စွမ်းမြင့်တဲ့အခါ ဒါကို ဥာဏ်ကောင်းတဲ့လူတော်တွေရဲ့စွမ်းဆောင်ရည်အဖြစ် သတ်မှတ်လို့ရပါတယ်။ ကမ္ဘာမှာ တကယ်အဆုံးအဖြတ်ဖြစ်ခဲ့တဲ့ ပိုင်နိုင်တဲ့လုပ်ဆောင်မှု၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုချပြီး လုပ်သင့်လုပ်ထိုက်တာတွေကို တကယ်ဖြစ်အောင်လုပ်နိုင်ခဲ့တာဟာ ဒီလိုဦးနှောက်ဥာဏ်ရည်မြင့်လူသားတွေကသာ စွမ်းဆောင်ပြခဲ့တာဖြစ်ပါတယ်။

ချွင်းချက်အနေနဲ့ အမြဲတမ်းလိုလို မေ့တတ်တာမျိုးဆိုရင်တော့ စောစောစီးစီး ဆေးစစ်ထားလိုက်တာက အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ဘဲ အခါအားလျော်စွာ မေ့တတ်တာမျိုးကတော့ ကျွန်တော်တို့ဦးနှောက်ဥာဏ်ရည်မြင့်မှုနဲ့ဆက်စပ်ပြီး လိုအပ်လို့ဖြစ်လာတာပါ။ နောက်တစ်ကြိမ်များ တစ်ခုခု မေ့လျော့သွားလို့ စိုးရိမ်စိတ်ဖြစ်မိနေရင် ဦးနှောက်ဟာ သူ့အလုပ်သူလုပ်နေတာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ချထားလိုက်ပါခင်ဗျာ။ ရံဖန်ရံခါ မေ့တတ်ခြင်းက ဦးနှောက်ဥာဏ်ရည်ဥာဏ်သွေးမြင့်မားခြင်းရဲ့ လက္ခဏာတစ်ခုသာ ဖြစ်ပါတယ်။

Ref: Wetpaintlife.com “Scientists Say That Being Forgetful Is Actually A Sign You Are Unusually Intelligent”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top