COVID-19 ရောဂါနဲ့ ဦးနှောက် ပျက်စီးမှုတို့ ဆက်စပ်နိုင်ချေ ရှိတယ်လို့ သုတေသီတွေ သတိပေး

8-7-2020-yyl-002.jpg

COVID-19 က ရောင်ရမ်းခြင်း၊ စိတ်ဝေဒနာ နဲ့ ကယောင်ကတန်းဖြစ်ခြင်းအပါအဝင် ပြင်းထန်တဲ့ အာရုံကြောဆိုင်ရာပြဿနာတွေကို ဖြစ်နိုင်တယ်လို့ သက်သေပြချက်အသစ်က ဆိုထားတဲ့အတွက် ဦးနှောက်ပျက်စီးတာနဲ့ COVID-19 ရောဂါတို့ ဆက်စပ်နိုင်ချေရှိတယ်လို့ သုတေသီတွေက သတိပေးခဲ့ပါတယ်။ University College London က သုတေသီတွေရဲ့ လေ့လာချက်တစ်ခုက COVID-19 လူနာ ၄၃ ဦးဟာ ဦးနှောက်ယာယီချို့ယွင်းတာ၊ ဦးနှောက်သွေးကြောပျက်တာ၊ အာရုံကြောပျက်စီးတာနဲ့ အခြားပြင်းထန်တဲ့ ဦးနှောက်ပြဿနာတွေခံစားရတဲ့ ဆိုထားပါတယ်။ ရောဂါက ဦးနှောက်ကို ပျက်စီးစေနိုင်တယ်ဆိုတဲ့ လေ့လာချက်ကို ထပ်တွေ့ခဲ့တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့်ဖြစ်တဲ့ COVID-19 ရောဂါက အဆုတ်ကို ထိခိုက်စေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖျားနာမှုဖြစ်ပေမယ့် အာရုံကြောဆိုင်ရာသုတေသီနဲ့ ဦးနှောက်အထူးကုဆရာဝန်တွေက ဦးနှောက်မှာ သက်ရောက်မှုရှိနေတဲ့ သက်သေပြချက်တွေ ထွက်ပေါ်လာတာက သူတို့ကိုစိတ်မအေးနိုင် ဖြစ်စေတယ်လို့ ပြောပါတယ်။

“အခုဆိုရင် COVID-19 ရောဂါနဲ့ လူနာတွေ သန်းချီရှိနေတဲ့အတွက် စိုးရိမ်မိတယ်။ ပြန်လည်ကောင်းမွန်လာတဲ့ လူ (၁၀) သန်းရှိမယ်ဆိုရင် အဲဒီလူတွေက မှတ်ဉာဏ်ချို့ယွင်းသွားပြီး သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ တစ်နေ့တာအသက်ရှင်နေထိုင်ဖို့ လှုပ်ရှားလုပ်ဆောင်နိုင်စွမ်းတွေကို သက်ရောက်သွားမှာကို စိုးရိမ်ပါတယ်”လို့ ကနေဒါနိုင်ငံက Western University ရဲ့အာရုံကြောဆိုင်ရာ သုတေသီတစ်ဦးဖြစ်သူ အန်ဒရီရန် အိုဝမ်က ပြောပါတယ်။

UCL လေ့လာချက်မှာ ဦးနှောက်ရောင်ရမ်းတဲ့လူနာ (၉) ဦးက ကလေးတွေပိုပြီး တွေ့ရတဲ့ Acute Disseminated Encephalomyelitis လို့ခေါ်တဲ့ ရှားပါးရောဂါအခြေအနေကို ခံစားနေရတာကို တွေ့ရပါတယ်။ သုတေသနာအဖွဲ့က သူတို့ရဲ့ဆေးခန်းမှာ တစ်လကို ADEM ရောဂါနဲ့ အရွယ်ရောက်ပြီးသား လူနာတစ်ဦးလောက်ပဲ တွေ့ရပေမယ့် လေ့လာစမ်းသပ်တဲ့ကာလအတွင်းမှာ တစ်ပတ်ကို အနည်းဆုံး တစ်ဦးထိ တိုးသွားခဲ့တယ်လို့ ဆိုပါတယ်။ “ရောဂါဖြစ်တာ လတော်တော်ကြာပေမယ့် COVID-19 ကြောင့်ဖြစ်ရတဲ့ ရေရှည်ပျက်စီးမယ့်အရာကို ကျွန်တော်တို့မသိရသေးပါဘူး။ လူနာ ရလဒ်ကောင်းဖို့အတွက် အာရုံကြောဆိုင်ရာပြဿနာတွေကို ဆရာဝန်တွေက စောစောသိမြင်ဖို့လိုတယ်”လို့ သုတေသီခေါင်းဆောင် ရိုစ် ပီတာဆန်က ပြောပါတယ်။

အန်ဒရီရန် အိုဝမ်ဟာ COVID-19 ရောဂါရကတည်းက လူနာတွေရဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေ ပြောင်းလဲသွားလားသိရဖို့အတွက် စမ်းသပ်ချက်တွေပြုလုပ်ပေးဖို့ လူနာတွေ Sign up လုပ်နိုင်တဲ့ covidbrainstudy.com မှ နိုင်ငံတကာသုတေသန ပရောဂျက်တစ်ခုကို လုပ်ဆောင်နေတာပါ။ “COVID-19 ရောဂါက လူအရေအတွက်များစွာကို ထိခိုက်နေတာပါ။ ဒါကြောင့် အခုဆိုရင် ဒီအချက်အလက်တွေကို စုဆောင်းထားဖို့ အရမ်းအရေးကြီးပါတယ်”လို့ အိုဝမ်က ပြောပါတယ်။

Ref: Reuters “Scientists warn of potential wave of COVID-linked brain damage”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top