အထီးကျန်ခြင်းကို ဘယ်လိုတွန်းလှန်မလဲ

33184051_163439787839886_1460801704030109696_o.jpg

အထီးကျန်တယ်ဆိုတဲ့ ခံစားချက်ဟာ လုံးဝ ကသိကအောက်ဖြစ်စရာကောင်းပြီး လူတိုင်းလိုလိုလည်း ခံစားဖူးကြပါတယ်။ အသက်ကြီးလာလေလေ ကိုယ်ပိုင်တိုက်ခန်းထဲ တစ်ယောက်တည်း နေရတဲ့ခံစားချက်မျိုးကို ခံစားရလာလေလေပါပဲ။

တစ်ယောက်တည်း ဘယ်လိုရှင်သန်နေထိုင်မလဲဆိုတာက စိန်ခေါ်မှုတစ်ရပ်ဆိုပေမယ့် လုံးဝမဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ အချိန်တိုင်းလိုလို အထီးကျန်နေရတယ်ဆိုပေမယ့် အမြဲတမ်း သင်တစ်ယောက်တည်းဖြစ်နေတာ မဟုတ်ဘူးဆိုတာကိုတော့ လက်ခံနိုင်ရပါမယ်။

တစ်ယောက်တည်းလာပြီး တစ်ယောက်တည်းပြန်ရမယ်ဆိုတဲ့ ဆိုရိုးရှိပေမယ့် ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမှီ ဆိုတဲ့စကားပုံကလည်းရှိပါသေးတယ်။ ဒါကြောင့် အထီးကျန်ခြင်းနဲ့ အထီးကျန်ခြင်းကိုခံစားနေရတယ်ဆိုတဲ့ ခံစားချက်နှစ်ခုက မတူညီဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုအပ်ပါတယ်။ တစ်ယောက်တည်း အချိန်ကုန်တာကောင်းပေမယ့် သင့်အနေနဲ့ သီးသန့်ကြီးဖြစ်နေတယ်လို့ ခံစားရရင်တော့ သင့်ကို ပိုလို့သက်တောင့်သက်သာဖြစ်လာစေပြီး အထီးကျန်ခြင်းကိုလျော့နည်းနိုင်စေမယ့် အခုပြောပြပေးတဲ့နည်းလမ်းလေးတွေကို လိုက်နာကြည့်လိုက်ပါ။

၁။ သူငယ်ချင်းတွေကို အလည်ခေါ်ပါ

အတိုင်ပင်ခံ ဒေးဗစ် ဘန်းနက်တ် (David Bennett) က Elite Daily ကို “သင်တစ်ယောက်တည်းနေရလို့ အမြဲတမ်းတစ်ယောက်တည်းပဲ ဖြစ်နေရမယ်လို့မဆိုလိုပါဘူး” ဆိုပြီး ပြောပါတယ်။ “လူတော်တော်များများ အထီးကျန်နေရတယ်ဆိုတာကို မင်းသိရင် အံ့ဩကောင်းအံ့ဩသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ပထမခြေလှမ်းအနေနဲ့ သူတို့ကို မင်းဆီအလည်ခေါ်ပါ” တဲ့။

ဘာမှထွေထွေထူးထူး လုပ်စရာမရှိဘူးဆိုရင်တောင်မှ ပါတီပေးတာမျိုးဖြစ်ဖြစ် လုပ်လိုက်ပါလို့ ဘန်းနက်တ်က ဆိုပါတယ်။ သူငယ်ချင်းတွေကို အိမ်အလည်ခေါ်ပြီး ဗီဒီယိုဂိမ်းကစားတာ၊ ရုပ်ရှင်ကြည့်တာနဲ့ ရိုးရိုးရှင်ရှင်း တခြားအပေါင်းအသင်းတွေနဲ့စုပြီး ပျော်ရွှင်မှုကို ရှာနိုင်ပါတယ်။

“လူတွေနဲ့ဆက်ဆံဖို့ အကြောင်းအရင်းရာ၊ ထောင်ချီရှိတဲ့အတွက် ရှာဖွေပြီး အသုံးပြုလိုက်ပါ” လို့လည်း ဘန်းနက်တ်က အကြုံပြုထားပါတယ်။

၂။ အိမ်ပြင်ထွက်ပေးပါ

တစ်ခါတလေ အထီးကျန်တယ်ဆိုတဲ့ခံစားချက်ဟာ အပြင်မထွက်ပဲ အိမ်ထဲမှာပဲ ရုပ်ရှင်ကြည့်လိုက်၊ စားလိုက်၊ အိပ်လိုက်လုပ်နေတာကြောင့်လည်းပါပါတယ်။
“အခန်းထဲမှာ တစ်ယောက်တည်းနေတာကြာလာတဲ့အခါ အထီးကျန်တာနဲ့ ထောင်ချောက်ထဲမိသလို ခံစားချက်မျိုးတွေ စတင်ခံစားလာရတတ်ပါတယ်” လို့ ဘန်းနက်တ်က Elite Daily ကို ပြောထားပါတယ်။ အလုပ်တွေကို ကော်ဖီဆိုင်ထိုင်ပြီး လုပ်တာဖြစ်ဖြစ်၊ ပန်းခြံထဲလမ်းလျှောက်တာမျိုးဖြစ်ဖြစ် ပြုလုပ်ကြည့်ပါ။

မသိတဲ့သူတွေချည်း သင့်အနားမှာရှိနေတယ်ဆိုရင်တောင် အနည်းဆုံးလူတွေကြား ရှင်သန်နေရတယ်ဆိုတာက တစ်ယောက်တည်းနေပြီး အထီးကျန်နေရတာထက်တော့ပိုသာပါတယ်။

၃။ သင့်ကိုလိုအပ်နေတဲ့သူတွေကို အချိန်ပေးပါ

Dr. ဘရက်ဒ်လေ နယ်လ်ဆင် (Dr. Bradley Nelson) ကနေပြီး “ကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းနေရတဲ့ သူငယ်ချင်းတစ်ယောက်လောက် မင်းမှာရှိလား” ဆိုပြီးမေးခဲ့ပါတယ်။ သင့်သူငယ်ချင်းရဲ့ပြဿနာတွေကို နားထောင်ပြီး အကြံဥာဏ်တွေ ကူစဉ်းစားပေးတာက သင့်ရဲ့ဦးတည်ချက်နဲ့ စိတ်ကို အပြောင်းအလဲဖြစ်စေပါတယ်။

Dr. နယ်လ်ဆင် က Elite Daily ကို “အထီးကျန်တာနဲ့ တစ်ကိုယ်တည်းဖြစ်နေတဲ့ခံစားချက်ကို တွန်းလှန်ဖို့အကောင်းဆုံးနည်းလမ်းက ကိုယ်တိုင်အပြင်ထွက်ပြီး တခြားသူတွေကို အကူအညီပေးတာပဲ” လို့ ပြောပြခဲ့ပါတယ်။ ဒီအရာဟာ သင့်ကိုယ်သင်နဲ့ သင့်အခက်အခဲတွေကို အာရုံစိုက်မှုလျော့နည်းစေကာ သင့်ရဲ့အကူအညီကိုလိုအပ်နေတဲ့ တခြားတယောက်ဆီစိတ်ရောက်ပြီး သင့်ကိုယ်သင်လည်း အရေးပါတဲ့သူအဖြစ် ခံစားလာရစေပါတယ်။

၄။ လူမှုကွန်ရက်တွေက အဖြေမဟုတ်ပါဘူး

မာလေ ယော့စ် (Merle Yost) ကတော့ လူမှုကွန်ရက်တွေပေါ်ကနေ အဆက်အသွယ်လုပ်တာနဲ့ စာတိုတွေပေးပို့တာထက် သူငယ်ချင်းအချင်းချင်း အပြင်မှာတွေ့ပြီး မျက်နှာချင်းဆိုင်စကားပြောကြတာက ပိုလို့အကျိုးရှိကြောင်း ပြောပါတယ်။

“ဖေ့စ်ဘွတ်ခ် (Facebook) နဲ့ အင်စတာဂရမ် (Instagram) လောက်နဲ့ မလုံလောက်ပါဘူး။ လူတွေနဲ့ စကားပြောဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့၊ ရုပ်ရှင်ကြည့်ဖို့နဲ့ တခြားကိစ္စတစ်ခုခုကို အကြောင်းပြုပြီး လူတွေနဲ့အပြင်မှာ ထိတွေ့ဆက်ဆံပေးနေဖို့ လိုအပ်ပါတယ်”

လူမှုကွန်ရက်တွေက တကယ်ကောင်းတယ်၊ အကူအညီရတယ်ဆိုပေမယ့် ကိုယ်ချစ်တဲ့လူတစ်ယောက်ကို ပွေ့ဖက်ရတာနဲ့ သူနဲ့အတူတူ အပြင်မှာတွေ့ပြီး ရယ်မောစကားပြောရတာ ပိုကောင်းတယ်ဆိုတာကိုတော့ သင်လက်ခံနိုင်ဖို့လိုအပ်ပါတယ်။

၅။ တစ်ယောက်တည်းဖြစ်နေရင်တောင် အပြင်ထွက်စားပါ

“အထီးကျန်ခြင်းကို ထိုးစစ်ဆင်နိုင်မယ့် အဓိကသော့ချက်က သင်မကြာခဏသွားနိုင်မယ့် စားသောက်ဆိုင်နေရာ သုံး၊ လေးခုကို ရှာဖွေထားတာပါ” လို့ Elite Daily ကို ယောစ့်က ပြောကြားခဲ့ပါတယ်။ “အလုပ်သမားတွေကို သိလာမယ်။ သင်က သူတို့နာမည်ကို မေးမယ်။ သူတို့က သင့်နာမည်ကို မှတ်မိလာမယ်။ ပြီးရင် သင်ဘာကြိုက်တတ်ပြီး ဘာတွေစားတတ်တယ်ဆိုတာကို သိမယ့်သူတွေ ရှိလာပါလိမ့်မယ်။”

တစ်ယောက်တည်း ထမင်းစားနေရတယ်ဆိုရင်တောင်မှ စာအုပ်ကောင်းလေးတစ်အုပ်နဲ့ အဖော်ပြုလိုက်ပါ။ ယောစ့်ပြောသလိုပဲ သင်နှစ်ခြိုက်တဲ့ ကော်ဖီဆိုင်ကို မကြာခဏသွားရင်း လူတချို့ရဲ့မျက်နှာတွေကို သင်စတင်သထားမိလာပါမယ်။ မကြာခင်မှာပဲ အဆက်အသွယ်တွေ အများကြီး ရရှိလာနိုင်ပါတယ်။

၆။ တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးဖို့မကြောက်ရွံ့ပါနဲ့

တစ်ခါတရံမှာ အထီးကျန်ခြင်းဆိုတာဟာနက်နဲပြီး တညတည်းဖြေရှင်းလို့ပြီးသွားမယ့် ကိစ္စလည်းမဟုတ်ပါဘူး။ Dr. ရိုင်ယန် ဟော့ပါ (Dr. Ryan Hooper) က သူရဲ့လူနာတော်တော်များများဟာ သူတို့ကိုယ်သူတို့ တခြားသူတွေနဲ့ဆက်သွယ်ကြည့်ဖို့ ကြိုးစားခဲ့တဲ့ ခက်ခက်ခဲခဲအချိန်ကာလတွေကို ဖြတ်ကျော်ခဲ့ကြဖူးပါတယ်လို့ ပြောကြားခဲ့ပါတယ်။

“သူတို့ကို ကော်ဖီဆိုင်သွားဖို့၊ ပန်းချီပြခန်းသွားဖို့ ခေါ်တဲ့သူငယ်ချင်းတွေနဲ့ ဆက်ဆံဖို့တောင် လူမှုပတ်ဝန်းကျင်ကို ကြောက်ရွံ့တွေဝေနေခဲ့ရတဲ့ အချိန်တွေရှိခဲ့ဖူးပါတယ်” လို့ Dr. ဟော့ပါက ပြောကြားပါတယ်။ ဆရာဝန်နဲ့ သူ့လူနာတွေဟာ သူတို့ကိုယ်ပိုင်မျှော်လင့်ချက်တွေကို အဖြေရှာရင်း တစ်ပတ်ချင်းစီ ကြိုးစားခဲ့ကြရတာပါလို့လည်း ဆိုခဲ့ပါတယ်။

ဒါကြောင့်မို့ သင့်ရဲ့စိတ်ကျန်းမာရေးအတွက် တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးပြီး အထီးကျန်ခြင်းကို တွန်းလှန်ဖို့လိုအပ်တယ်ဆို အကူအညီရယူဖို့အတွက် ဘာကိုမှရှက်နေစရာမလိုဘူးဆိုတာ မမေ့ပါနဲ့။ သင်ဟာ ပျော်ရွှင်မှုကို ခံစားဖို့အတွက် ထိုက်တန်ပြီး သင့်ကိုကူညီဖို့လူတွေ အများကြီးရှိနေတယ်ဆိုတာကိုလည်း အမြဲတမ်း သတိရနေဖို့ လိုပါတယ်။

 

Ref: news republic “How to deal with loneliness when living alone, according to expert”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top