စံချိန်တင်ပမာဏရှိတဲ့စိတ်ကြွဆေးတွေကို ကုန်သေတ္တာတစ်လုံးအတွင်းကနေ ဖမ်းဆီးရမိတဲ့ မလေးရှားအကောက်ခွန်ဌာန

f-meth-a-20180529-870x545.jpg

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့က တင်ပို့လိုက်တဲ့ ကုန်သေတ္တာတစ်လုံးအတွင်းကနေ စိတ်ကြွရူးသွပ်ဆေး (မက်သာဖက်တမင်း) အလေးချိန် ၁.၂ တန်ကျော်၊ ကာလတန်ဖိုး မလေးရှားရင်းဂစ် ၇၁ သန်း (အမေရိကန်ဒေါ်လာ ၁၈သန်း) ဖိုးဝန်းကျင်ကို ဖမ်းဆီးရမိခဲ့တဲ့အကြောင်း မလေးရှား အကောက်ခွန်ဌာနတာဝန်ရှိသူတွေက မေ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မေ ၂၂ ရက်နေ့တုန်းက ရန်ကုန်ကနေ မလေးရှားနိုင်ငံ၊ ကလန်ဆိပ်ကမ်းဆီ ပို့လိုက်တဲ့ ကုန်သေတ္တာအတွင်း ဒီစိတ်ကြွဆေးတွေကို တွေ့ရှိဖမ်းဆီးရမိတာဖြစ်ပြီး သံသယရှိသူ မြန်မာနိုင်ငံသား ၃ ဦးနဲ့ မလေးရှားနိုင်ငံသား ၃ ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း သိရပါတယ်။

အဲဒီစိတ်ကြွဆေးတွေကို ကွာလာလမ်ပူအခြေစိုက် ကုန်သွယ်ရေးကုမ္ပဏီတစ်ခုထံ စားသောက်ကုန်လို့ အမည်တပ်ပြီး တင်ပို့ခဲ့တာ လို့ မလေးရှား အကောက်ခွန်ဌာန ညွှန်ကြားရေးမှူးချုပ် စူဘရိုမန်နီယန်က ပြောခဲ့ပြီး ဒါဟာ မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးရမိခဲ့ဖူးသမျှထဲမှာ ပမာဏရော တန်ကြေးပါ အမြင့်မားဆုံး မူးယစ်ဆေးဝါးမှု ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

“စုံစမ်းထောက်လှမ်းမှုတွေကိုလည်း ဆက်ပြီးလုပ်နေဆဲပါပဲ။ မလေးရှားကမူးယစ်ဂိုဏ်းနဲ့ မြန်မာနိုင်ငံဘက်ကမူးယစ်ဂိုဏ်းတွေ အချိတ်အဆက်ကောင်းကောင်းနဲ့ အခုလို အရောင်းအဝယ်လုပ်နေကြတာ သေချာပါတယ်” လို့ စူဘရိုမန်နီယန်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ရွှေရောင်လက်ဖက်ခြောက်ထုပ်ပုံစံထုပ်ပိုးထားတဲ့ အဲဒီ ဖမ်းဆီးရမိစိတ်ကြွဆေးတွေကို ကွာလာလမ်ပူက မလေးရှားမူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့ရုံးချုပ်မှာ ပြသထားပါတယ်။

မြန်မာနိုင်ငံမှာ ဟီရိုအင်းလို မူးယစ်ဆေးပုံစံမျိုးကို ထုတ်လုပ်ဖြန့်ချိနေသူတွေ ရှိနေခဲ့တာ ဆယ်စုနှစ်တစ်ခုစာလောက်ကြာနေခဲ့ပြီဖြစ်ပြီး လက်ရှိကာလအတွင်း အစိုးရအုပ်ချုပ်ရေးလက်အောက်နဲ့ ကင်းကွာနေတဲ့ နယ်စပ်စည်းရိုးအနီးဒေသအတော်များများမှာ မက်သာဖက်တမင်းထုတ်လုပ်ဖြန့်ချိနေမှု အများအပြားရှိလာနေကြောင်းကိုလည်း ဒီသတင်းမှာ ဆက်စပ်ဖော်ပြထားခဲ့ပါတယ်။

Ref: Reuters “Malaysians make record bust of crystal meth, shipped from Myanmar”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top