သူ့ရဲ့အော်စကာဆုကို ယူကရိန်းအောင်ပွဲအပေါ်ယုံကြည်မှုသင်္ကေတအနေနဲ့ ယူကရိန်းသမ္မတဆီ အပ်ထားခဲ့တဲ့ မင်းသားရှောင်ပိန်း

8-11-2022yyl52.jpg

အော်စကာဆုရှင် အမေရိကန်မင်းသားရှောင်ပိန်းဟာ ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးကို သူ့ရဲ့အော်စကာဆု ပေးအပ်ခဲ့ပြီး ယူကရိန်းအောင်ပွဲရတဲ့အထိ ထိန်းသိမ်းထားဖို့ ပြောခဲ့ပါတယ်။ သူက ယူကရိန်းသမ္မတကို ရုရှားနဲ့စစ်ပွဲမှာ အောင်နိုင်သွားတဲ့အချိန်ကျ သူ့ရဲ့အော်စကာဆုကို မာလီဘူမြို့ဆီ ပြန်ပြီးယူလာခဲ့ပါတဲ့။

အသက် ၆၂ နှစ်အရွယ် ရှောင်ပိန်းက ဖေဖော်ဝါရီလမှာ ယူကရိန်းစစ်ပွဲစတင်ကတည်းက ယူကရိန်းကို ထောက်ခံအားပေးခဲ့ပြီး အခုနှစ်အတွင်းမှာ ကိယက်ဗ်မြို့ကို နှစ်ကြိမ်လာရောက်ခဲ့ပြီးပါပြီ။ အခုတစ်ခေါက်ကတော့ တတိယအကြိမ်မြောက်ပါ။ အခု ကိယက်ဗ်မြို့ကို လာတဲ့အချိန်မှာ သမ္မတ ဇယ်လန်းစကီးကို သူ့ရဲ့သူငယ်ချင်းကောင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ သူ့ရဲ့အိတ်ထဲကနေ သူ့ရဲ့အော်စကာဆုကို ထုတ်ပြီး ယူကရိန်းသမ္မတရဲ့စားပွဲခုံပေါ်တင်ခဲ့တာကို တွေ့ရပါတယ်။

“ဒါက ခင်ဗျားအတွက်ပါ။ ယူကရိန်းအောင်ပွဲအပေါ်ယုံကြည်မှုသင်္ကေတတစ်ခုအနေနဲ့ပါ။ ဒါက ခင်ဗျားနဲ့အတူ ရှိနေတယ်ဆိုတာ သိရင် တိုက်ပွဲဝင်ဖို့အတွက် ကျွန်တော် ပိုကြံ့ခိုင်လာမှာ။ ခင်ဗျားတို့အနိုင်ရတဲ့အခါ မာလီဘူမြို့ဆီ ဒါပြန်ယူလာပေးပါ။ ကျွန်တော့်ရဲ့တစ်စိတ်တစ်ပိုင်းက ခင်ဗျားနဲ့အတူ ရှိတာ သိရတော့ ပိုကောင်းတာပေါ့”လို့ ရှောင်ပိန်းက ပြောပါတယ်။

သမ္မတဇယ်လန်းစကီးက ရှောင်ပိန်းရဲ့အော်စကာဆုကို လက်ခံခဲ့ပြီး သူ့ရဲ့သမ္မတရုံးက စင်တစ်ခုပေါ် တင်ထားခဲ့ပါတယ်။ သူကလည်း ရှောင်ပိန်းကို စိတ်ရင်းမှန်နဲ့ ပံ့ပိုးကူညီပေးခဲ့တာတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ Ukrainian Order of Merit ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပါတယ်။

ရှောင်ပိန်းက အော်စကာဆုပေးပွဲမှာ Mystic River (2003)၊ Milk (2008) ဇာတ်ကားတွေနဲ့ အကောင်းဆုံးမင်းသားဆု (၂) ဆုကို ရရှိခဲ့တာပါ။ ယူကရိန်းသမ္မတကို အဲဆု (၂) ဆုထဲက (၁) ဆုကို ပေးခဲ့တာပါ။ ရှောင်ပိန်းဟာ ယူကရိန်းနဲ့ရုရှားစစ်ပွဲစတင်ကတည်းက ယူကရိန်းကို ပံ့ပိုးကူညီပေးခဲ့တာကြောင့် ရုရှားသမ္မတပူတင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ကို ရုရှားနိုင်ငံတွင်း ဝင်ရောက်ခွင့်ပိတ်ပင်ခံရတဲ့ အမေရိကန်နိုင်ငံသားစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

သူက ယူကရိန်းကို ရုရှားစတင်ကျူးကျော်ဝင်ရောက်တဲ့အချိန်မှာ အဲဒီအကြောင်း မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးဖို့ ယူကရိန်းကို လာရောက်ခဲ့ပါသေးတယ်။ သူက ယူကရိန်းသမ္မတကို အလွန်လေးစားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့အပြင် ယူကရိန်းစစ်တပ်နဲ့အတူ တိုက်ပွဲဝင်ဖို့လည်း စဉ်းစားခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

Ref: TheMirror “Sean Penn hands over Oscar to Zelensky and says he can keep it ‘until Ukraine’s victory’

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top