စကားမပြောနိုင်တဲ့ သားလေးနဲ့ ဆက်သွယ်နိုင်ဖို့ လက်မှာ ကီးဘုတ်ပုံ တက်တူးထိုးခဲ့တဲ့ မိခင်

mother.jpg

အသက် ၁၁ နှစ်အရွယ် ဟန်တာဖလက်ချာ (Hunter Fletcher) က အော်တစ်ဇင် (Autistic) အခြေအနေရှိပြီး စကားမပြောနိုင်ပါဘူး။ စကားမပြောနိုင်ပေမဲ့ တက်ဘလက်၊ ဖုန်း၊ လက်သင်္ကေတနဲ့ ခန္ဓာကိုယ်အမူအရာတွေကို သုံးပြီး ဆက်သွယ်လေ့ရှိပါတယ်။ ဟန်တာဟာ စကားပြောစက် (AAC device) သုံးနေတာ နှစ်တော်တော် ကြာပါပြီ။

ဒါပေမဲ့ ရေကူးထွက်တဲ့အခါမျိုးမှာ စက်ကို ရေထဲယူသွားလို့မရတာကြောင့် သားဖြစ်သူ စိတ်အနှောင့်အယှက်ဖြစ်ရတာကို ဂျက်ဆီကာ သတိထားမိခဲ့ပါတယ်။ တနေ့မှာတော့ စားသောက်ဆိုင်တစ်ဆိုင်ကို သွားရင်း ဟန်တာရဲ့ တက်ဘလက် ဘက်ထရီ ကုန်သွားခဲ့ပါတယ်။ ဂျက်ဆီကာက စာရွက်ပေါ်မှာ အက္ခရာတွေ ရေးပေးပြီး မှာချင်တဲ့ဟင်းကို ထောက်ပြခိုင်းပေမဲ့ အဆင်မပြေခဲ့ပါဘူး။ အဲဒီနောက် ဟန်တာက စာရွက်ကို နောက်ကျောဘက်လှန်လိုက်ပြီး သူ့မှတ်ဉာဏ်ထဲက ကီးဘုတ်ပုံစံကို ရေးဆွဲကာ စားချင်တာကို လက်ချောင်းလေးနဲ့ စာရိုက်ပြခဲ့ပါတယ်။

ဒီအဖြစ်အပျက်က မိခင်ဖြစ်သူ ဂျက်ဆီကာကို အတွေးတစ်ခု ဝင်စေခဲ့ပါတယ်။ ဂျက်ဆီကာက တက်တူးဆိုင်ကိုသွားပြီး သူ့ရဲ့ဘယ်ဘက်လက်ဖျံပေါ်မှာ ကီးဘုတ်ပုံစံနဲ့အတူ ပြုံးပြနေတဲ့မျက်နှာ၊ ဝမ်းနည်းနေတဲ့မျက်နှာနဲ့ “မေမေ့ကို ချစ်တယ်” ဆိုတဲ့ တက်တူးတစ်ခု ထိုးခဲ့ပါတယ်။ အခုချိန်မှာတော့ ဟန်တာရဲ့ AAC device ဘက်ထရီကုန်တာပဲဖြစ်ဖြစ်၊ မေ့ကျန်ခဲ့တာပဲ ဖြစ်ဖြစ်၊ ရေကူးကန်ကိုသွားတဲ့အချိန်ပဲ ဖြစ်ဖြစ် သူ့အမေရဲ့လက်မောင်းပေါ်က ကီးဘုတ်ပုံစံ တက်တူးကို နှိပ်ပြီး စကားပြောလို့ ရပြီ ဖြစ်ပါတယ်။

ဂျက်ဆီကာက သူ့တက်တူးကို သူ့သားလေး နှိပ်ပြီး စကားပြော ဆက်သွယ်နေတဲ့ ဗီဒီယိုကို ဖေ့ဘွတ်ခ်ပေါ် တင်ခဲ့ရာမှာ ကြည့်ရှုမှုအကြိမ်ရေ သန်း ၁၀၀ ကျော် ရှိခဲ့ပါတယ်။ “ငါ့သားလေးအတွက် စကားပြောနိုင်မယ့် နည်းလမ်းတစ်ခု ပိုရမယ်ဆိုရင် ငါ့ခန္ဓာကိုယ်မှာ အမာရွတ် ထောင်ချီ ဖြစ်သွားရင်တောင် လုပ်မှာပါပဲ” လို့ ဂျက်ဆီကာက ရေးသားခဲ့ပါတယ်။

ဂျက်ဆီကာအတွက်တော့ ဒါဟာ တက်တူးတစ်ခုထက် ပိုပါတယ်။ ဘယ်စက်ပစ္စည်းတွေပဲ ပျက်သွားပါစေ၊ သူ့သားလေး အသံမဲ့ (ဆက်သွယ်မရ) သွားမှာမျိုးကို မလိုလားတဲ့ မိခင်မေတ္တာရဲ့ ပြယုဂ်တစ်ခုပါပဲ။

Ref: See the Interactive Tattoo 1 Mom Got to Help Son With Autism Communicate

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top