သွားလေသူ သမီးလေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနေတဲ့ ဖခင်တစ်ဦး

8-6-2022-yyl28.jpg

ဘာမင်ဂမ်မြို့က ဆာဂျ်ဟီ အာမက်တ် ဆိုသူအမျိုးသားဟာ ၂၀၁၇ ခုနှစ်မှာ အသက် ၇ နှစ်အရွယ် သမီးလေး မာရမ်ကို ဆုံးရှုံးလိုက်ရပါတယ်။ မာရမ်က သားအိမ်ကင်ဆာနဲ့ သေဆုံးသွားခဲ့တာပါ။ မာရမ်မသေဆုံးခင်က သူ့အဖေကို ​ပြောခဲ့ဖူးပါတယ်။ သူ့အတွက် ဘာမဆိုလုပ်ပေးနိုင်ရင် အာဖရိကမှာ အခက်အခဲဖြစ်နေတဲ့လူတွေကို သွားကူညီပေးပါတဲ့။

အခုဆိုရင် ၃၇ နှစ်အရွယ် ဆာဂျ်ဟီက သူ့သမီးလေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ အာဖရိကကျေးရွာမှာ ရေတွင်းတူးပေးဖို့နဲ့ ဗလီဆောက်ပေးဖို့အတွက် ရန်ပုံငွေ ပေါင် ၁၀၀,၀၀၀ ရှာနိုင်ခဲ့ပါတယ်။အခုနှစ် ဇန်နဝါရီနဲ့ ဧပြီလအတောအတွင်းမှာလည်း ဆာဂျ်ဟီက ရန်ပုံငွေ ပေါင် ၂၀,၀၀၀ ရှာနိုင်ခဲ့ပါတယ်။ အဲဒီရန်ပုံငွေနဲ့ တန်ဇန်နီးယားက မိဘမဲ့ကလေးတွေအတွက် အစ်နေ့မှာ ဝတ်ဆင်ဖို့ အဝတ်အစားတွေနဲ့ လူငယ်တွေအတွက် စာအုပ်နဲ့ အစားအစာတွေ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

National Express West Midlands လုပ်ငန်းရဲ့ လက်ထောက်အော်ပရေရှင်းမန်နေဂျာဖြစ်တဲ့ ဆာဂျ်ဟီက “ကျွန်တော့်သမီးလေး မသေဆုံးခင် နှစ်ပတ်အလိုမှာ အာဖရိကမှာ ငွေကြေးမပြေလည်တဲ့သူတွေအတွက် ရေတွင်းတွေ တူးဖော်တပ်ဆင်ပေးချင်တယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ဒါက ကျွန်တော့်အတွက် အရေးကြီးတယ်။ သမီးလေးအတွက် ဒါကို ကြိုးစားပြီးလုပ်ပေးတယ်”လို့ ပြောပါတယ်။

“ကျွန်တော့်မိသားစု၊ သူငယ်ချင်းတွေနဲ့ ဒေသခံတွေရဲ့ ပံ့ပိုးကူညီမှုမပါဘဲနဲ့ ဒါတွေက မဖြစ်နိုင်ပါဘူး။ အားလုံးရဲ့အကူအညီကြောင့် သမီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ထာဝရကျေးဇူးတင်နေပါတယ်။ တန်ဇန်းနီးယားရွာတွေမှာ ကျွန်တော်တွေ့ခဲ့တဲ့ လူတွေက ဘာမှမရှိကြဘူး၊ ဒါကြောင့် ကျွန်တော်တို့အတွက် ဒီပြောင်းလဲမှုလေးတွေက သူတို့အတွက် ကြီးမားတဲ့ ကွာခြားမှု ဖြစ်စေတယ်”လို့ ဆာဂျ်ဟီက ဆက်ပြီး ပြောပြခဲ့ပါတယ်။

ဆာဂျ်ဟီက ဗြိတိန်အခြေစိုက် ပရဟိတ အဖွဲ့အစည်း Islamic Help နဲ့ လက်တွဲလုပ်ကိုင်ပါတယ်။ အဲဒီအဖွဲ့အစည်းရဲ့ မိုဟာမက်တ် အီရာစ်က ဆာဂျ်ဟီအကြောင်း အခုလိုပြောပါတယ်။ “ဆာဂျ်ဟီ လုပ်ပေးခဲ့တာတွေကို စကားလုံးနဲ့တင် ဖော်ပြလို့မရနိုင်သလို သွားလေသူ သူ့သမီးလေးကို အမှတ်ရတဲ့အနေနဲ့ ကမ္ဘာ့အဆင်းရဲဆုံးလူတချို့ကို ကူညီပေးခြင်းဖြင့် ပြသခဲ့တဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ကျိုးမငဲ့မှုတွေကိုလည်း စကားလုံးတွေနဲ့တင် ထင်ဟပ်ပြလို့မရနိုင်ပါဘူး”

နိုဝင်ဘာလကျရင် ဆာဂျ်ဟီက တန်ဇန်းနီးယားမှာ မကြာသေးခင်ကမှ ဆောက်လုပ်ပြီးသွားတဲ့ ဗာလီနဲ့ တူးဖော်တပ်ဆင်ပြီးသွားတဲ့ ရေတွင်းတွေကို သွားရောက်ကြည့်ရှုမှာဖြစ်ပြီး ​​ဒေသခံတွေအတွက် ကုရ်အာန်ကျမ်းစာအုပ်(Quran)နဲ့ ဖိနပ်တွေအပြင် အဝတ်အစားတွေကို ပြုပြင်ချုပ်လုပ်နိုင်ဖို့ အပ်ချုပ်စက်တွေကိုလည်း ပေးခဲ့ဦးမှာပါ။

Ref: BBC “Birmingham father raises £100,000 in daughter’s memory”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top