ဓါတ်အားခပြောင်းလဲမှုကြောင့် သုံးစွဲယူနစ် ၂၁.၉ သန်း လျော့နည်းခဲ့

epc_01.jpg

ဓါတ်အားခတွေကို စတင်တိုးမြှင့်ကောက်ခံမယ်လို့ အသိပေးကြေညာခဲ့ပြီးနောက်ပိုင်း ရန်ကုန်တိုင်းမှာ ဇွန်လကထက် ဇူလိုင်လမှာ သုံးစွဲယူနစ် ၂၁.၉ သန်း လျော့နည်းခဲ့တယ်လို့ စက်တင်ဘာ ၉ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး(YESC)ရှင်းရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

အခုလိုကြေညာခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ မီးသုံးစွဲသူ ၁.၃၈ သန်း မီးသုံးစွဲမှု လျော့ကျ ခဲ့တဲ့အပြင် ဓာတ်အားခနှုန်းထား ပြောင်းလဲကောက်ခံမှုတွေအရ တောင်းခံငွေ ၃၆၈၈၁.၂၄ သန်းကိုလည်း ပိုမို တောင်းခံနိုင်ခဲ့တယ်လို့ YESC က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
”မီတာခတွေ ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်တဲ့အတွက် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲတဲ့ အနေ အထားလေးတွေ၊ စည်းနဲ့ကမ်းနဲ့ သုံးစွဲရမယ်ဆိုတဲ့ အနေအထားလေးတွေဖြစ်လာပါတယ်။ အရင်တုန်းကတော့ လျှပ်စစ်ဓာတ်အားကို ပေါပေါလောလောနဲ့ သုံးနေကြတာပါ”လို့ ဦးမောင်မောင်လတ်က ပြောပါတယ်။

အဲဒီပိုမိုကောက်ခံရရှိတဲ့ဓာတ်အားခတွေဟာ အိမ်သုံးမဟုတ်တဲ့အမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲသူ တွေထံကနေ အများစုဖြစ်တဲ့အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲသူတွေအနေနဲ့ ဓာတ်အားခ ပေးဆောင်ရာမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူးလို့လည်း YESC တာဝန်ရှိသူတွေက ရှင်းလင်းခဲ့ပါတယ်။

အိမ်သုံးအမျိုးအစား ဓာတ်အားခပေးဆောင်မှုအနေနဲ့ အခြေခံလူတန်းစား မီးသုံးသူဦးရေ ၂၆ ရာခိုင်နှုန်း လောက်ရှိပြီး အများဆုံး ၁၁၇၅ ကျပ်သာ ပိုမိုကျသင့်မှာဖြစ်ပါတယ်။ လူလတ်တန်းစားများအနေနဲ့ မီးသုံးသူဦးရေ ၃၈ ရာခိုင်နှုန်းလောက်ရှိပြီး အများဆုံး ၁၀၀၅၀ ကျပ်သာ ပိုမိုပေးဆောင်ရမှာ ဖြစ်ပါတယ်။

အိမ်သုံးမဟုတ်တဲ့ အမျိုးအစား ဓာတ်အားခပေးဆောင်မှုအနေနဲ့ လစဉ် ၁ ယူနစ်ကနေ ၅၀၀ ယူနစ်ထိ သုံးစွဲသူ ၆၉ ရာခိုင်နှုန်း၊ ၅၀၁ ယူနစ်ကနေ ၅၀၀၀ ယူနစ်ထိ သုံးစွဲသူ ၂၅ ရာခိုင်နှုန်းနဲ့ ၅၀၀၀ ယူနစ်အထက် သုံးစွဲသူတွေဟာ ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းသာ ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ မီးသုံးစွဲသူဦးရေ ၁၃ သိန်းကျော်ရှိတဲ့အပြင် ရန်ကုန်မြို့ဟာ စီးပွားရေး မြို့တော်ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းကို သုံးစွဲနေရတာပါ။ ဓာတ်အားခနှုန်းထားတွေကို ဇူလိုင် ၁ ရက်ကနေစတင်ပြီး ပြောင်းလဲတိုးမြှင့်ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top